သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ Mouse ကို တောင်ကိုရီးယားရုပ်သံလိုင်း tvN တွင် ထုတ်လွှင့်ပြသနေ

သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲ Mouse ကို တောင်ကိုရီးယားရုပ်သံလိုင်း tvN တွင် ထုတ်လွှင့်ပြသနေ
Published 2 May 2021

သည်းထိတ်ရင်ဖို ရာဇဝတ်မှုဇာတ်လမ်းတွဲ Mouse ကို တောင်ကိုရီးယားရုပ်သံလိုင်း tvN တွင် ထုတ်လွှင့်ပြသနေပြီး ကြည့်ရှုသူအ ရေအတွက် များပြားနေကြောင်း သိရသည်။

အပိုင်း (၂၀) ပါဝင်မည်ဖြစ်သော ယင်းဇာတ်လမ်းတွဲကို မတ် ၃ ရက်တွင် tvN ရုပ်သံလိုင်း၌ စတင်ထုတ်လွှင့်ပြသခဲ့ခြင်းဖြစ်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့် တနင်္လာနေ့တို့တွင် ထုတ်လွှင့်ပြသနေခြင်းဖြစ်သည်။

ရိုးသားကြိုးစားသော ဥပဒေဘက်တော်သား ရဲဝန်ထမ်းတစ်ဦးဖြစ်သူ Jeong Ba-reum သည် စိတ္တဇကွင်းဆက်လူသတ်သမားတစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ချိန်မှစ၍ ၎င်း၏ဘဝမှာ စတင်ပြောင်းလဲသွားတော့သည်။ ထိုဖြစ်ရပ်က Jeong Ba-reum နှင့် ၎င်း၏လုပ်ဖော်ကိုင်ဖက် Go Mu-chi ကို စိတ္တဇဆန်သော အပြုအမှုများ၏နောက်ကွယ်မှ အမှန်တရားအား ဖော်ထုတ်ရန် တွန်းအားဖြစ်စေခဲ့သည်။ သန္ဓေသားမျိုးဗီဇစစ်ဆေးမှုများဖြင့် မိခင်ဝမ်းဗိုက်အတွင်းရှိနေသော ကလေးငယ်၏ စိတ်ကျန်းမာရေးကို စစ်ဆေးနိုင်မည်လား၊ ထိုသို့စစ်ဆေးနိုင်ပါက သန္ဓေသားအပေါ် သက်ရောက်လာမည့် နောက်ဆက်တွဲအကြောင်းအရာများနှင့်အတူ စိတ်ကူးယဉ်ဆန်သော ဇာတ်လမ်း၊ ဇာတ်ကွက်များကို Mouse ဇာတ်လမ်းတွဲတွင် ကြည့်ရှုခံစားရမည်ဖြစ်သည်။

ဒါရိုက်တာ Choi Joon-bae နှင့် Kang Cheol-woo တို့ရိုက်ကူးထားသော Mouse ဇာတ်လမ်းတွဲတွင် နာမည်ကြီး သရုပ်ဆောင် Lee Seung-gi က Jeong Ba-reum ဇာတ်ကောင်နေရာတွင်လည်းကောင်း၊ Lee Hee Jun က Go Mu-chi ဇာတ်ကောင်နေရာ၌လည်းကောင်း ပါဝင်သရုပ်ဆောင်ထားကာ Park Ju-Hyun ၊ Kyung Soo-Jin အပါအဝင် သရုပ်ဆောင်အများအပြား ပါဝင်အားဖြည့်ထားသည်။

Mouse ဇာတ်လမ်းတွဲ၏ အပိုင်း (၁) ကို ထုတ်လွှင့်ပြသချိန်တွင် တောင်ကိုရီးယားတစ်နိုင်ငံလုံးတွင် ကြည့်ရှုအားပေးမှုနှုန်း ၄.၉၄၈ ရာခိုင်နှုန်းရှိခဲ့ပြီး အပိုင်း (၆) ကို ထုတ်လွှင့်ပြသခဲ့ချိန်၌ ကြည့်ရှုအားပေးမှုနှုန်း ၆.၆၇၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ လတ်တလောတွင် အပိုင်း (၁၅) အထိ ထုတ်လွှင့်ပြသထားပြီးဖြစ်သည်။

ယင်းဇာတ်လမ်းတွဲ ထုတ်လွှင့်ပြသနေသည့်ကာလအတွင်း ဇာတ်လမ်းတွဲမှ အမျိုးသမီးသရုပ်ဆောင်တစ်ဦးဖြစ်သည့် Cheon Jeong Ha (အသက် ၅၂ နှစ်) သည် ဧပြီ ၂၇ ရက်တွင် ကွယ်လွန်သွားခဲ့သည်။

ဇာတ်လမ်းတွဲအတွင်း Cheon Jeong Ha ပါဝင်သရုပ်ဆောင်သည့် ဇာတ်ကောင်အတွက် ရိုက်ကူးမှုအားလုံး ပြီးစီးထားပြီးဖြစ်ကာ ၎င်းပါဝင်သော ဇာတ်လမ်းတွဲအပိုင်းအားလုံးကို အစီအစဉ်အတိုင်း ထုတ်လွှင့်ပေး သွားမည်ဖြစ်ကြောင်း ဇာတ်လမ်းတွဲထုတ်လုပ်သူများက ပြောကြားထားသည်။

မြန်မာ၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်မှ ရုပ်ရှင်ချစ်ပရိသတ်များအနေဖြင့် Mouse တောင်ကိုရီးယားဇာတ်လမ်းတွဲကို နိုင်ငံတကာအွန်လိုင်းရုပ်သံလိုင်းများဖြစ်သော Viu နှင့် iQiyi တို့မှတစ်ဆင့် ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။    

Most Read

Most Recent