ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျပ်သိန်း ၁၅၀၀ ကျော် တန်ဖိုးရှိ ရွှေတုံးနှင့် နိုင်ငံခြားငွေများ ခိုးယူသူလေးဦးအား ဖမ်းမိ

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျပ်သိန်း ၁၅၀၀ ကျော် တန်ဖိုးရှိ ရွှေတုံးနှင့် နိုင်ငံခြားငွေများ ခိုးယူသူလေးဦးအား ဖမ်းမိ
Published 5 July 2024

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ ရွှေတုံးနှင့် နိုင်ငံခြားငွေများ ခိုးမှုအပါအဝင် ခိုးမှုသုံးမှုနှင့် ခိုးမှု(မသင်္ကာ) နှစ်မှုမှ ကျူးလွန်သူအမျိုးသား လေးဦးအား သက်သေခံရွှေထည်ပစ္စည်းများ၊ ငွေကြေးများနှင့်အတူ ဖမ်းဆီးရမိကြောင်း ပြန်ကြးရေးဝန်ကြီးဌာနမှ သိရသည်။

ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် ဇွန် ၁၁ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၇)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၇၆၄)နေ ဦးဒွန်ထက်ရှိန်၏ နေအိမ်အိပ်ခန်းအတွင်းရှိ ခရီးဆောင်အိတ်အတွင်း ထည့်ထားသည့် ရွှေတုံး နှစ်တုံးနှင့် ရွှေထည်ပစ္စည်းမျိုးစုံ ၃၁ မျိုး၊ ကျပ် ၈၁၈၀၅၅၀၀ တန်ဖိုးရှိ နိုင်ငံခြားသုံးငွေများ၊ စုစုပေါင်းတန်ဖိုးကျပ် ၁၅၉၈၁၅၉ဝဝ ကျပ်ခန့် ခိုးယူခံထားရကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းတွင် (ပ)၃၀၇/ ၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်လှစ်ခဲ့သဖြင့် ကျူးလွန်သူများ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျူးလွန်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ပြစ်မှုကျူးလွန်သူများဖြစ်ကြသည့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၅၈)ရပ်ကွက်နေ ငရဲ(ခ)ထက်ဦး(၂၉)နှစ် (ဘ)ဦးစိုးအား ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ စွန်တနီးကျေးရွာအုပ်စု၊ မြစိမ်းကျေးရွာတွင် ဇွန် ၁၄ ရက် ည ၆ နာရီခွဲတွင်လည်းကောင်း၊ တစ်ရပ်ကွက်တည်းနေ ပြည့်စုံ(ခ)ကုလား(၂၉)နှစ် (ဘ)ဦးဝင်းတင်အား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၆)ရပ်ကွက်ရှိ SKY KTV တွင် ဇွန် ၁၅ ရက် ည ၁၁ နာရီတွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများဖြစ်သည့် ငရဲ(ခ)ထက်ဦးနှင့် ပြည့်စုံ(ခ)ကုလားတို့၏ ထွက်ဆိုချက်အရ သက်သေခံပစ္စည်းများဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၀၀ တန် ၁၈၈ ရွက်၊ တိုင်ချက်မပါ နိုင်ငံအချို့မှ ငွေအကြွေစေ့မျိုးစုံ ၃၂ စေ့၊ တန်ဘိုးငွေ ၆၉ သိန်းကျပ်ရှိ ရွှေထည်ပစ္စည်းမျိုးစုံ ခြောက်မျိုး၊ အမေရိကန်ဒေါ်လာများအား ရောင်းချရရှိငွေများအနက်မှ ကျန်ရှိသည့် မြန်မာကျပ်ငွေ ၂၃၅ သိန်းကျပ်၊ လက်ကိုင်ဖုန်း နှစ်လုံးတို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် သိမ်းဆည်းရမိခဲ့ပြီး ကျန်သက်သေခံပစ္စည်းများနှင့် ၎င်းတို့၏ ခိုးရာပါသက်သေခံပစ္စည်းများအား ထုခွဲရောင်းချပေးသူ ဖမ်းဆီးရန်ကျန် ထွန်းထွန်းလင်း(စိစစ်ဆဲ)မှ ယူဆောင်ထွက်ပြေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ဖမ်းဆီးရမိသူများအား အခြားပြစ်မှုများကျူးလွန်ထားရှိမှု ရှိ/မရှိ အသေးစိတ် ဆက်လက်စစ်ဆေးရာ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ဟိန်းထက်ဇော်(ခ)အသေးလေးတို့ သုံးဦးသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်တွင် အမှတ်(၇၈)ရပ်ကွက်၊ အိမ်အမှတ်(၆၄၀)မှ ကျပ် ၁၉၇ သိန်းခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံအား ခိုးယူခဲ့ကြောင်း၊ ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလားနှင့် ချစ်ကို(ခ)လက်ပွားတို့ ၃ ဦးသည် သာကေတမြို့နယ်၊ (၆/အနောက်)ရပ်ကွက်၊ ဇမ္ဗူသီရိလမ်း၊ အိမ်အမှတ်(၁၉၃/ခ)မှ ကျပ်သိန်း ၉၅၃၅၃၀၀ ခန့်တန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံအား ခိုးယူခဲ့ကြောင်း ဖော်ထုတ်သိရှိရကြောင်း သိရသည်။

ဆက်လက်ပြီး ဖမ်းဆီးရန်ကျန် ဟိန်းထက်ဇော်(ခ)အသေးလေးနှင့် ချစ်ကို(ခ)လက်ပွားတို့အား ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ ဇွန် ၁၆ ရက် နေ့လယ်ပိုင်းတွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၆ဝ)ရပ်ကွက်နေ ဟိန်းထက်ဇော်(ခ)အသေးလေး(၂၃)နှစ် (ဘ)ဦးဇော်ဝင်းနှင့် ဒလမြို့နယ်၊ တံတားကျောင်းကျေးရွာနေ ချစ်ကို(ခ)လက်ပွား(၂၂)နှစ် (ဘ)ဦးဖိုးချိုတို့အား ၎င်းတို့၏နေအိမ်အသီးသီးတွင် ထပ်မံဖမ်းဆီးရမိခဲ့ပြီး အမှု နှစ်မှုမှ သက်သေခံပစ္စည်း ကျပ် ၂၆၁ သိန်းတန်ဖိုးရှိ ရွှေထည်ပစ္စည်းမျိုးစုံ အလေးချိန် ၅ ကျပ်သား ၁၁ ပဲအား ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများဖြစ်သည့် ငရဲ(ခ)ထက်ဦး၊ ပြည့်စုံ(ခ)ကုလား၊ ချစ်ကို(ခ)လက်ပွားနှင့် ဟိန်းထက်ဇော် (ခ)အသေးလေးတို့ လေးဦးအား ဆက်လက်စစ်ဆေးရာ ၎င်းတို့ လေးဦးသည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့ နယ်၊ အမှတ်(၇၇)ရပ်ကွက်ရှိ နေအိမ်တစ်လုံးမှ Vivo အမျိုးအစား ရွှေရောင်လက်ကိုင်ဖုန်းတစ်လုံးခိုးယူခဲ့ပြီး ဧပြီလအတွင်းတွင် အဆိုပါရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ လက်ကိုင်ဖုန်းမျိုးစုံ သုံးလုံးခိုးယူခဲ့ကြောင်း ထပ်မံဖော်ထုတ်သိရှိရသဖြင့် ၎င်းတို့ လေးဦးအား အမှုတစ်ခုချင်းစီအတွက် အမှုအသီးသီးထပ်မံဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် ခိုးမှု သုံးမှု၊ ခိုးမှု(မသင်္ကာ) နှစ်မှုတို့အား ဖော်ထုတ်နိုင်ခဲ့ပြီး အမှုများမှ ဖမ်းဆီးရမိ တရားခံငရဲ(ခ)ထက်ဦးပါ လေးဦးတို့အား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိကာ သက်သေခံရွှေထည်ပစ္စည်း၊ ငွေကြေးများနှင့်အတူ ထွက်ပြေးလွတ်မြောက်လျက်ရှိသည့် ဖမ်းဆီးရန်ကျန်ထွန်းထွန်းလင်းအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent