ဆန်၊ ဆေးဝါးနှင့် စားအုန်းဆီများ ဈေးနှုန်းများနှင့် ပတ်သက်ပြီး နေ့စဉ်ကွင်းဆင်းစစ်ဆေး ကြပ်မတ်မှုများ ဆောင်ရွက်နေပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများရှိပါက အရေးယူမည်

ဆန်၊ ဆေးဝါးနှင့် စားအုန်းဆီများ ဈေးနှုန်းများနှင့် ပတ်သက်ပြီး နေ့စဉ်ကွင်းဆင်းစစ်ဆေး ကြပ်မတ်မှုများ ဆောင်ရွက်နေပြီး ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများရှိပါက အရေးယူမည်
Published 21 June 2024

ဆန်၊ ဆေးဝါးနှင့် စားအုန်းဆီများ၏ စျေးနှုန်းများနှင့်ပတ်သက်ပြီး နေ့စဉ်ကွင်းဆင်းစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်နေပြီး စျေးနှုန်းမြှင့်တင် ရောင်းချခြင်းများရှိပါက အရေးယူမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန ရန်ကုန်တိုင်းဦးစီးမှူး ဦးကျော်ကျော်လွင်က ပြောကြားသည်။

“စားအုန်းဆီကို ကြီးကြပ်ကွပ်ကဲသလိုပဲ ဆေးဝါးတွေ စျေးနှုန်းကြီးမြင့်တာတွေ၊ လက်ရှိဆန်ပေါ့။ ဆန်တွေစျေးနှုန်းကြီးမြင့်တာတွေကို ပြီးခဲ့တဲ့ ဧပြီ၊ မေလောက်ကစပြီး ဆေးဆိုင်တွေ ဆေးဂိုထောင်တွေ၊ ဆန်ဆိုင်တွေ ကွင်းဆင်းကြပ်မတ်စစ်ဆေးဆောင်ရွက်နေတယ်။ အဲ့ဒီလုပ်ငန်းစဉ်က နေ့စဉ်လုပ်နေပြီးတော့ စျေးနှုန်းကြီးမြင့်ပြီးတော့ စျေးနှုန်းအဆမတန် ရောင်းချရင်အရေးယူတာတွေ ဆောင်ရွက်ဖို့ အသိပညာပေးတာတွေ နောက်တခုက ပစ္စည်းပြတ်လပ်မှုမရှိစေရေး ထိန်းကျောင်းပြီးတော့ ဆောင်ရွက်တာတွေ လုပ်နေပါတယ်” ဟု ဦးကျော်ကျော်လွင်က ပြောကြားသည်။

လက်ရှိတွင် ဆေးဝါးပစ္စည်းများစျေးတင် ရောင်းချသဖြင့် အရေးယူခြင်းခံရသည့်ဖြစ်စဉ် များမရှိသေးကြောင်း၊ စားအုန်းဆီနှင့်ပတ်သက်ပြီး ရည်ညွန်းစျေးအတိုင်း မရောင်းချသဖြင့် အရေးယူမှုအပိုင်းများရှိနေကြောင်း ဦးကျော်ကျော်လွင်က ဆက်လက်ပြောကြားသည်။

“လက်ရှိမှာလည်း သတ်မှတ်ထားတဲ့ ရည်ညွှန်းစျေးအတိုင်း မရောင်းဘူးဆိုရင် ကျွန်တော်တို့က အရေးကြီးကုန်စည်ဥပဒေနဲ့အရေး ယူမယ်ဆိုတာကို မနေ့(ဇွန် ၂၀ ရက်)ကပဲ ကျွန်တော်တို့ UMFCCI မင်္ဂလာခန်းမမှာ လက်လီလက်ကား ရောင်းချသူ ၄၀၀ ကျော်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးဆောင်ပြီး အသိပေးရှင်းလင်းမှာကြားထားတယ်” ဟု ဦးကျော်ကျော်လွင်က ပြောကြားသည်။

ပြည်တွင်းရှိ မြို့နယ်အချို့တွင် စားအုန်းဆီဖြန့်ဖြူးရောင်းချသူအချို့သည် သတ်မှတ်ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူစရိတ်များအပြင် အမြတ်ရာခိုင်နှုန်း မြင့်မားစွာ ထပ်ဆောင်းရောင်းချမှုများရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနက မေ ၈ ရက်က ထုတ်ပြန်ထားသည်။

ယင်းကြောင့် ပြည်တွင်းစျေးကွက်အတွင်း စားအုန်းဆီများကို ၀ိသမလောဘဖြင့် စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်သည်ဟု စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားသည်။

ထို့ပြင် စားအုန်းဆီကို သယ်ယူပို့ဆောင်စရိတ်နှင့် အမြတ်နှစ်-ရာခိုင်နှုန်းသာတင်ပြီး ရောင်းချရန်နှင့် အခြားဆီများ ရောနှောရောင်းချခြင်းမပြုရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းကလည်း ထုတ်ပြန်သည်။

လက်ရှိစျေးကွက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချသူအချို့သည် အပတ်စဉ်သတ်မှတ်ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူစရိတ်များအပြင် အမြတ်ရာခိုင်နှုန်းမြင့်မားစွာ ထပ်ဆောင်းရောင်းချမှုများရှိနေသည်ကို သိရှိရသည်ဟု မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းကြောင့်  ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စားအုန်းဆီ ဖြန့်ဖြူးရောင်းချသူများအနေဖြင့် အပတ်စဉ် သတ်မှတ်ရည်ညွှန်းစျေးအပေါ် ဖြစ်သင့်ဖြစ်ထိုက်သည့် သယ်ယူစရိတ်နှင့် အမြတ် နှစ်-ရာခိုင်နှုန်းသာ ထပ်ဆောင်းရောင်းချကြရန်၊ စျေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ မသမာသောရည်ရွယ်ချက်ဖြင့် အခြားဆီများနှင့် ရောနှောရောင်းချခြင်းများ မပြုလုပ်ကြရန် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် စက်မှုလုပ်ငန်းသုံးအတွက် ဝယ်ယူတင်သွင်းလာသော စားအုန်းဆီများကို ဝယ်ယူသုံးစွဲသည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများတွင်သာ အမှန်တကယ် သုံးစွဲကြရန်နှင့် ပြင်ပသို့ပြန်လည်ရောင်းချခြင်းမပြုလုပ်ရန် အလေးအနက်ထား တိုက်တွန်းအသိပေးကြောင်း ဆီလုပ်ငန်းရှင်များအသင်းက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့် ပြည်တွင်းစားသုံးဆီ ဖူလုံစေရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု အသင်းက ထုတ်ပြန်ထားသည်။

Most Read

Most Recent