ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့

ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့
Published 1 May 2021

မေ ၃ ရက်တွင် ၂၈ ကြိမ်မြောက် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ကို ယူနက်စကိုက ဦးဆောင်ကာ ကမ္ဘာတစ်ဝန်းတွင် ကျင်းပမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ်အတွက် ပင်မအကြောင်းအရာမှာ “လူထုကောင်းကျိုးအတွက် သတင်းအချက်အလက်” ဖြစ်ပြီး လူထုကောင်းကျိုးတစ်ရပ်အဖြစ် တန်ဖိုးထားရမည့် သတင်းအချက်အလက်၏ အရေးကြီးပုံအတွက် အခိုင်အမာရပ်တည်လျက် ဂျာနယ်လစ်ဇင် အားကောင်းစေရန်နှင့် မည်သူ့ကိုမျှ နောက်ကျန်မရစ်စေဘဲ ပွင့်လင်းမြင်သာမှုနှင့် လုပ်ပိုင်ခွင့်တိုးတက်ရန် သတင်းအကြောင်းအရာများ ထုတ်လုပ်ဖြန့်ချိလက်ခံရာ၌ လုပ်နိုင်ကိုင်နိုင်မည့် အရာများကို ရှာဖွေရန် တောင်းဆိုမှုဖြစ်သည်။ ယင်းပင်မအကြောင်းအရာသည် ကမ္ဘာတစ်လွှားရှိ နိုင်ငံများအားလုံးနှင့် အရေးတကြီး သက်ဆိုင်သည်။ ယင်းသည် လူသားတို့၏ ကျန်းမာရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးတို့နှင့်ပတ်သက်၍ ရိုက်ခတ်မှုရှိသော ဆက်သွယ်ရေးစနစ်များ ပြောင်းလဲခြင်းကို အသိအမှတ်ပြုထားသည်။အွန်လိုင်းမီဒီယာဝန်းကျင်အတွင်း သတင်းအချက်အလက်၏ အရေးကြီးပုံကို မီးမောင်းထိုးပြလျက် ၂၀၂၁ ခုနှစ် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့သည် အဓိကခေါင်းစဉ်သုံးခုကို အထူးပြုထားရာ ယင်းတို့၌ သတင်းမီဒီယာများ၏ စီးပွားရေးအရ ရပ်တည်ရှင်သန်နိုင်ရန် သေချာစေရေး ခြေလှမ်းများ၊ အင်တာနက်ကုမ္ပဏီများနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု သေချာစေရေးအတွက် လုပ်ငန်းစဉ်များနှင့် လူထုကောင်းကျိုးတစ်ရပ်အဖြစ် သတင်းအချက်အလက်၏မရှိမဖြစ် အစိတ်အပိုင်းအဖြစ် ဆောင်ရွက်သော ဂျာနယ်လစ်ဇင်ကို လူထုအားအသိအမှတ်ပြု တန်ဖိုးထားစေရုံမက ကာကွယ်တောင်းဆိုမှုလည်း ပြုနိုင်ရေးအတွက် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ တတ်မြောက်မှု (MIL) စွမ်းရည်များ အစရှိသည်တို့ ပါဝင်သည်။

စာနယ်ဇင်းလွတ်လပ်ခွင့် သို့မဟုတ် မီဒီယာလွတ်လပ်ခွင့်ဟူသည် ပုံနှိပ် သို့မဟုတ် အီလက်ထရွန်နစ်မီဒီယာများ အထူးသဖြင့် ထုတ်ဝေဖြန့်ချိသည့်အရာများအပါအဝင် မီဒီယာအမျိုးမျိုးမှတစ်ဆင့် ဆက်သွယ်ဖော်ပြမှုများကို လွတ်လပ်စွာ ကျင့်သုံးပိုင်ခွင့်ရှိကြောင်း သတ်မှတ်သင့်သည်ဟူသည့် သဘောတရားစည်းမျဉ်းဖြစ်သည်။ ယင်းကဲ့သို့သော လွတ်လပ်ခွင့်အပေါ် နိုင်ငံတော်က ဝင်ရောက်စွက်ဖက်နှောင့်ယှက်မှု ကင်းမဲ့ရေးကို ရည်ညွှန်းပြီး အဆိုပါလွတ်လပ်ခွင့်အား ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာနှင့် အခြားဥပဒေဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုများမှတစ်ဆင့် ထိန်းသိမ်းပေးရမည်ဟူ၍ ဖြစ်သည်။ ကုလသမဂ္ဂ၏ ၁၉၄၈ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၌လည်း “လူတိုင်း၌ လွတ်လပ်စွာ ထင်မြင်ချက်ပေးပိုင်ခွင့်နှင့် ဖော်ထုတ်ပြသပိုင်ခွင့်ရှိသည်။ ယင်းအခွင့်အရေးတွင် စွက်ဖက်နှောင့်ယှက်မှုမရှိဘဲ ထင်မြင်ချက်ကို ဆုပ်ကိုင်ထားပိုင်ခွင့်နှင့် မည်သည့်မျက်နှာစာများ၌ဖြစ်စေ မည်သည့်မီဒီယာမှတစ်ဆင့်မဆို အချက်အလက်များနှင့် စိတ်ကူးစိတ်သန်းများကို ရှာဖွေခွင့်၊ လက်ခံခွင့်နှင့် ဖန်တီးပေးအပ်ပိုင်ခွင့် ပါဝင်သည်” ဟူ၍ ဖော်ပြထားသည်။

စာနယ်ဇင်းလွတ်လပ်ခွင့် အခြေခံသဘောတရားများကို မြှင့်တင်ရန်၊ ကမ္ဘာတစ်လွှားမှ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အကဲဖြတ်ရန်၊ ၎င်းတို့၏ လွတ်လပ်ခွင့်အပေါ် တိုက်ခိုက်ခံရမှုများမှ မီဒီယာများကို ကာကွယ်ပေးရန်နှင့် မီဒီယာအလုပ်ကို လုပ်ကိုင်ရင်း အသက်ဆုံးရှုံးခဲ့ရသည့် ဂျာနယ်လစ်များကို ဂုဏ်ပြုရန်တို့အတွက် နှစ်စဉ် မေ ၃ ရက်တွင် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို ကျင်းပလာခဲ့သည်မှာ ၂၈ ကြိမ်မြောက်ခဲ့ပြီဖြစ်သည်။ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ကို ၁၉၉၁ ခုနှစ် ယူနက်စကို၏ ညီလာခံတွင် အဆိုပြုခဲ့ပြီး ၁၉၉၃ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။ မီဒီယာဗဟုဝါဒနှင့်  မီဒီယာ လွတ်လပ်ခွင့်နှင့် ပတ်သက်သော Windhoek ကြေညာစာတမ်းကို ၁၉၉၁ ခုနှစ်တွင် အာဖရိက ဂျာနယ်လစ်များက ထုတ်ပြန်ခဲ့ပြီး ယင်းသမိုင်းဝင်စာတမ်းကို တုံ့ပြန်သောအားဖြင့် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ကျင်းပရန် အဆိုပြုခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ကမ္ဘာလုံးဆိုင်ရာ ညီလာခံကို ယူနက်စကိုနှင့် နမ်မီဘီယားအစိုးရတို့က ကြီးမှူးကျင်းပခြင်းဖြစ်သည်။ ယင်းကို ဧပြီ ၂၉ ရက်မှ မေ ၃ ရက်အထိ Windhoek မြို့တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါညီလာခံက COVID-19 ကပ်ရောဂါက ပိုမိုဆိုးရွားစေခဲ့သည့် အကျပ်အတည်းတစ်ရပ်ဖြစ်သော ကမ္ဘာတစ်လွှားမှ ဒေသခံမီဒီယာများ ရင်ဆိုင်နေရသည့် မျိုးသုဉ်းပျောက်ကွယ်အောင် ခြိမ်းခြောက်မှုကို အရေးတကြီး သတိပြုလာရန် တောင်းဆိုမည်ဖြစ်သည်။ ယင်းညီလာခံက အွန်လိုင်းမီဒီယာဝန်းကျင်အနေနှင့် ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို ကိုင်တွယ်ရန်၊ အင်တာနက်ကုမ္ပဏီများအား ပို၍ပွင့်လင်းမြင်သာမှုရှိစေရေး တွန်းအားပေးရန်၊ ဂျာနယ်လစ်များ၏ ဘေးကင်းလုံခြုံမှုကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ လုပ်ငန်းခွင် အခြေနေရပ်များ တိုးတက်စေရန်တို့အတွက် စိတ်ကူးများကို ဖော်ထုတ်သွားမည်ဖြစ်သည်။ ညီလာခံက လွတ်လပ်သော မီဒီယာများကို ထောက်ခံအားပေးသွားရန်နှင့် ယင်းစိန်ခေါ်မှုများကို ရင်ဆိုင်နိုင်စေရေးအတွက် ပြည်သူများ လုပ်ပိုင်ခွင့်ရရန်တို့ကိုလည်း တောင်းဆိုသွားမည်ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ လူထုကောင်းကျိုးအတွက် သတင်းအချက်အလက်များ ရရှိရန်အတွက် စာနယ်ဇင်းလွတ်လပ်ခွင့်သည် မရှိမဖြစ် အရေးကြီးပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။                                                

မေ ၂ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အာဘော်

Most Read

Most Recent