လာမည့် သီတင်းပတ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိနေ

လာမည့် သီတင်းပတ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့ မြန်မာနိုင်ငံသို့ လာရောက်ရန်ရှိနေ
Published 11 May 2021
Ref: Arirang News

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုရန်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ ထိပ်တန်းတာဝန်ရှိသူများသည် လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်ထားကြောင်း တောင်ကိုရီးယားသတင်းဌာန တစ်ခုဖြစ်သည့် Arirang က ဖော်ပြခဲ့သည်။

အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် အတွင်းရေးမှူးချုပ်တို့သည် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း အာဆီယံအဖွဲ့က ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကျပ်အတည်းကို ဖြေရှင်းနိုင်ရန် အပြုသဘောဆောင်သော စေ့စပ်ဆွေးနွေးမှုများအတွက် ကြိုးပမ်းဆောင်ရွက်ပြီး မြန်မာ့အရေး အာဆီယံအထူးအစည်းအဝေးအတွင်း ရရှိခဲ့သော ဘုံသဘောတူညီချက် ငါးရပ်ကို ပိုမိုခိုင်မာစွာနှင့် လက်တွေ့ ဖော်ဆောင်သွားရန် တောင်းဆိုမှုများ ထွက်ပေါ်နေချိန်တွင် အာဆီယံ ထိပ်တန်းတာဝန်ရှိသူများက မြန်မာနိုင်ငံကို သွားရောက်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ဧပြီ ၂၄ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပခဲ့သည့် မြန်မာ့အရေး အာဆီယံ အထူးအစည်းအဝေးကို အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယားနှင့် ဘရူနိုင်းနိုင်ငံတို့၏ ခေါင်းဆောင်များနှင့် လာအို၊ ထိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လည်း တက်ရောက်ခဲ့သည်။

အဆိုပါ အစည်းအဝေးအတွင်း မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများကို ချက်ချင်းရပ်တန့်ရေးနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရေး၊  မြန်မာပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီသော အေးချမ်းသည့် ရလဒ်အဖြေတစ်ခု ထွက်ပေါ်လာရေး သက်ဆိုင်ရာ အဖွဲ့အစည်း အားလုံးအကြား အပြုသဘောဆောင်သည့် ညှိနှိုင်းဆွေးနွေးမှု ပြုလုပ်ကြရန် အပါအဝင် ဘုံသဘောတူညီချက် ငါးချက် ရရှိခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အာဆီယံအတွင်းရေးမှူးချုပ်၏ ကူညီမှုနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်က အဆိုပါ ညှိနှိုင်းဆွေးနွေးမှုတွင် ကြားဝင်စေ့စပ်ပေးရန်၊ အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးဌာနက တစ်ဆင့် လူသားချင်း စာနာထောက်ထားမှု အကူအညီများကို အာဆီယံက ပေးအပ်ရန်၊ အာဆီယံ အထူးကိုယ်စားလှယ်နှင့် ကိုယ်စားလှယ်အဖွဲ့က မြန်မာနိုင်ငံကို လာရောက်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနှင့် တွေ့ဆုံရန်လည်း ပါဝင်သည်ဟု သိရသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်သည် အာဆီယံ၏ လက်ရှိဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ဘရူနိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် မေ ၃ ရက်က လန်ဒန်မြို့မှာ တွေ့ဆုံမှုအတွင်း လွန်ခဲ့သည့်လက အာဆီယံ အထူးအစည်းအဝေးတွင် သဘောတူထားသော ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်စေရေးအတွက် အာဆီယံအနေဖြင့် မြန်မာနိုင်ငံကို ဖိအားပေးဖို့ တောင်းဆိုခဲ့ကြောင်း သိရသည်။

Ref: Arirang News

Most Read

Most Recent