ခေတ်ဟောင်းသတင်းစာများထဲက မေ (၃)

ခေတ်ဟောင်းသတင်းစာများထဲက မေ (၃)
Published 16 May 2021

ပဲခူးမြို့၌ မြေငလျင်ပြင်းထန်စွာလှုပ်၍ ရွှေမော်ဓောစေတီ ပြိုကျပျက်စီး (၅.၅.၁၉၃၀)

၁၉၃၀ ပြည့်နှစ် မေလ ၅ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်အချိန်တွင် မြေငလျင်ပြင်းထန်စွာလှုပ်မှုကြောင့် ပဲခူးမြို့ ရွှေမော်ဓောစေတီတော်ကြီး ပြိုကျပျက်စီးခဲ့ရကြောင်းကို သတင်းမှတ်တမ်းတစ်စောင်၌ တွေ့ရှိရပါသည်။ ရွှေမော်ဓောစေတီတော်သည် ငလျင်ဒဏ်ကြောင့် ခေါင်းလောင်းပုံ တစ်ခြမ်းအထိ အရှေ့တောင်ထောင့် ရင်ပြင်ပေါ်သို့ ပြိုကျပျက်စီးခဲ့ရသည်။ ပဲခူးမြို့ပေါ်ရှိ တိုက်တာ၊ ကျောင်း၊ သိမ်၊ ဇရပ်များမှာလည်း ပြိုကျပျက်စီးခဲ့ရပြီး လူတစ်ရာကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရ၏။ မြေငလျင်မှတ်တမ်းများအရ ပဲခူးမြို့ ရွှေမော်ဓောစေတီ ပြိုကျပျက်စီးခဲ့ရ သည့် အကြိမ်ပေါင်းမှာ ၃၂ ကြိမ်ရှိခဲ့သည်ဟု ဆိုပါသည်။

ငလျင်ဒဏ်ကြောင့် ပြိုကျပျက် စီးခဲ့ရသော ရွှေမော်ဓောစေတီကို ၁၉၄၇ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးက ပြန်လည်ပြုပြင်တည်ဆောက်ရန် ပန္နက်ချပေးခဲ့သည်ဆို၏။ ထို့နောက် စေတီတော်ကြီးအား ပြန်လည်ပြင်ဆင်ခဲ့ရာ ထိုခေတ်ကာလ ကုန်ကျငွေ သိန်း ၄၀ ရှိခဲ့ပြီး စိန်ဖူးတော်၏ တန်ဖိုးမှာ ခုနစ်သိန်းခန့်နှင့် ငှက်မြတ်နား၏တန်ဖိုးမှာ ၁၆ သိန်းခန့်ရှိသည် ဆိုပါ၏။

ကမ္ဘာကျော် မျက်မမြင်စာရေးဆရာမကြီး ရန်ကုန်မြို့သို့ ရောက်ရှိ (၁၂.၅.၁၉၅၅)

အမေရိကန်နိုင်ငံသူ ကမ္ဘာကျော် မျက်မမြင်စာရေးဆရာမကြီး ဟယ်လင်ကဲလားသည် ၁၉၅၅ ခုနှစ် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၄၀ တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ လေဆိပ်သို့ KLM လေယာဉ်ဖြင့် ဆိုက်ရောက်လာကြောင်း နောက်တစ်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြထားသည်ကို တွေ့ရှိရသည်။ ဟယ်လင်ကဲလားသည် ဘန်ကောက်မြို့မှတစ်ဆင့် အဖော်ဖြစ်သူ မေရီသွန်မဆင်နှင့်အတူ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ မစ္စကဲလားအား နိုင်ငံခြားရေးရုံးမှ သံတမန်မိတ် ဆက်ဌာနကြီးမှူး ဦးတင်မောင်ကြီးက လေဆိပ်၌ ကြိုဆိုခဲ့သည်။

မစ္စကဲလားသည် မျက်စိမမြင်၊ နားမကြားသူများအား ထောက်ပံ့စောင့်ရှောက်ရေးအတွက် ကမ္ဘာအနှံ့ ခရီးလှည့်လည်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၌ ရက်သတ္တတစ်ပတ်ကြာ နေထိုင်စဉ်အတွင်း ကြည့်မြင်တိုင်ရှိ စိန့်မိုက်ကယ် မျက်မမြင်ကျောင်း၊ တင့်ခ်လမ်းရှိ မျက်မမြင်၊ နားမကြားကျောင်းများသို့ သွားရောက်လည်ပတ် ကြည့်ရှုခဲ့ကြောင်း သိရှိရ၏။ ထို့ပြင် မေလ ၁၄ ရက်နေ့ ညပိုင်းတွင်လည်း နိုင်ငံတော်ဝန်ကြီးချုပ်က ညစာစားပွဲနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။

ပထမဆုံးအကြိမ် လေထီးသင်တန်း ကျောင်းဆင်းပွဲ (၁၄.၅.၁၉၅၇)

၁၉၅၇ ခုနှစ် မေ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမအကြိမ် လေထီးသင်တန်းဆင်းပွဲအခမ်းအနားကို မှော်ဘီတပ်နယ်ရှိ မြန်မာ့တပ်မတော် ၁၀၆ လေထီးတပ်ရင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း နောက်တစ်နေ့ထုတ် သတင်းစာများ၌ သတင်း ဖော်ပြပါရှိပါသည်။

ယင်းအခမ်းအနားသို့ မြန်မာ့တပ်မတော်စစ်သေနာပတိချုပ် ကိုယ်တိုင်တက်ရောက်ခဲ့ပြီး သင်တန်းဆင်း လေထီးဆင်းတပ်သားများအား လေထီးတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲသို့ အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျ၊ ပြင်သစ်၊ တရုတ်၊ ယူဂိုဆလပ်၊ အိန္ဒိယ၊ ယိုးဒယားစစ်သံမှူးများနှင့် မြန်မာ့တပ်မတော် လေတပ်ဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်တို့အပြင် ကြည်းတပ်မတော် အရာရှိများပါ တက်ရောက်ခဲ့ကြသည်။

လေထီးဆင်းအတတ်ပညာကို ၁၉၅၅ ခုနှစ်တွင် နိုင်ငံခြားသို့ ဗိုလ်အကြပ်တပ်သားအချို့အား စေလွှတ်သင်ယူစေခဲ့ပြီးနောက် ၁၉၅၆ ခုနှစ်မှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအခါ နိုင်ငံခြားသားဆရာများမပါဘဲ ကိုယ့်ဆရာနှင့် ကိုယ်သင်ပေးနိုင် သောအခြေအနေတွင် ရှိနေပြီဖြစ်ကြောင်း၊ ပထမပတ်သင်တန်းဆင်း ဦးရေမှာ တပ်သား ၁၀၀ ကျော်ရှိကြောင်း၊ လေထီးတပ်ရင်း ယာယီတပ်ရင်းမှူး ဗိုလ်ကြီးမောင်မောင်လွင်က သတင်းစာဆရာများအား ပြောကြားခဲ့သည်။

အာရှအိုလံပစ်အားကစားပွဲတော်ကာလအတွင်း တိုကျို-မြန်မာတယ်လီဖုန်း ဆက်သွယ်စကားပြောဆိုနိုင် (၃၀.၅.၁၉၅၈)

၁၉၅၈ ခုနှစ် မေလ ၃၀ ရက်နေ့ထုတ် ဘွင်းဘွင်းသတင်းစာတွင် အာရှအိုလံပစ်အားကစားပွဲတော်ကာလ အတွင်း တိုကျိုနှင့် ရန်ကုန်မြို့များအကြား ရေဒီယိုတယ်လီဖုန်း အဆက်အသွယ်ပြုလုပ်နိုင်ကြောင်း သတင်းတစ်ပုဒ် ဖော်ပြပါရှိသည်။

လွန်ခဲ့သော မေလ ၂၄ ရက်မှ စတင်၍ လာမည့်ဇွန်လ ၄ ရက်နေ့အထိ အထူးအစီအစဉ်တစ်ရပ်အနေဖြင့် ဂျပန်နိုင်ငံ၊ တိုကျိုမြို့တော်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တော်တို့အကြား တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောဆိုနိုင်ကြမည်ဖြစ်သည်။

ယင်းသို့ ဆက်သွယ်ပြောဆိုရာတွင် ပထမ သုံးမိနစ်အတွက် ငွေကျပ် ၅၀ ကျသင့်မည်ဖြစ်ပြီး သုံးမိနစ်ထက်ကျော်လွန်ပါက တစ်မိနစ် ပိုသွားတိုင်း ငွေ ၁၇ ကျပ် ပိုမိုပေးဆောင်ရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။

အာရှအားကစားပွဲတော်တွင် ဘောလုံးပြိုင်ပွဲ၌ မြန်မာနိုင်ငံဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ရာ တိုကျိုမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့အကြား အလွယ်တကူ သတင်းပေးပို့နိုင်ရန် သက်ဆိုင်ရာက စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပေသည်။

ဆေးပညာဘွဲ့လွန်သင်တန်း ပြည်တွင်း၌ စတင်ဖွင့်လှစ် (၂၅.၅.၁၉၇၁)

၁၉၇၁ ခုနှစ် မေလ ၂၅ ရက်နေ့တွင် ဆေးပညာဘွဲ့လွန်သင်တန်းသစ် ခုနစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်း၌သာ စတင်ဖွင့်လှစ်ခဲ့ကြောင်း နောက်တစ်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြပါရှိသည်။

ယင်းဖွင့်ပွဲကို ရန်ကုန်ဆေတ က္ကသိုလ်(၁)၌ ကျင်းပရာတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာညီညီ၊ ဆေးတက္ကသိုလ် (၁) ပါမောက္ခချုပ် ဒေါက်တာဘသန်း နှင့် တက္ကသိုလ်များမှ ပါမောက္ခများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြောင်း သိရှိရ၏။

အခမ်းအနား၌ ပညာရေးဒုတိယဝန်ကြီးက ပြောကြားရာတွင် ယခင်က ခေတ်မီဆေးသိပ္ပံပညာရပ်များကို နိုင်ငံရပ်ခြားသို့သာ စေလွှတ် ပညာသင်ကြားကြရာမှ ယခုအခါ ပြည်တွင်း၌ပင် ကမ္ဘာ့အဆင့်အတန်းမီ လေ့လာဆည်းပူးနိုင်ကြပြီဖြစ်ကြောင်း ပြောကြားခဲ့၏။ ပါမောက္ခချုပ် ဒေါက်တာဘသန်းက ပြောကြားရာ၌ ဆေးပညာဘွဲ့လွန်သင်တန်း များကို ပြည်တွင်း၌ပင် စတင်ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး ဘာသာရပ် ခုနစ်မျိုးအတွက် ဘွဲ့လွန်သင်တန်းသား ၂၄ ဦးအား လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်သည်ဟု ဆိုသည်။

စာရေးဆရာကြီးဒဂုန်ရွှေမျှား ကွယ်လွန် (၂၈.၅. ၁၉၈၂)

၁၉၈၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် အသက် ၈၇ နှစ်အရွယ်ရှိစာရေး ဆရာကြီး ဒဂုန်ရွှေမျှား ကွယ်လွန်သွားကြောင်း သတင်းမှတ်တမ်းတစ်ပုဒ်ကို တွေ့ရှိရပါသည်။

ဒဂုန်ရွှေမျှား၏ အမည်အရင်းမှာ ဦးတင်ဖြစ်ပြီး ၁၈၉၅ ခုနှစ် ဇွန်လ ၂ ရက်နေ့တွင် ပြည်မြို့၌ ဦးချစ်ထွန်း၊ ဒေါ်စောကလေးတို့မှ ဖွားမြင်ခဲ့သည်။ အသက် ၁၃ နှစ်အရွယ်တွင် မိဘနှစ်ပါး ကွယ်လွန်သွားရာ အစ်ကိုနှင့် မရီးတို့၏ ထောက်ပံ့မှုဖြင့် ခေတ်ပညာကို ဆည်းပူးသင်ယူခဲ့ရ ၏။ ပြည်မြို့ အစိုးရအထက်တန်းကျောင်း၌ ပညာသင်ကြားနေစဉ်၌ ပင် သူရိယမဂ္ဂဇင်း အမှတ် ၃ ၌ ချင်းဗိုလ်မောင်တက်တူဝတ္ထုဖြင့် စာပေနယ်သို့ ဝင်ရောက်လာခဲ့သည်။

၁၉၂၃ ခုနှစ်တွင် ဒဂုန်မဂ္ဂဇင်း၌ ပါဝင်ရေးသားရာမှ ဒဂုန်ရွှေမျှား ကလောင်အမည်ဖြင့် ထင်ရှားလာခဲ့သည်။ သူရိယသတင်းစာနှင့် တိုးတက်ရေး သတင်းစာ သတင်းထောက် ကြည်တော်မူမဂ္ဂဇင်း အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ပြီး လွတ်လပ်ရေးခေတ်တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း၏ စာပြုတစ်ဦးဖြစ်လာခဲ့သည်။

ဒဂုန်ရွှေမျှားသည် ၁၉၅၉ ခုနှစ် တွင် ရော်ဘင်ဆင်ကရူးဆိုးစာအုပ်ဖြင့် စာပေဗိမာန်ဘာသာပြန်ဆု၊ ၁၉၆၃ ခုနှစ်တွင် မြို့ဝန်မင်း၏ ဘဝ ခရီးစာအုပ်ဖြင့် အမျိုးသားစာပေဆု၊ ဘာသာပြန်ဒုတိယဆု၊ ၁၉၇၄ ခုနှစ် တွင် မွန်းတည့်ရန် နှစ်မိနစ်အလို ဝတ္ထုဖြင့် စာပေဗိမာန်စာပေဆုတို့ ကို ဆွတ်ခူးရရှိခဲ့သည်။ စုံထောက် ဦးထင်ကျော်၊ ထောင်မင်းသား ဦးဖိုးထော်စသည့် ဝတ္ထုများဖြင့် ထင်ရှားခဲ့ပြီး ဘာသာပြန်ဝတ္ထုရှည် ၄၀ ခန့် ရေးသားပြုစုခဲ့၏။

ဆောင်းပါးရှင် ဆရာတင်နိုင်တိုးမှာ လွန်ခဲ့သည့် လေးနှစ်ခန့်က ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ မကွယ်လွန်မီတွင် သမိုင်းဆိုင်ရာအချက်အလက်များနှင့် ပတ်သက်ပြီး ဆောင်းပါးများ၊ စာအုပ်များရေးသားခဲ့သူ တစ်ဦးလည်းဖြစ်သည်။ ယခု ဖော်ပြထားသည့် ဆောင်းပါးမှာ ၂၀၀၆ ခုနှစ်က Weekly Eleven သတင်းဂျာနယ်တွင် ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။ ဆရာတင်နိုင်တိုး ရေးသားခဲ့သည့် သမိုင်းဆိုင်ရာအချက်အလက် ဆောင်းပါးအချို့အား ဆက်လက်ထုတ်ဝေမည့် Weekly Elevn သတင်းဂျာနယ်တွင် အလျဉ်းသင့်သလို ဆက်လက်ဖော်ပြသွားမည်ဖြစ်ပါသည်။

Most Read

Most Recent