ယီမင်နိုင်ငံကို အကြောက်တရားပိုစေခဲ့သည့် COVID-19 ဒုတိယလှိုင်း

ယီမင်နိုင်ငံကို အကြောက်တရားပိုစေခဲ့သည့် COVID-19 ဒုတိယလှိုင်း
Published 29 April 2021
Ref:AFP

ဇနီးသည်၏ အုတ်ဂူဘေးတွင်ထိုင်နေသည့် မူရှီယာဖာဟန်သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး အသက်ရှုရခက်ခဲကာ ကိုယ်ဝန်အရင့်အမာရှိနေသည့် သူ၏ဇနီးသည်ကို ဆေးရုံသုံးခုက လက်ခံကုသပေးရန်ငြင်းဆိုခဲ့သည့်ဖြစ်ရပ်များကို ပြန်လည်စဉ်းစားနေမိသည်။

သူ၏ဇနီးသည် ဘယ်လ်ကီနှင့် လူ့လောကထဲသို့မရောက်သေးသည့် ရင်သွေးငယ်တို့သည် စစ်ကြောင့် ချွတ်ခြုံကျနေသည့် ယီမင်နိုင်ငံ၏ မြို့တော်ဆန်နာရှိ စတုတ္ထမြောက်ဆေးရုံသို့ရောက်ရှိချိန်တွင် မိခင်ဖြစ်သူမှာ ကွယ်လွန်သွားခဲ့ပြီး ရင်သွေးငယ်ကိုမူ ကယ်တင်နိုင်ခဲ့သည်။

အသက် ၃၁ နှစ်အရွယ်သာရှိသေးသည့် ဘယ်လ်ကီသည် ခုနစ်နှစ်ကြာဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ယိုယွင်းနေသည့် ယီမင်နိုင်ငံ၏ ကပ်ရောဂါဒုတိယလှိုင်းအတွင်း ထိခိုက်ခဲ့ရသည့် သားကောင်ဖြစ်ခဲ့ပြီး ဆရာဝန်များသည်လည်း ရောဂါကူးစက်မှုသံသယရှိသူများကို ကုသမှုပေးရန် ငြင်းဆိုနေကြသည်။

COVID-19 သံသယရှိလူနာများကို မည်ကဲ့သို့ကုသရမည်ကို တိကျသေချာစွာမသိကြသည့် ဆေးဘက်ဝန်ထမ်းများနှင့်အတူ ဆေးရုံများတွင်လည်း အောက်ဆီဂျင်အပါအဝင်မရှိမဖြစ်လိုအပ်သည့် အထောက်အကူ ပြုပစ္စည်းများပြတ်လပ်နေခြင်းနှင့် လျှပ်စစ်ဓာတ်အား မကြာခဏပြတ်တောက်ခြင်းတို့ကြောင့် အခြေအနေကို ပိုမိုဆိုးရွားစေသည်။

၂၀၁၄ ခုနှစ်တွင် အစိုးရထံမှ ဆန်နာမြို့တော်ကို သိမ်းယူခဲ့ပြီး နိုင်ငံမြောက်ပိုင်းမှ နယ်နိမိတ်အများစုကို ထိန်းချုပ်ထားသည့် အီရန်၏ ထောက်ပံ့မှုကိုရရှိထားသည့် ဟူရ်သီသူပုန်များကလည်း ရောဂါကူးစက်မှုအချက်အလက်များကို ထုတ်ပြန်ခြင်းမရှိခဲ့ပေ။

နိုင်ငံတကာအသိအမှတ်ပြုထားသည့်အစိုးရက ထိန်းချုပ်ထားသော နိုင်ငံတောင်ဘက်ပိုင်းအပါအဝင် နိုင်ငံတစ်ဝန်းတွင်လွန်ခဲ့သည့်လက ဗိုင်းရပ်စ်ကူးစက်ခံရသူမြင့်တက်ခဲ့ခြင်းနှင့်အတူ ဆန်နာမြို့တော်တွင် ဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် ထင်ရှားသည့် အကြောင်းအရာ ဖြစ်လာခဲ့သည်။

ဇနီးသည် ဘယ်လ်ကီနှင့် စတုတ္ထမြောက်ဆေးရုံသို့ ရောက်ရှိခဲ့ချိန်တွင် အားလုံးနောက်ကျသွားခဲ့သည်ဟု ဖာဟန်က ဆိုသည်။

“သူ(ဘယ်လ်ကီ) စစ်ဆေးတဲ့အခန်းထဲကို ဝင်သွားခဲ့တယ်။ အဲ့ဒီအချိန်ကျွန်တော်လိုအပ်တဲ့ ဆေးတွေသွားဝယ်နေခဲ့တာ။ကျွန်တော်ပြန်လာတော့ သူ့ရဲ့အသက်မဲ့တဲ့ရုပ်အလောင်းကိုပဲ မြင်ရတော့တယ်” ဟု ဖာဟန်ကအေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“ကျွန်တော့်ဇနီးမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါရှိလို့ သားဖွားဆရာဝန်နဲ့ မေ့ဆေးဆရာဝန်တို့က ကြောက်လန့်နေပြီးမိခင်ရောကလေးကိုပါ  ကယ်နိုင်ဖို့အတွက် ခွဲစိတ်ကုသပေးဖို့ ငြင်းဆိုလိုက်ပါတယ်” ဟု ဖာဟန်က ဝမ်းနည်းကြေကွဲစွာ ပြောကြားခဲ့သည်။

ဆော်ဒီဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့က ထောက်ပံ့ပေးသော ယီမင်အစိုးရနှင့် အီရန်ကျောထောက်နောက်ခံပေးထားသော ဟူရ်သီသူပုန်များအကြား နှစ်ပေါင်းကြာရှည်ဖြစ်ပွားနေသော ပဋိပက္ခအတွင်းလူထောင်ချီသေဆုံးခဲ့ပြီး လူသန်းပေါင်းများစွာအငတ်ဘေးနှင့် တွေ့ကြုံနေရသည်။

ကုလသမဂ္ဂက ယင်းဖြစ်စဉ်အား ကမ္ဘာ့အဆိုးဆုံး လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းတစ်ရပ်ဖြစ်သည်ဟု ပြစ်တင်ခဲ့ပြီး လူဦးရေ သန်း ၃၀ ရှိသည့် ယီမင်နိုင်ငံတွင် လူလေးသန်းကျော်မှာ ရွှေ့ပြောင်းနေထိုင်ခဲ့ကြရပြီး လူဦးရေ၏ သုံးပုံနှစ်ပုံမှာ ကူညီထောက်ပံ့မှုပေါ် မှီခိုနေကြသူများဖြစ်သည်။

အာရေဗျကျွန်းဆွယ်တွင် အဆင်းရဲဆုံးနိုင်ငံအဖြစ် နှစ်ကာလကြာရှည်တည်ရှိနေသည့် ယီမင်နိုင်ငံသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးတွင် လုံးလုံးလျားလျား ပြိုလဲခဲ့သည်။

ကျောင်းများ၊ စက်ရုံများနှင့် ဆေးရုံများ ပျက်စီးခဲ့ပြီး ကလေးအများစုသည်လည်း စစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့်အပြင် လူပေါင်းများစွာသည်လည်း ၎င်းတို့၏အိုးအိမ်များ ဆုံးရှုံးခဲ့ကြသည်။

ကပ်ရောဂါ ကူးစက်ပျံ့နှံ့နေသော်လည်း  ဗိုင်းရပ်စ်ကူးစက်ခံရသူများပြားသောကြောင့် မနိုင်မနင်းဖြစ်နေသည့် ဆေးရုံများ၏ပြင်ပ၌ ဆန်နာမြို့တော်ကြီး၏ နေ့စဉ်လူနေမှုဘဝများမှာ ပုံမှန်အတိုင်းလည်ပတ်လျက် ရှိနေကြသည်။

စျေးများတွင် လူများပုံမှန်အတိုင်းသွားလာမြဲဖြစ်ပြီး ရာမဒန်ဥပုဒ်ကာလအတွင်း ဗလီများတွင်လည်း လာရောက်သူများနှင့် စည်ကားနေသည်။

နှာခေါင်းစည်းတပ်ဆင်ထားသူများမှာ မြင်တွေ့ရခဲသည့်အပြင် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကျန်းမာရေးသတိပေးမှုများလည်း မရှိပေ။

“တရားဝင်ထုတ်ပြန်တဲ့အချက်အလက်တွေ၊ စစ်တမ်းတွေ မရှိပါဘူး။ ဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးတဲ့ ရလဒ်တွေကိုလည်း တရားဝင်မထုတ်ပြန်ပါဘူး” ဟု ယီမင်နိုင်ငံ၏ ကျန်းမာရေးအခြေအနေနှင့် အကျွမ်းတဝင်ရှိသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

နိုင်ငံတောင်ပိုင်းတွင် မတ်လလယ်ပိုင်း ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ မြင့်တက်လာခဲ့ပြီး နိုင်ငံ၏ ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးကော်မတီက အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ခဲ့သည်။

“ပြည်သူ့ဆေးရုံတွေမှာ လူနာပြည့်လုနီးပါး ဖြစ်သွားခဲ့ပါတယ်။ ပုဂ္ဂလိကဆေးရုံတွေမှာတော့ အခြေအနေတွေ ရှင်းရှင်းလင်းလင်း မသိရသေးဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။

“လူတွေက သူတို့မှာ COVID-19 ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင် ဆေးရုံသွားဖို့ အင်တင်တင်ဖြစ်တတ်ကြတယ်” ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

“လူတွေက သူတို့တွေကို အမှန်တကယ် ကုသပေးနေတယ်ဆိုတာကို မယုံကြည်ကြပါဘူး။ ကောလဟာလတွေအပြင် ဒီနိုင်ငံရဲ့ ဆေးဘက်ဆိုင်ရာစနစ်ကို မယုံကြည်ကြတဲ့အတွက် ဆေးကုဖို့ ကြောက်နေကြတယ်” ဟု ယင်းသတင်းရင်းမြစ်က ဆိုသည်။

ယီမင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆,၁၃၇ ဦးရှိပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁,၁၈၇ ဦးရှိသည်ဟု တရားဝင်ထုတ်ပြန်ထားသော်လည်း အမှန်တကယ် ဗိုင်းရပ်စ်ကူးစက်ခံရသူနှင့် သေဆုံးသူဦးရေမှာ ပိုမိုများပြားဖွယ်ရှိသည်။

ယီမင်တွင် လွန်ခဲ့သည့်လက ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးအညီအမျှ ရရှိရန်ရည်ရွယ်သည့် Covax အစီအစဉ်မှတစ်ဆင့်ကာကွယ်ဆေး ပထမအသုတ်ရရှိခဲ့သည်။

နိုင်ငံတောင်ဘက်ပိုင်းရှိ နိုင်ငံတကာအသိအမှတ်ပြုအစိုးရအခြေစိုက်ရာအာဒန် ဆိပ်ကမ်းမြို့ဆီသို့ AstraZeneca ၏ ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၃၆၀,၀၀၀ ရောက်ရှိခဲ့သည်။

သူပုန်များထိန်းချုပ်ထားသည့် နေရာဒေသများအတွက် ဆန်နာမြို့သို့ ပို့ဆောင်ရန် ကာကွယ်ဆေးအလုံးရေ ၁၀,၀၀၀ ကို WHO ထံ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု ယီမင်၏အမျိုးသား COVID-19 အရေးပေါ်ကော်မတီ ပြောရေးဆိုခွင့်ရှိသူ အစ်ရှ်ရပ် အယ်ဆီဘေက ပြောကြားခဲ့သည်။

သို့သော် ဟူရ်သီများသည် ဦးစားပေးကျန်းမာရေးဝန်ထမ်းများကို ကာကွယ်ဆေးထိုးနှံပေးခြင်းရှိ၊မရှိ မသိရသေးသော်လည်း ဟူရ်သီအရာရှိများကမူ ကာကွယ်ဆေးထိုးနှံမည်မှာ အသေအချာပင်ဖြစ်ကြောင်း၎င်းက ပြောကြားခဲ့သည်။

လုံခြုံရေးကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၃၅ နှစ်အရွယ်ဖာဟန်အတွက် အရာရာသည် နောက်ကျသွားခဲ့သောကြောင့် ဇနီးဖြစ်အား ဆုံးရှုံးခဲ့ရသည်။

ဖာဟန်သည် နောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရခြင်း ရှိ၊မရှိ စစ်ဆေးရာတွင် ရောဂါကူးစက်ခံရခြင်း မရှိကြောင်း တွေ့ရှိခဲ့သည်။

“ကျွန်တော့်ရဲ့ဇနီးက သူအသက်ရှုနိုင်ပြီး သူ့ကိုရော ကျွန်တော်တို့ရဲ့ကလေးကိုပါ ကယ်တင်နိုင်မယ့် အကူအညီတစ်ခုအမြန်ဆုံး လိုအပ်ခဲ့ရုံပါ” ဟု ဖာဟန်က ဝမ်းနည်းပူဆွေးလျက် ပြောကြားခဲ့သည်။

Most Read

Most Recent