လက်တင်အမေရိကနိုင်ငံများ၏ အာကာသအိပ်မက်

လက်တင်အမေရိကနိုင်ငံများ၏ အာကာသအိပ်မက်
Photo:AP
Photo:AP
Published 7 May 2021
မြတ်သက်မှူးကို

အင်္ဂါဂြိုဟ်မစ်ရှင်များ၊ နိုင်ငံတကာအာကာသစခန်းတွင် အာကာသယာဉ်မှူးများ အသွား၊အပြန်ခရီးစဉ်များစသည်တို့သည် တရုတ်နိုင်ငံ၏ အလှမ်းကျယ်လွန်းသော အာကာသစီမံကိန်း၏ တိုးတက်လာမှုများဖြစ်သည်။

အာကာသနှင့်ဆက်နွှယ်၍ ကမ္ဘာ့အချမ်းသာဆုံး၊ အကြီးဆုံးနိုင်ငံများမှ လုပ်ဆောင်ချက်များကို သတင်းများတွင်မြင်တွေ့နေရသော်လည်း လက်တင်အမေရိကနိုင်ငံလေးများက အာကာသအစီအစဉ်လုပ်ဆောင်ရန် ကြိုးပမ်းနေသည့်သတင်းမှာ လူအများ၏စိတ်ဝင်စားမှုကိုရရှိခဲ့သည်။

ဖေဖော်ဝါရီ ၁၇ ရက်၌ လက်တင်အမေရိကဒေသ၏ အဆင်းရဲဆုံးဖြစ်သည့်အပြင် ပဋိပက္ခများဖြစ်ပွားနေသည့် နီကာရာဂွာနိုင်ငံ၏ လွှတ်တော်က အာကာသအေဂျင်စီကို ဖန်တီးတည်ဆောက်ရန် ဥပဒေတစ်ရပ်ကို အတည်ပြုပေးခဲ့သည်။

နာဆာ၏အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ်သည် အင်္ဂါဂြိုဟ်ပေါ်သို့ဆင်းသက်ခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်တွင် အသင့်အတင့်ဖွံ့ဖြိုးမှုရှိပြီးတည်ငြိမ်သည့်နိုင်ငံအဖြစ် လူသိများသည့် ကော်စတာရီကာနိုင်ငံသည်လည်း အလားတူအာကာသအေဂျင်စီကို တည်ဆောက်ရန်အတည်ပြုခဲ့သည်။

ဂြိုဟ်တုနည်းပညာ၊ နိုင်ငံတကာမိတ်ဖက်များ၊ နိုင်ငံ့ဂုဏ်သိက္ခာနှင့် ဒေသတွင်းဖွံ့ဖြိုးမှုများအားလုံးကို လက်ယက်ဖိတ်ခေါ်ရသည်။ ဝေဖန်သူများကမူ မလိုအပ်ဘဲ ငွေကြေးအများအပြား သုံးစွဲရခြင်း၊အနှစ်သာရကင်းမဲ့သည့်စီမံကိန်းနှင့် မြေပြင်တွင်ဖြစ်ပေါ်နေသော ပြဿနာရပ်များကို လမ်းလွှဲမှုအဖြစ် သံသယရှိနေကြမည်မှာ မလွှဲဧကန်ပင်ဖြစ်သည်။

“အမှန်ကိုပြောရမယ်ဆိုရင် အာဖရိကနိုင်ငံတွေ အာကာသစီမံကိန်းကြေညာတဲ့အခါလိုမျိုး နီဂါရာဂွာရဲ့အာကာသစီမံကိန်းကြေညာချက်အပေါ် အံ့သြမိခဲ့တယ်။ လူမှုစီးပွားရေး ပြဿနာပေါင်းများစွာနဲ့ ရင်ဆိုင်နေရတဲ့ နိုင်ငံတွေက ဒီလိုလုပ်မယ်ဆိုတော့ဖြစ်နိုင်ပါ့မလားဆိုပြီး လူတွေမေးခွန်းထုတ်ကြမှာပဲလေ” ဟု အာဖရိက၏ အာကာသဆိုင်ရာစီမံခန့်ခွဲရေး ညွှန်ကြားရေးမှူး တီမီဒါရိုအိုနီယိုဆန်းက ပြောကြားခဲ့သည်။

“ပထမဆုံးအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံအများစုက ဖွံ့ဖြိုးမှုပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေကို  ရင်ဆိုင်ဖို့ အာကာသနည်းပညာတွေကို စိတ်ဝင်စားကြပါတယ်။အချို့ကတော့ ဆက်သွယ်ရေးဂြိုဟ်တုတွေ လိုချင်ကြတယ်။ ဘာလို့လဲဆိုတော့ ဒီဂြိုဟ်တုကနေပြီး ကောင်းမွန်တဲ့ ရင်းနှီးမြှပ်နှံမှုတွေရရှိနိုင်တဲ့အပြင် ဒီဂျစ်တယ် ကွဲပြားခြားနားမှု စိန်ခေါ်မှုတွေနဲ့ နီးစပ်နိုင်အောင် ကူညီပေးနိုင်လို့ပါ။ အဲဒါကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံအနေနဲ့ လတို့အင်္ဂါဂြိုဟ်တို့အပေါ် အာကာသရှာဖွေစူးစမ်းတာတွေလုပ်မယ်လို့ ထုတ်ပြန်ချက်တွေကို တွေ့မြင်ရခဲပါတယ်” ဟု ၎င်းက ဆိုသည်။

စီးပွားဖြစ် အာကာသလုပ်ငန်းများဖွံ့ဖြိုးလာခြင်းနှင့် ဂြိုဟ်တုမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာ အင်တာနက်အသုံးပြုနိုင်သည့် အလားအလာများမြင့်တက်လာမှုသည် သတင်းရရှိနိုင်မှုမရှိသော နိုင်ငံများကိုများစွာ အထောက်အကူပြုနိုင်သည်။

ဂြိုဟ်တုအချက်အလက်များသည် ကောက်ပဲသီးနှံကြီးထွားမှုကို လမ်းပြနိုင်ခြင်း၊ စက်မှုလုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုများကို အထောက်အကူပြုပေးနိုင်ခြင်း၊ မိုးလေဝသနှင့်ရောဂါနှင့် ဆက်နွှယ်သည့် အခြားအခြေအနေများကို ခြေရာခံနိုင်ခြင်း အစရှိသည်တို့တွင် အကူအညီဖြစ်စေသည်။

အစိုးရက နိုင်ငံရေးအတိုက်အခံများကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်နေသည့် နီဂါရာဂွာနိုင်ငံသည် ဆက်သွယ်ရေးဂြိုဟ်တုလွှတ်တင်ရန် တရုတ်နှင့် ယခင်ကသဘောတူညီချက်မှာ နှောင့်နှေးခဲ့သည်။ ၂၀၁၇ ခုနှစ်က ဂြိုဟ်တုသွားလာမှုစနစ် တစ်စိတ်တစ်ပိုင်းအနေဖြင့် ရုရှားကနီဂါရာဂွာတွင် အဆောက်အအုံတစ်ခုဖွင့်လှစ်ခဲ့ရာ ယင်းလုပ်ရပ်သည် ဒေသတွင်းနှင့် အမေရိကန်ကို လျှို့ဝှက်ထောက်လှမ်းရန် မဟုတ်ဟု နီဂါရာဂွာက ငြင်းဆိုခဲ့သည်။

နီဂါရာဂွာသည် ၎င်း၏အသစ်ဖွဲ့စည်းထားသော စစ်တပ်ပိုင်အာကာသ၊လနှင့် အခြား နေ၊လ၊ဂြိုဟ်နက္ခတ်များ၏ အရေးကိစ္စဆိုင်ရာ အမျိုးသားအထွေထွေ အတွင်းရေးမှူးဌာနအပေါ် အယုံအကြည်ကင်းမဲ့ပုံမြင် တွေ့ရသည်။

“ဒီအာကာသအစီအစဉ်အပေါ် သူတို့တွေ ဘယ်လိုမှအသုံးချချင်တာ မဖြစ်နိုင်ဘူး” ဟု အစိုးရလိုလားသည့် လွှတ်တော်အမတ် ဂျန်နီမာတီးနက်ဇ်က ပြောကြားခဲ့သည်။

နိုင်ငံပေါင်း ၅၀ ကျော်တွင် အာကာသ နှင့်ပတ်သက်သည့်အေဂျင်စီများရှိပြီး နီဂါရာဂွာသည် အာကာသအားငြိမ်းချမ်းစွာ အသုံးပြုခြင်းဆိုင်ရာ ကုလသမဂ္ဂကော်မတီတွင် ၁၉၄၄ ခုနှစ်ကတည်းက အဖွဲ့ဝင်တစ်ခုဖြစ်သည်ဟု ၎င်းကဆိုသည်။

“နီဂါရာဂွာအနေနဲ့ ဖိုရမ်ရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ အာကာသထဲကို တစ်စုံတစ်ရာ စေလွှတ်ဖို့လိုအပ်မယ်လို့ ကျွန်တော်မထင်မိဘူး” ဟု နယ်သာလန်နိုင်ငံ Leiden တက္ကသိုလ်ရှိ လေကြောင်းနှင့်အာကာသဥပဒေဌာနတွင် ပညာသင်ယူနေသည့် အီကွေဒေါနိုင်ငံသား ရှေ့နေတစ်ဦးဖြစ်သူ ကားလိုစ့်အာတူရိုဗဲလက်ဇ်က ဆိုသည်။

“အာကာသထဲမှာ တစ်ခုခုမှားလုပ်မိမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတစ်ခုခုအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဥပမာအနေနဲ့ ဂြိုဟ်တုအပျက်အစီးတွေက ကမ္ဘာပေါ်ပြုတ်ကျလာတဲ့အခါ အပျက်အစီးတွေ၊ လူသေဆုံးမှုတွေ ဖြစ်နိုင်ပါတယ်” ဟု ဗဲလက်ဇ်က ပြောကြားခဲ့သည်။

အီကွေဒေါနိုင်ငံသည် ၂၀၁၃ ခုနှစ်က တရုတ်နိုင်ငံ၏အကူအညီဖြင့် Pegaso ဂြိုဟ်တုတစ်လုံး လွှင့်တင်ခဲ့သော်လည်း တစ်လအကြာ၌ ယင်းဂြိုဟ်တုပျက်စီးခဲ့သည်။ ပျက်စီးရသည့် အကြောင်းအရင်းမှာ ရုရှားရော့ကတ်ဟောင်းတစ်ခုမှ အပျက်အစီးများကြောင့် ဖြစ်သည်ဟု အချို့က သုံးသပ်ကြသည်။

ကော်စတာရီကာနိုင်ငံ၏ အာကာသရည်မှန်းချက်ကို ထောက်ခံသူများက ၎င်းတို့၏ အေဂျင်စီအသစ်သည် ကမ္ဘာပေါ်တွင်အသုံးပြုနေသော နည်းပညာများကို အထောက်အကူပြုနိုင်သည်ဟု ပြောကြားခဲ့သည်။

“အမေရိကန်ကစစ်ပြီးခေတ် အဆိုးဆုံးစီးပွားရေးပျက်ကပ်နဲ့ ကြုံတွေ့နေရချိန်မှာ ၁၉၅၈ ခုနှစ်က NASA ကို ဖန်တီးခဲ့တဲ့အပေါ် လူအများအပြားက ဝေဖန်ခဲ့ကြပါတယ်” ဟု NASA အာကာသယာဉ်မှူးဖြစ်လာသည့် ကော်စတာရီကာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ဖရန့်ကလင်း ချန်းဒိုင်ယက်ဇ်က ပြောကြားခဲ့သည်။

ဂွာတီမာလာနိုင်ငံ၏ ပထမဆုံးဂြိုဟ်တုဖြစ်သော Quetzal-1 ကို လွန်ခဲ့သည့်နှစ် ဇန်ဝါရီတွင် လွှင့်တင်ခဲ့သည်။ဘိုလစ်ဗီးယားနိုင်ငံ၏ အာကာသအေဂျင်စီသည်လည်းနိုင်ငံ၏ မကြာသေးမီက နိုင်ငံရေးအကျပ်အတည်း ကြုံတွေ့နေမှုတွင်ပါဝင်ပတ်သက်နေသည်။ သမ္မတဟောင်း အီဗိုမော်ရေးစ်က ၂၀၁ဝခု နှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့သော အာကာသအေဂျင်စီအား ကြားဖြတ်အစိုးရက လုပ်ကိုင်ရ ခက်ခဲကျပ်တည်းစေရန် ပြုလုပ်ခဲ့သည်ဟု အစိုးရသစ်ကစွပ်စွဲခဲ့သည်။

ဘရာဇီး၏ သိပ္ပံနှင့်နည်းပညာဝန်ကြီး မားကိုစ့်ပွန်တက်စ်သည် NASA တွင် လေ့ကျင့်ခဲ့သော အာကာသယာဉ်မှူးဟောင်းဖြစ်ပြီး ချီလီနိုင်ငံသည်လည်း ကြီးမားသော အဝေးကြည့်မှန်ပြောင်းရှိသည့် နိုင်ငံဖြစ်သည်။နယူးမက်ဆီကိုနှင့် အာဂျင်တီးနားနိုင်ငံတို့သည်လည်း ဒေသတွင်းအာကာသ အေဂျင်စီဖွဲ့စည်းတည်ထောင်ရန် ကြိုးပမ်းလုပ်ဆောင်နေသည်။ အာဖရိသမဂ္ဂကလည်း အီဂျစ်နိုင်ငံတွင်အခြေတည်၍ အာကာသအေဂျင်စီ တည်ထောင်ရန်စီစဉ်နေသည်။

မက္ကဆီကိုလွှတ်တော်သည် ကျန်းမာရေး၊ ပညာရေးနှင့် အခြားနယ်ပယ်များအတွက် အထောက်အကူဖြစ်စေနိုင်သည့် အာကာသယှဉ်ပြိုင်မှုအတွက် သဘောထားအမြင်ဆိုင်ရာ နိုင်ငံတကာဆွေးနွေးပွဲတစ်ပွဲကို ဦးဆောင်ပြုလုပ်ခဲ့သည်။

“အနာဂတ်က ကျွန်မတို့လက်ထဲမှာပါ။ ကျွန်မတို့ကသာအာကာသနဲ့ပတ်သက်ပြီး စိတ်ပါဝင်စားမှုမရှိဘူးဆိုရင် ကျွန်မတို့တွေ ကွယ်ပျောက်သွားမှာ ဒါမှမဟုတ် အနာဂတ်ကို တည်ဆောက်ဖို့အတွက် သင့်လျော်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဖို့အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးလိုက်ရမှာဖြစ်ပါတယ်” ဟု မက္ကဆီကိုလွှတ်တော်အမတ် ဘိထရစ်ပါရီဒက်စ်က ပြောကြားခဲ့သည်။     

Most Read

Most Recent