ရေပိုလွှဲမှ ရေကျော်စီးဆင်းနေသည့် ရေလှောင်တမံ ၆၃ ခုရှိပြီး ပေါင်းလောင်းရေလှောင်တမံအနေဖြင့် ရေပိုလွွှဲမှ  ၁၁ ဒသမ ၅ ပေခန့် ရေကျော်စီးဆင်းနေဟုဆို

ရေပိုလွှဲမှ ရေကျော်စီးဆင်းနေသည့် ရေလှောင်တမံ ၆၃ ခုရှိပြီး ပေါင်းလောင်းရေလှောင်တမံအနေဖြင့် ရေပိုလွွှဲမှ  ၁၁ ဒသမ ၅ ပေခန့် ရေကျော်စီးဆင်းနေဟုဆို
Published 13 September 2024

ရေပိုလွှဲမှ ရေကျော်စီးဆင်းနေသည့် ရေလှောင်တမံ ၆၃ ခုရှိပြီး ပေါင်းလောင်းရေလှောင်တမံအနေဖြင့် ရေပိုလွွှဲမှ  ၁၁ ဒသမ ၅ ပေခန့် ရေကျော်စီးဆင်းနေကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်း၏ ပြောကြားချက်အရ သိရသည်။

ဆည်တာတမံများအတွင်း ရေဝင်ရောက်မှု၊ ကြံ့ခိုင်မှုနှင့် အနီးကပ်စောင့်ကြည့်စီမံမှုများ ဆောင်ရွက်နေသည့်အခြေအနေနှင့်စပ်လျဉ်း၍  စက်တင်ဘာ ၁၃ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများဖော်ပြထားသည့် အင်တာဗျူးတွင် ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ထိုသို့ပြောကြားခြင်းဖြစ်သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်အပါအဝင် မန္တလေးတိုင်းဒေသကြီးနှင့် အခြားတိုင်းဒေသကြီး၊  ပြည်နယများတွင်  ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ရသည့် အဓိက အကြောင်းရင်းသည် စက်တင်ဘာ ၇ ရက်တွင်  ဗီယက်နမ်ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် ရာဂီမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်လာသည့် လေပွေလှိုင်းများ၏ အကျိုးသက်ရောက်မှုနှင့် မိုးရေချိန်လက်မများစွာ ရွာသွန်းခဲ့၍ ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

“လက်ရှိမှာ ရေပိုလှွဲက ရေကျော်စီးဆင်းနေတဲ့ ရေလှောင်တမံ ၆၃ ခုရှိပါတယ်။ ဒီနေရာမှာ ရှင်းပြချင်တာက ရေလှောင်တမံတွေမှာ ကန်ရေပြည့်အမှတ်ဆိုတာရှိပါတယ်။ အဲဒီကန်ရေပြည့် အမှတ်ကိုကျော်ပြီး ရေစီးဝင်လာတဲ့အခါ ရေပိုလှွဲကနေစီးထွက်ပြီး မူလချောင်းထဲကို ပြန်ရောက်သွား တာဖြစ်ပါတယ်။ အဲဒီလိုရေပိုလှွဲက ရေကျော်စီးဆင်းပြီး မူလချောင်းထဲကို ပြန်စီးဝင်နေတဲ့ ရေလှောင်တမံ ၆၃ ခုရှိတယ်လို့ ဆိုလိုတာဖြစ်ပါတယ်”

ထိုသို့ ရေကျော်စီးဆင်းသည့်အခါ အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု စီမံချက်အရ ရေပိုလှွဲမှ ရေကျော်ပါက အရေးပေါ်အခြေအနေ အဆင့် (၁) အဖြစ်သတ်မှတ်ပြီး အစိမ်းရောင်အလံကို ရေလှောင်တမံနှင့် တမံအောက်က ဆက်စပ်တည်ရှိသည့် ကျေးရွာများတွင် စိုက်ထူပြီး ဒေသခံပြည်သူများ သိရှိနိုင်အောင်အသိပေးကြောင်း၊ အဆိုပါ အခြေအနေတွင် ဒေသခံများအနေဖြင့် စိုးရိမ်ရန်မရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်ပြီဆိုသည်ကို သိရှိနိုင်အောင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ အဆိုပါ အခြေအနေမှ ရေမှတ်ထပ်တက်လာပြီး ရေလှောင်တမံ၏ ရေကြီးမှတ်ကို ရောက်သည့်အခါ အရေးပေါ်အခြေအနေ အဆင့် (၂) အဖြစ်သတ်မှတ်ပြီး အဝါရောင်အလံကို လှွင့်ထူပါကြောင်း၊ ရေကြီးမှတ်ဆိုသည်မှာ ရေပိုလှွဲကိုတည်ဆောက်စဉ်က အများဆုံးလာနိုင်မည်ဟု တွက်ချက်ထားသည့် ဒီဇိုင်းအရရောက်နိုင်သည့် ရေအမှတ်ကိုဆိုလိုခြင်းဖြစ်ကြောင်း၊ ယင်းအခြေအနေတွင် ဒေသခံပြည်သူများအနေဖြင့် သတိနှင့် စောင့်ကြည့်ဖို့လိုသည့် အခြေအနေဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်တက်၍ တမံထိပ်ပြင်သို့ ရေကျော်နိုင်သည့်အခြေအနေ ဖြစ်လာသည့်အခါ တမံကျိုးပေါက်နိုင်သည့် အခြေအနေရှိ၍ အရေးပေါ်ရှွေ့ပြောင်းခြင်းများ လုပ်ဆောင်နိုင်အောင် အနီရောင်အလံကို အရေးပေါ်အခြေအနေ အဆင့် (၃) အဖြစ် စိုက်ထူအသိပေးကြောင်း၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အသိပေးကြောင်း ၎င်းကပြောကြားသည်။

“ဒါကြောင့် ရေကျော်စီးဆင်းနေတဲ့တမံတွေမှာ အရေးပေါ်အခြေအနေအဆင့် (၁) အနေနဲ့ အစိမ်းရောင် အလံများလှွင့်ထူထားပါကြောင်း အသိပေးလိုပါတယ်။ အဝါရောင်အလံစိုက်ထူထားတဲ့ တမံမရှိ သေးပါကြောင်းကိုလည်း အသိပေးလိုပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

နေပြည်တော်နယ်မြေတွင်ရှိသည့် အဓိကရေလှောင်တမံကြီးများထဲမှ  ပေါင်းလောင်း၊ ငလိုက် တမံနှစ်ခုသာ ရေကျော်ခြင်းရှိကြောင်း၊ ကျန်သည့် တမံများအနေဖြင့် ကန်ရေပြည့်အမှတ်ကို မရောက်သေးသည်ကိုတွေ့ရကြောင်း၊ နေပြည်တော်ဧရိယာအတွင်းမှ ချောင်းများကို ရှမ်းကုန်းပြင်မြင့်မှစပြီး စီးဆင်းသည့် ချောင်းများနှင့် အလယ်ရိုးမကိုအခြေခံသည့် ချောင်းများဆိုပြီး ခွဲခြားနိုင်ကြောင်း၊ လက်ရှိ မိုးရွာသွန်းခဲ့သည်မှာ ရှမ်းကုန်းပြင်မြင့်ကိုအခြေခံပြီး စံချိန်တင်မိုးရေချိန်များ ရွာသွန်းခဲ့ခြင်းကြောင့် ယင်းမှစီးဆင်းလာသည့်ရေများသည် နဝင်းချောင်း၊ မုန်ချောင်း၊ ကင်းသာချောင်းမှ စုစည်းပြီး ဆင်သေချောင်းမှ တစ်ဆင့် နောက်ဆုံးပေါင်းလောင်းချောင်းထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းလာခဲ့၍ ချောင်းရေများ ရုတ်တရက်မြင့်တက်ပြီး ရေကြီးရေလျှံခြင်းများဖြစ်ခြင်းများ ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

“အဓိကကတော့ နဝင်းချောင်းနဲ့ဆင်သေချောင်းက စီးလာတဲ့ရေတွေကြောင့်ပဲ ဖြစ်ပါတယ်။ ဆင်သေချောင်းရေကြီးလို့ တပ်ကုန်းနဲ့ နေပြည်တော်ထဲက အချို့ရပ်ကွက်တွေထဲကို ရေဝင်ရောက်မှုတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဆင်သေချောင်းပေါ်မှာတည်ဆောက်ထားတဲ့ ဆင်သေဆည်ကတော့ ရေပြည့်ဖို့ ၁၂ ပေ တောင်လိုနေပါသေးတယ်။ အလားတူ ရေဆင်း၊ ချောင်းမငယ်၊ မဒန်း စတဲ့ တမံတွေဟာလည်း ရေပြည့်ဖို့လိုနေပါသေးတယ်။ ပေါင်းလောင်းရေလှောင်တမံအနေနဲ့ လက်ရှိမှာ ရေပိုလှွဲက ၁၁ ဒသမ ၅ ပေလောက် ရေကျော်စီးဆင်းနေပြီး ပေါင်းလောင်းချောင်းထဲကို ဝင်ရောက်နေပါတယ်။ ဒါ့အပြင် ဆင်သေချောင်းရေဟာလည်း ပေါင်းလောင်းချောင်းထဲကို စီးဝင်နေတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီရေတွေပေါင်းပြီး ပေါင်းလောင်းချောင်းရေမြင့်လာကာ ပေါင်းလောင်းရေလှွဲဆည်မှာ ၁၁ ပေ လောက် ရေကျော်စီးဆင်းနေတာဖြစ်ပါတယ်။ အဲဒီရေတွေဟာ ဆက်လက်စီးဆင်းပြီး တောင်ငူမြို့ကို မကြာခင်ရောက်ရှိသွားမှာဖြစ်ပါတယ်။ ဒါကြောင့် စစ်တောင်းမြစ်ရေဟာ မြင့်တက်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေကို ကြိုတင်အသိပေးကြေညာထားပြီး ရေဘေးကာကွယ်ရေးလုပ်ငန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

အလားတူ နေပြည်တော်နှင့်ကပ်လျက်ရှိသည့် မန္တလေးတိုင်းဒေသကြီးထဲမှ ရမည်းသင်း၊ ပျော်ဘွယ် စတဲ့ဒေသများတွင်လည်း အရှေ့ဘက်တွင်ရှိသည့် ရှမ်းကုန်းပြင်မြင့်ဧရိယာတွင် စံချိန်တင်မိုးရေချိန်ရွာခဲ့သဖြင့် ရေများအလုံးအရင်းနှင့်စီးဆင်းလာပြီး ဒေသမှာရှိသည့် ဆည်ငယ်၊ ကန်ငယ်များထဲသို့ုစီးဝင်ပြီး တာပေါင်ပေါ်ရေကျော်ခြင်း၊ ရေတိုက်စားခြင်းများဖြစ်ခဲ့ကြောင်း၊ အဆိုပါရေများသည်  နေပြည်တော်ထဲကိုစီးသည့် နဝင်းချောင်းထဲသို့ ရောက်ရှိသလို မိတ္ထီလာလွင်ပြင်ထဲမှ စမုံမြစ်ထဲကို စီးဆင်းသွားခြင်းများရှိကြောင်း ၎င်းကဆိုသည်။

“ ဒီဒေသတွေမှာ တစ်နှစ် ပျမ်းမျှရွာတဲ့ မိုးရေချိန်က လက်မ ၃၀ ပတ်ဝန်းကျင်ပဲရှိပါတယ်။ အခုလိုမျိုး တစ်ရက်ထဲမှာ ၁၀ လက်မကျော် တစ်ပေနီးပါးလောက် ရွာတဲ့အခါမှာ ပုံမှန်စီးဆင်းနေတဲ့ ချောင်းတွေဟာ ရုတ်တရက်ဝင်လာတဲ့ ရေတွေကိုကောင်းကောင်းမသယ်နိုင်တော့ဘဲ ရေကြီးရေလျှံတာတွေ၊ အနိမ့်ပိုင်းနေရာတွေကို ဝင်တာတွေ ဖြစ်ပေါ်လာပါတယ်။ ထိခိုက်ပျက်စီးမှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် အဲဒီဒေသတွေမှာ မကြုံစဖူးရုတ်တရက်ရေကြီးတာတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။အဲဒီလိုပဲ ရှမ်းကုန်းပြင်မြင့်က စီးဆင်းလာတဲ့ဇော်ဂျီမြစ်ရေဟာ အချိန်တိုအတွင်း မြင့်တက်လာတဲ့အတွက် ကျောက်ဆည်မြို့အပါအဝင် မြစ်ဘေးဝန်းကျင်မှာရှိတဲ့ ဒေသတွေ ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

ထို့ပြင် ကျောက်ဆည်၊ မြစ်သား စသည့် ဒေသများတွင်လည်း ဇော်ဂျီမြစ်ရေမြင့်တက်လာနိုင်သည့် အခြေအနေ များရှိ၍ သက်ဆိုင်ရာသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီများနှင့်ပူးပေါင်းပြီး ဒေသခံများကို ကြိုတင်အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိအခြေအနေတွင် ဇော်ဂျီမြစ်၏ အဖျားပိုင်းတွင် မိုးနည်းလာပြီး မြို့ကြီးရေလှွဲဆည်တွင်လည်း ရေလျော့ကျလာခြင်းကို တွေ့ရကြောင်း၊ သို့သော် စမုံမြစ်နှင့် ပန်းလောင် မြစ်ရေများသည် ဇော်ဂျီမြစ်ထဲကို စီးဆင်းနေပြီး ကျောက်ဆည်မြို့အောက်ပိုင်းတွင်  ရေတောင့်နေသည့်အတွက် မြို့ပတ်ဝန်းကျင်တွင် ရေမလျော့သေးကြောင်း၊ မြစ်အထက်ပိုင်းမှာရှိသည့်  ရေလှောင်တမံများကလည်း ရေကျော်စီးဆင်းမှု လျော့ကျလာသည့်အတွက် တစ်စုံတစ်ရာ စိုးရိမ်ရန်မရှိကြောင်း ၎င်းက ပြောကြားသည်။

“ပေါင်းလောင်းမြစ်အနေနဲ့ကတော့ ဆင်သေချောင်းရေနဲ့ ပေါင်းလောင်းချောင်းရေတွေပေါင်းပြီး စီးဆင်းနေလို့ ပေါင်းလောင်းရေလှွဲဆည်မှာ စံချိန်တင်ရေအမှတ်ကိုရောက်ခဲ့ပြီး လက်ရှိမှာတော့ ရေပြန်ကျနေပါတယ်။ ဒါပေမယ့် ဒီရေတွေဟာ အောက်ဘက်ကိုဆက်စီးသွားပြီး တောင်ငူမြို့ကို ရောက်ရှိမှာဖြစ်ပါတယ်။ တောင်ငူမြို့မှာလည်း စစ်တောင်းမြစ်ရေဟာ မြင့်တက်နေတဲ့အတွက် လတ်တလောအနေနဲ့ ရေလျော့ကျဖို့မရှိသေးကြောင်းနဲ့ ဒေသခံများအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကိုစောင့်ကြည့်ပြီး လိုက်နာဆောင်ရွက်ကြဖို့ အသိပေးပြောကြားလိုပါတယ်” ဟု ညွှန်ကြားရေးမှူး ဦးကောင်းမြတ်သိန်းက ပြောကြားသည်။

ထို့ပြင် မိမိတို့ဌာနအနေဖြင့် မိုးလေဝသသတင်းများအရ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးများပြီး ရေဝင်ရောက်မှုမျာမည်ဟု ခန့်မှန်းရရှိသည့်အတွက် ဌာနဝန်ထမ်းများကို ကြိုတင် အသိပေးခြင်းများ၊ စဉ်ဆက်မပြတ် စောင့်ကြည့်သတင်းပေးပို့ရန်၊ ဆက်စပ်ဌာနများနှင့်ပူးပေါင်းပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကိုလုပ်ရန်၊ ညှွန်ကြားခြင်းများ ဆောင်ရွက်သလို ရေဝင်ရောက်မှုများကို စောင့်ကြည့်စီမံခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း ၎င်းကပြောကြားသည်။

 

Most Read

Most Recent