လားရှိုးမြို့ဒေသခံများ အခြားမြို့များသို့ မော်တော်ယာဉ်များတွင် အလံဖြူထောင်ကာ အခြားဒေသများသို့ ‌ပြောင်းရွှေ့

လားရှိုးမြို့ဒေသခံများ အခြားမြို့များသို့ မော်တော်ယာဉ်များတွင် အလံဖြူထောင်ကာ အခြားဒေသများသို့ ‌ပြောင်းရွှေ့
Published 5 July 2024

လားရှိုးမြို့ဒေသခံများ အခြားမြို့များသို့ မော်တော်ယာဉ်များတွင် အလံဖြူထောင်ကာ အခြားဒေသများသို့ ‌ပြောင်းရွှေ့လျက်ရှိကြောင်း ဒေသခံများက ‌ပြောကြားသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အနီးဝန်းကျင်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် မြို့မှထွက်ခွာ‌နေခြင်းဖြစ်သည်။

လားရှိုးမြို့တွင်းမှ ဒေသခံအများအပြားသည် မိမိတို့၏ယာဉ်များတွင် အလံဖြူထောင်ကာ ထွက်ခွာနေကြကြောင်း သိရသည်။

“တိုက်ပွဲတွေစဖြစ်ပြီး သုံးရက်ကျော်လောက်မှာ ဒီမြို့က ထွက်ခွာတဲ့သူတွေ သိပ်များတယ်။ ကားတွေမှာ အလံဖြူတွေထောင်ပြီး သွားကြတယ်။ မိသားစုလိုက်ပဲ။ တချို့လည်း သက်ကြီးရွယ်အိုတွေကို နီးစပ်ရာ ဆွေမျိုးတွေဆီ ပို့ကြတာပေါ့” ဟု လားရှိုးမြို့ဒေသခံတစ်ဦးက ဆိုသည်။

“ကျွန်မတို့လည်း ဒီမှာမနေရဲတော့ဘူး။ အဓိကကြောက်တာက ရှော့တိုက်ဒုံးတွေ ကြောက်တာ။ သူက ပစ်ချင်သလိုပစ်ပြီး ကျချင်သလိုကျနေတော့ ကျွန်မတို့ မလုံခြုံတော့ဘူးလို့ စိတ်မှာခံစားနေရတယ်။ ဒါကြောင့် ဆွေးမျိုးတွေရှိတဲ့ မြန်မာပြည်အလယ်ပိုင်းဒေသကိုပြန်တော့မယ်” ဟု ရပ်ကွက်တွင်းကုန်စိမ်းဈေးရောင်းသူတစ်ဦးဖြစ်သည့် ဒေါ်အေးက ဆိုသည်။

လားရှိုးမြို့မှ ဒေသခံအများအပြား အခြားမြို့များသို့ ထွက်ခွာနေမှကြောင့် လားရှိုး-မန္တလေး ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ စဉ့်အင်ဖောင်ဆိပ်တွင် ဖောင်ဖြင့် ကမ်းကူးရန်စောင့်ဆိုင်းနေကြရသည့် ကားတန်းမှာ ယာဉ်စီးရေ ထောင်ချီထိရှိနေနိုင်ကြောင့် ဒေသခံများက သုံးသပ်ကြသည်။

“မနေ့နေ့လယ် ၁၁ နာရီကတည်းက အိမ်ကကား လားရှိုးကနေ ထွက်သွားတာ။ ဒီနေ့ထိ စဉ့်အင်ဖောင်ဆိပ်မှာပဲ ရှိနေသေးတယ်။ ဒီနေ့ ညနေပိုင်းလောက်မှ ကူးနိုင်မယ်လို့သိရတယ်။ ဒီနေ့ထွက်တဲ့ ကားတွေတော့ ဘယ်နေ့လောက်မှ ဖောင်ကူးရမယ်မသိဘူး။ ဒီနေ့က လားရှိုးကနေ ထွက်တဲ့ကားတော်တော်များတယ်” ဟု ကိုမျိုးကပြောသည်။

လားရှိုးမြို့အနီးတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲဖြစ်စဉ်များတွင် မြို့တွင်းသို့ ပစ်ခတ်ခံရသည့် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဆယ်ဦးထက်မနည်းရှိနေပြီဖြစ်ကြောင်း သိရသည်။

“ဟိုတစ်နေ့က ပန်အုပ်ကျောင်းထဲ ရှော့တိုက်ဒုံးကျတာ ကားတွေလည်း မီးလောင်တယ်။ အဲ့ဒီကျောင်းမှာ စစ်လာရှောင်ကြတဲ့ ကလေးငယ်လေးအပါအဝင် သုံးဦးထိမှန် သေဆုံးတယ်။ မနေ့က ရပ်ကွက် ၉၊ ဗြုံးတောင်ဘက်ကျတဲ့ရှော့တိုက်ဒုံးကြောင့် သုံးဦးသေဆုံးတယ်လို့သိရတယ်။ မူလတန်းကျောင်းတစ်ကျောင်းပေါ်လည်း ကျလို့ကျောင်းဆောင် အဆောက်အဦတွေပျက်စီးကုန်တယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

လားရှိုးမြို့အနီးတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ဒေသခံအများအပြား နေရပ်စွန့်ခွာလျက်ရှိနေသကဲ့သို့ လားရှိုးမြို့တွင်းတွင်လည်း ဈေးဆိုင်ဖွင့်လှစ်မှု နည်းပါးသွားကြောင်း သိရသည်။

ဇူလိုင်လ ၅ ရက်တွင်လည်း လားရှိုးမြို့ပတ်ဝန်းကျင်တွင် လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ မကြာခဏကြား နေရကြောင်း သိရသည်။

Most Read

Most Recent