၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၁၉၈ မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူနှင့် မဲစာရင်းထပ်နေသူ ခြောက်သန်းကျော်ရှိပြီး မဲဆန္ဒရှင်စုစုပေါင်း၏ ၂၂ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ပြောကြား

၂၀၂၀ ရွေးကောက်ပွဲတွင် မြို့နယ်ပေါင်း ၁၉၈ မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူနှင့် မဲစာရင်းထပ်နေသူ ခြောက်သန်းကျော်ရှိပြီး မဲဆန္ဒရှင်စုစုပေါင်း၏ ၂၂ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ပြောကြား
Published 15 May 2021
မင်းနိုင်စိုး

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စု နယ်မြေအတွင်းရှိ မြို့နယ်ပေါင်း ၁၉၈ မြို့နယ်၌ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူနှင့် မဲစာရင်းထပ်နေသူ ၆၀၇၅၀၉၆ ဦးရှိပြီး အဆိုပါစာရင်းသည် ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင်စုစုပေါင်း၏ ၂၂ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

နေပြည်တော်တွင် မေ ၁၅ ရက်က ပြုလုပ်သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အသုံးပြုခဲ့သည့် မဲဆန္ဒရှင်စာရင်းများ၊ ဆန္ဒမဲလက်မှတ်များနှင့် ပတ်သက်၍ ၎င်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ အသုံးပြုခဲ့သော နောက်ဆုံးမဲစာရင်း Soft Copy များကိုရယူပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စိစစ်ထုတ်ပြန်မှုများအရ မြို့နယ်ပေါင်း ၁၉၈ မြို့နယ်၊ မဲရုံပေါင်း ၂၇၁၄၈ ရုံအား စစ်ဆေးရာတွင် မြို့နယ်ကော်မရှင်စာရင်းအရ မဲဆန္ဒရှင် ၂၇၃၆၆၇၃၁ ဦး ဖြစ်ပြီး လဝကစာရင်းအရ ၂၂၂၈၃၉၀၈ ဦး သာရှိရာ ၅၀၈၂၈၂၉ ဦး ကွာခြားမှုရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။ 

“ ဒီအထဲမှာ စိစစ်ရေးကတ်မရှိတဲ့ မဲစာရင်းမှာပါဝင်နေသူ ၃၃၈၇၆၇၅ ဦး၊ နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းနဲ့ မဲစာရင်းသုံးကြိမ်နဲ့အထက် ပါဝင်နေတဲ့သူ ၂၂၅၂၈၀၊ နိုင်ငံသားစိစစစ်ရေးကတ်တစ်ခုတည်းနဲ့ မဲစာရင်း နှစ်ကြိမ်ပါဝင်နေသူ ၂၄၆၂၁၄၁ ဦး ရှိကြောင်း တွေ့ရှိရပါတယ်။ စိစစ်တွေ့ရှိချက်များအရ စိစစ်ရေးကတ်မရှိဘဲ မဲစာရင်းမှာ ပါဝင်နေသူနဲ့ မဲစာရင်းထပ်နေတဲ့သူ စုစုပေါင်း ၆၀၇၅၀၉၆ ဦးရှိကြောင်း တွေ့ရှိရပါတယ်။ ရာခိုင်နှုန်းအားဖြင့် မဲဆန္ဒရှင်စုစုပေါင်းရဲ့ ၂၂ ဒသမ ၂ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဟု ဦးခင်မောင်ဦးက ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ယခုစစ်ဆေးထုတ်ပြန်ချက်များသည် မြို့နယ်တစ်ခုချင်းအလိုက် တွေ့ရှိချက်များကိုသာ စုပေါင်းထုတ်ပြန်ထားခြင်းဖြစ်ပြီး တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်များနှင့် Cross Check ဆောင်ရွက်မည်ဆိုပါက တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသော မြို့နယ် ၃၁၀ မြို့နယ်၏ မဲမသမာမှုပြုနိုင်သော အရေအတွက်ထက် ပိုမိုများပြားနိုင်မည်ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားသည်။

မြို့နယ် ၁၉၈ မြို့နယ်၏ မဲစာရင်းများအပေါ် တပ်မတော်၏ စိစစ်ချက်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ်တွေ့ရှိချက်များကို နှိုင်းယှဉ်ရာတွင်လည်း အခြေခံမဲဆန္ဒရှင်စာရင်း ကွာခြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စိစစ်တွေ့ရှိမှုအရေအတွက်မှာ မှတ်ပုံတင်မရှိဘဲ မဲစာရင်းတွင် ပါဝင်နေသူ ၃၂၅၄၈၆ ဦး၊ တစ်ကြိမ်ထက်ပို၍ မဲစာရင်းတွင် ပါဝင်နေသူ ထပ်နေသောမဲစာရင်း ၆၂၇၆၈၂ ဦး ပိုမိုစိစစ်တွေ့ရှိရကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေ ၁၃ ခုအတွင်းရှိ မြို့နယ်ပေါင်း ၁၉၄ မြို့နယ်မှ မဲရုံပေါင်း ၂၆၄၇၃ ရုံတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်များအား မြေပြင်ကွင်းဆင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မြေပြင်ဖွင့်ဖောက် စစ်ဆေးမှုများအရ စုစုပေါင်းထုတ်ယူရရှိခဲ့သော ဆန္ဒမဲလက်မှတ်ပေါင်း ၂၉ သန်းကျော်၊ မဲပေးအသုံးပြုခဲ့သော ဆန္ဒမဲလက်မှတ်ပေါင်း ၁၈ သန်းကျော်၊ ကျန်ရှိရမည့်အရေအတွက် ၁၀ သန်းကျော်၊ မြေပြင်လက်ကျန် ၁၀ သန်း ကျော်ရှိပြီး ကွာခြားချက်အနေဖြင့် ပျောက်ဆုံးနေသာ ဆန္ဒမဲလက်မှတ်ပေါင်း တစ်သန်းကျော်နှင့် အပိုတွေ့ရှိရသော ဆန္ဒမဲလက်မှတ်ပေါင်း နှစ်သိန်းကျော်ရှိကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။

Most Read

Most Recent