အဝေးက အိမ်ကလေးကို လွမ်းရတဲ့အကြောင်း

အဝေးက အိမ်ကလေးကို လွမ်းရတဲ့အကြောင်း
နောင်ပိန်ရွာဝန်းကျင်ကို အဝေးမှ တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
နောင်ပိန်ရွာဝန်းကျင်ကို အဝေးမှ တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
Published 6 May 2021
ထွန်းနေလှိုင် (နောင်ပိန်)

(၁)

အချိန်တွေ ရွေ့လျားလာတာနဲ့အမျှ ဘဝအတွက် ရုန်းကန်လှုပ်ရှားခဲ့ရတဲ့ကာလ အတိုင်းအတာက တဖြည်းဖြည်း ဆယ်စုနှစ် နှစ်ခုတောင်ကျော်လွန်လို့လာခဲ့ပြီ။ အမေနဲ့ ဝေးရာ တစ်မြို့တစ်နယ်ကို ဘဝအတွက် ရွှေ့ပြောင်းလာခဲ့ရတဲ့ကာလက နှစ်ပေါင်း၂၀ ကျော်လို့ လာခဲ့ပြီလေ။ မွေးရပ်မြေရယ် အမေ့အိမ်ရယ်ဖြစ်တဲ့ ရွာကိုစွန့်ပြီးလာခဲ့တာ ကြာလာတော့လည်း တစ်ခါတစ်ခါ အလွမ်းဆိုတဲ့အရာက ဆိုက်ရောက်လို့ လာခဲ့ပြန်တယ်။

နယ်မြေသစ်မှာ ရောက်စကတော့ မြင် မြင်သမျှက တခမ်းတနားရှိခဲ့ပြီး ဝန်းကျင်အသစ်က သူစိမ်းဆန်ဆန်ရှိခဲ့ပေမဲ့ နေသားကျသွားတော့လည်း ကိုယ်ဟာအိမ်ရှင်လိုလို ဖြစ်လာခဲ့တယ်။ အခုများတော့ ကိုယ်ရောက်လာတဲ့ နယ်မြေသစ်မှာ ရောက်ရှိနေထိုင်နေခဲ့ရတဲ့ ကာလတွေက ကိုယ့်မွေးရပ်မြေမှာ နေခဲ့ရတဲ့ နေ့ရက်တွေထက်တောင် ပိုလို့နေခဲ့ပါပြီလေ။

တကယ်တော့ ကိုယ့်မိဘတွေရှိတဲ့ မွေးရပ်မြေကို စွန့်ခွာခဲ့တာဟာ ကိုယ့်အတွက်တော့ စွန့်စားမှုတစ်ခုပဲ။ အစိမ်းသက်သက် နယ်မြေကိုခြေချပြီး ကိုယ့်လုပ်အားခနဲ့ ကိုယ်တိုင်အသက်မွေးရတာက သာမန်လူတွေအတွက် အကြောင်းမဆန်းလှပေမဲ့ ကိုယ်တစ်ခါမှ မရောက်ဖူး၊ တစ်ခါမှသိကျွမ်းခြင်းမရှိတဲ့ နယ်မြေမှာ ကျင်လည်ရမှာကတော့ ကိုယ့်အတွက်ကတော့ စိန်ခေါ်မှုတစ်ရပ်လို့ပဲ မြင်မိတယ်။

ကိုယ်တိုင်ဒီမြို့ကို ရောက်လာပြီး နေထိုင်လာခဲ့ရတာကလည်း ကိုယ့်စိန်ခေါ်မှုနဲ့ ကိုယ်၊ ကိုယ့်အကြောင်းနဲ့ကိုယ်ပဲမဟုတ်လား။ ဘဝဆိုတဲ့ တိုတောင်းတဲ့ကာလလေး အတောအတွင်းဖြစ်ခြင်း၊ ပျက်ခြင်းတွေနဲ့ ရှင်သန်နေမှုတွေဟာ ရသစုံတယ်။ ကဏ္ဍပေါင်းစုံတယ်။ အကြောင်းအရာတွေလည်း စုံတယ်။ လူတိုင်း လူတိုင်း အသက်ရှူတာချင်း တူညီနေကြပေမဲ့ ရှင်သန်ခြင်းကတော့ မတူညီကြဘူး။ တချို့က ဘဝကို ပျော်ရွှင်စွာဖြတ်သန်းရတယ်။ တချို့က ခက်ခဲကြမ်းတမ်းစွာ ဖြတ်သန်းကြရတယ်။ ရှင်သန်မွေးဖွားလာကြရတဲ့ အသိုက်အမြုံနဲ့ ဘဝအကျိုးပေးက ကွာခြားကြတယ်။

တချို့တွေ ပညာတတ်တယ်။ တချို့တွေ ပညာငတ်တယ်။ တချို့တွေ ပညာပြတ်တယ်။ တချို့က လိုတာရတယ်။ တချို့က လိုတာကို လိုလားတောင့်တနေကြရတယ်။ ပြည့်စုံတဲ့ ဘဝနဲ့ မွေးဖွားလာတဲ့အကျိုးပေးကုသိုလ်ကံတွေက တစ်ဦးနဲ့တစ်ဦးတူညီမှုမရှိကြဘူး။ ဒီလိုနဲ့ ဖြတ်သန်းခဲ့ကြရတဲ့ ဘဝဆိုတဲ့နေ့ရက်တွေထဲမှာ သမမျှတအောင်နေထိုင်လို့ လူ့အကျိုး၊ အများအကျိုးထမ်းဆောင်ပြီး နေထိုင်နေကြသူတွေရှိခဲ့ကြသလို လူ့အမှိုက်သရိုက်အဖြစ် ရှင်သန်နေထိုင် အသက်မွေးကြသူတွေလည်း ရှိခဲ့ကြတာပါပဲ။ လူအမျိုးမျိုးလောက အထွေထွေလေ။           

လုပ်ငန်းခွင်လောက အသိုင်းအဝိုင်းတွေထဲ နှစ်ပေါင်းများစွာ ဖြတ်သန်းလာခဲ့တာကြာလာတော့ လူမှုဝန်းကျင်နဲ့ လူ့အသိုင်းအဝိုင်းရဲ့ သဘောသဘာဝကို သိနားလည်စပြုလာတယ်။ လူအချင်းချင်း ပေါင်းသင်းဆက်ဆံရေး အနေအထားနဲ့ သဘောတရားကို သိတတ်စ ပြုလာတယ်။

ဒါတွေဟာ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ပတ်ဝန်းကျင်အပေါ်မှာရရှိလာတဲ့ လူမှုအသိုက်အဝန်းအသိအမြင် အကျိုးရလဒ်ပါပဲ။

(၂)

မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးနံဘေး မန္တလေးဘက်နေလာရင် ဂုတ်တွင်းလမ်းကိုဖြတ်ကျော်အပြီး နောင်ပိန်လမ်းခွဲကိုရောက်တယ်။ အဲဒီကမှတစ်ဆင့် နောင်ပိန်ရွာထဲကို ကတ္တရာလမ်းအတိုင်း ကားနဲ့ သုံးမိနစ်လောက် မောင်းလာရင်ပဲ ကိုယ့်ရွာကိုရောက်ပါတယ်။ လမ်းခွဲကနေဝင်လာရင် ရွာထဲကိုတော့ မန္တလေး-လားရှိုး မီးရထားလမ်းကိုဖြတ်ပြီးမှ ရွာထဲကိုရောက်တာပါ။

ရွာထဲကိုဝင်ရင်တော့ ကိုယ်စွန့်ခွာလာတဲ့ လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်က အိမ်တွေ၊ လမ်းတွေ၊ ဆိုင်တွေ ကတခြားစီ။ ပျဉ်ထောင်အိမ်တွေက တိုက်ဖြစ် ပျဉ်ထောင်စျေးလေးက တိုက်ခန်းတွေနဲ့ စျေးဆိုင်ခန်းတွေဖြစ်လို့ပေါ့။ ဒီလိုတိုးတက်ခဲ့တာ နှစ်ပေါင်းအနည်းငယ်တော့ ကြာခဲ့ပါပြီ။

လက်ရှိကိုယ်နေတဲ့ မြို့လေးကနေ နာမည်ကြီးမုန့်တွေ ရွာကအမျိုးတွေအတွက် လက်ဆောင်ပေးဖို့ ဝယ်လာခဲ့တာ။ အဲဒီမုန့်တွေက ရွာကစတိုးဆိုင်တွေမှာ ဒီနေ့ရက်စွဲနဲ့ ရောင်းနေလေရဲ့။ ကိုယ့်မှာ ဒီမုန့်ရဖို့အရေး ကိုယ့်မြို့ကပင်ရင်းဆိုင်မှာ တကူးတကသွား ဝယ်လိုက်ရတာ။ အခုတော့ လက်ဆောင်ပေးဖို့တောင် အားနာစရာ။ မုန့်လေးက ကိုယ့်လက်ထဲမှာ မျက်နှာငယ်နေရှာတယ်။ ကိုယ်ကသာ ရွာမရောက်တာကြာလို့ အဆက်အသွယ်တွေပြတ်နေလို့သာ။ ရွာမှာက ကိုယ့်မြို့နီးနီး လိုတာတွေ ဝယ်လို့ရနေတယ်။

ငါးရက်စျေးနေ့ဖြစ်တဲ့ နောင်ပိန်စျေးကို ပတ်ဝန်းကျင်မြို့တွေဖြစ်တဲ့ နောင်ချို၊ ကျောက်မဲမြို့က စျေးပတ် ရောင်းသူတွေ လာရောက်ရောင်းဝယ်ခဲ့ကြသလို ရွာနီးကျေးရွာတွေကနေ ဒေသထွက် ဟင်းသီးဟင်းရွက်တွေကို လတ်လတ်ဆတ်ဆတ် စျေးနှုန်းချိုချိုသာသာနဲ့ရောင်းကြတယ်။ ကိုယ့်ရွာကို ပြန်ရောက်လို့ စျေးနေ့တွေနဲ့ ကြုံရင် တကူးတက ဝယ်စားတာကို ခါချဉ်ဥထုပ်လေးတွေပေါ့။ တစ်ထုပ်မှ ငါးရာ။ နှစ်ထုပ်လောက်ဝယ်ပြီး ကြက်ဥနဲ့မွှေကြော်စားရင်တော့ အရသာက ဆိမ့်ဆိမ့်လေးပေါ့။

ကိုယ်နဲ့ကျောင်းနေဖက် သူငယ်ချင်းတချို့ စျေးတွေရောင်းနေကြသူတွေရှိသလို၊ တချို့ သူငယ်ချင်းတွေရဲ့ သားသမီးတွေ ထိုင်းနဲ့ တရုတ်နိုင်ငံမှာ သွားအလုပ်လုပ်ကြတာများတယ်။ နိုင်ငံရပ်ခြားမှာငွေရှာရင်း ရွာမှာကျန်ခဲ့တဲ့ သူတို့မိသားစုကို ထောက်ပံ့နိုင်ကြတယ်။ ဒီလိုတွေ ကြားရတော့လည်း ဝမ်းသာစရာတွေပေါ့။

ရွာမှာက ၂၄ နာရီ လျှပ်စစ်မီးရတော့ အိမ်တိုင်း ရုပ်မြင်သံကြားရှိတယ်လေ။ သူတို့ မျက်စိနဲ့ နှလုံးသားထဲမှာ သတင်းတွေ အဆက်မပြတ်စီးဆင်းခဲ့တယ်။ အင်တာနက်လိုင်းတွေရတုန်းက အမေနဲ့ မကြာမကြာ အွန်လိုင်းပေါ်မှာ စကားပြောဖြစ်တယ်။ သူငယ်ချင်းတွေနဲ့ မကြာမကြာတော့ အွန်လိုင်းပေါ် ဆုံဖြစ်ကြတယ်။ အခုတော့ သူတို့နဲ့ ရုပ်ချင်း အဆက်အသွယ်မရတာ အတော်တောင်ကြာခဲ့ပေါ့။

တစ်ခါတစ်ခါ ကိုယ်မွေးဖွားတဲ့ ဇာတိရွာလေးအကြောင်း သူငယ်ချင်းတွေကိုပြောဖြစ်တဲ့အခါ အထင်ကရအနေနဲ့ အမှတ်အသားတစ်ခုအနေနဲ့ ပြောဖြစ်တာလေးတွေရှိတယ်။ နောင်ပိန်ရွာဆိုတာက မန္တလေးက ထွက်လာတဲ့ လူစီးအဆန်ရထားနဲ့ လားရှိုးကထွက်လာတဲ့ လူစီးအစုန်ရထားဆုံတဲ့ရွာလေးဖြစ်တဲ့အကြောင်း၊ နိုင်ငံတကာခရီးသွားတွေနဲ့ ပြည်တွင်းခရီးသွားတွေ ဂုတ်ထိပ်တံတားကြီးကို ရထားစီးပြီးနောင်ပိန်ဘူတာမှာ ဆင်းကြတယ်။ အဲဒီကနေမှ လားရှိုးကလာတဲ့ ရထားနဲ့ ပြင်ဦးလွင်၊ မန္တလေးအထိ ရထားနဲ့ ပြန်ကြတယ်။ အလွယ်ပြောရရင်တော့ မန္တလေးကနေ ရထားစီးလာရင် ဂုတ်တွင်းအလွန်တစ်ဘူတာပေါ့။

အိမ်ကနေ ဆယ့်ငါးမိနစ်လောက် တောင်ပေါ်လမ်းအတိုင်းတက်ရတဲ့ တောင်ပေါ်ကျောင်းလေးကနေကြည့်ရင် ကမ္ဘာကျော်တဲ့ နောင်ချိုတိမ်ပင်လယ်စခန်းနဲ့ ဂုတ်ထိပ်တံတားကြီးကို မှုန်ပျပျလေးမြင်ရတယ်။ ဆောင်းတွင်းချိန်ခါမျိုးဆိုရင် ဂုတ်တွင်းချောင်း အပေါ်မှာ မြူခိုးမြူငွေ့တွေ ရစ်သိုင်းလို့။

(၃)

အဝေးရောက်သားအတွက် ခက်ခဲမှုတွေ၊ စိန်ခေါ်မှုတွေ ကြုံတွေ့ချိန်နေ့ရက်တွေထဲ နိုးထလာရတဲ့ မနက်လင်းချိန်တိုင်းဟာ ဟိုးအဝေးက အမေ့အိမ်နဲ့ ကိုယ်မွေးဖွားခဲ့တဲ့ ဇာတိရွာကလေးပါပဲ။ နှစ်ပေါင်းများစွာ အမေနဲ့မွေးရပ်မြေကို စွန့်ခွာပြီးဖြတ်သန်းနေခဲ့ရတဲ့ နေ့ရက်တွေမှာခက်ခဲမှု၊ ကြမ်းတမ်းမှု၊ စိန်ခေါ်မှုတွေ ကြုံတွေ့ချိန်တိုင်းစိတ်တွေ သတိရလွမ်းဆွတ်နေမိတာက ငြိမ်းချမ်းတဲ့ အမေ့အိမ်လေးပါပဲ။

အခုတော့လည်း ကိုဗစ်ကူးစက်ရောဂါ ဂယက်ရယ်၊ နိုင်ငံရေးအခြေအနေတွေရယ်ကြောင့် ကိုယ်နေတဲ့ မြို့လေးကနေ အမေရှိတဲ့ မွေးရပ်မြေလေးဆီကို မပြန်ဖြစ်တာတောင် နှစ်နှစ်ကျော်ကျော်ကြာခဲ့ပြီလေ။

ရွာကိုရောက်လို့ အရင်ဦးဆုံး အမေ့အိမ် ခြံဝင်းထဲဝင်လိုက်တာနဲ့ တစ်ရွာလုံးမှာမှ တစ်ပင်တည်းရှိတဲ့ ခံသီးပင်လေးက အရင်အတိုင်း ရှိနေတုန်းပဲလား။ ဒီ ခံသီးပင်လေးကို အဘွားက သူ့မွေးဇာတိမြေဖြစ်တဲ့ မြန်မာပြည် အလယ်ပိုင်းကနေ ရှမ်းပြည်က သူပြောင်းရွှေ့လာတဲ့အိမ်ကိုယူလာပြီး စိုက်ပျိုးထားတာတဲ့။

ခံသီးက ချဉ်တဲ့အရသာရှိပြီး ခံပွင့်လေးတွေကတော့ စံပယ်ပွင့်လေးတွေလိုမျိုး။ အိမ်မှာ စိုက်ထားတဲ့အပင်တွေကို တစ်ခါတလေ ခုတ်ပစ်လေ့ရှိပေမဲ့ ဒီခံသီးပင်လေးကိုတော့ တယုတယ စိုက်ပျိုးထားတယ်။

“ပန်းစပယ်၊ နန်းလယ်မပေါ်ခိုက်ဟာမို့၊ အလိုက်တော်တန်သင့်ရုံပ၊ ခံပွင့်ကိုကုံး။ နန်းရဝေ၊ မန်းမြေမှာ စပယ်လှိုင်တော့၊ ခံပန်းခိုင် ယာယီရွေ့တယ်၊ တောလေ့ရွာသုံး” ဆိုပြီး စလေဦးပုညရဲ့ ကဗျာလေးကို ငယ်ငယ်တုန်းက ဖတ်မှတ်ရွတ်ဆိုခဲ့ကြဖူးတယ်။

ဒီကဗျာလေးကို ရွတ်ခဲ့ဖူးသူတိုင်းက အိမ်က ခံသီးပင်လေးကို တကူးတကလာ ကြည့်ကြတယ်။ ခံပွင့်လေးတွေကို လာခူးကြတယ်။ ခံသီးလေးတွေကို ငါးပိနဲ့ထောင်းစားဖို့ လာခူးကြတယ်။ နှစ်ကာလ သက်တမ်းဘယ်လောက်ကြာနေပေမဲ့ ခံသီးပင်လေးကတော့ ကိုယ်ဒီရွာကို စွန့်ခွာခဲ့စဉ်အချိန်က အရွယ်အတိုင်းပါပဲ။ သီးချိန်တန်သီးပြီး ပွင့်ချိန်တန် ပွင့်လို့ပေါ့။

အိမ်ရှေ့က ကိုယ်ပညာသင်ခဲ့တဲ့ အထက်တန်းကျောင်းကြီးက အရင်လိုမဟုတ်တော့ဘူး။ ကျောင်းဆောင်အသစ်တွေနဲ့ ပြည့်လို့နေပြီ။ အရင်တုန်းက အကာအရံမရှိတဲ့ ကျောင်းဝင်းကြီးက အခုများတော့ ကမ္ပည်းတွေထိုးထားတဲ့ အုတ်တံတိုင်းနံရံတွေနဲ့။ ကျောင်းရှေ့က သက်တမ်းရင့် ပင်အိုအို ကြို့ပင်ကြီးကလည်း အရိပ်တွေကောင်းနေဆဲ။ ဒီတစ်ခါ ရွာပြန်ရောက်ရင်ရော ဘာတွေများ ပြောင်းလဲနေဦးမှာလဲ။

ကိုယ်တွေကတော့ လှုပ်ရှားရုန်းကန်ရင်း ဘဝဆိုတဲ့ ပင်လယ်ကိုခက်ခဲကြမ်းတမ်းစွာနဲ့ ကူးခတ်ဖြတ်သန်းရင်း ဟိုးအဝေးက အမေရှိတဲ့ ရွာလေးနဲ့အိမ်လေးကို လွမ်းလို့နေတုန်း။

Most Read

Most Recent