ကိုရိုနာဗိုင်းရပ်စ် ဇာစ်မြစ်စုံစမ်းရေးခရီးစဉ်နှင့် အတောမသတ်နိုင်သော အငြင်းပွားမှုများ

ကိုရိုနာဗိုင်းရပ်စ် ဇာစ်မြစ်စုံစမ်းရေးခရီးစဉ်နှင့် အတောမသတ်နိုင်သော အငြင်းပွားမှုများ
Photo:AFP
Photo:AFP
Published 24 April 2021
မြတ်သက်မှူးကို

 ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ၏ မူလဇာစ်မြစ်ကို စုံစမ်းရန် အပြည်ပြည်ဆိုင်ရာအဖွဲ့က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့်ခရီးစဉ်မှာ အဖြေများရရှိလာခြင်းထက် ခရီးစဉ်အပေါ် မေးခွန်းများ ပိုမိုထွက်ပေါ်လာခဲ့ပြီး နောက်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည်လျှို့ဝှက်ဆန်းကြယ်မှုများကို ဖြေရှင်းရန် သံတမန်ရေး ရှုပ်ထွေးမှုများကို မည်သို့မည်ပုံ ချဉ်းကပ်ရမည်ဆိုသည့်အချက်ကိုအကဲဖြတ်ချင့်တွက်လျက်ရှိသည်။

COVID-19 ကပ်ရောဂါကို ဖြစ်ပေါ်စေသော ဗိုင်းရပ်စ်သည် ပထမဆုံးလူသားများထံ မည်ကဲ့သို့ပျံ့နှံ့ကူးစက်လာသည့် အကြောင်းကိုစူးစမ်းလေ့လာမှုသည် အနာဂတ်တွင် ကပ်ရောဂါများထပ်မံဖြစ်ပွားလာမှုကို တားဆီးကာကွယ်ရာတွင် အရေးပါသည့်အချက်ဖြစ်သည်ဟု ရှုမြင်ထားကြသည်။

သို့သော် ယခုနှစ်စပိုင်း၌ အပြည်ပြည်ဆိုင်ရာ ကျွမ်းကျင်သူများပါဝင်သည့်အဖွဲ့သည် ဗိုင်းရပ်စ်စတင်တွေ့ရှိရာ တရုတ်နိုင်ငံ ဝူဟန်မြို့သို့ သွားရောက်လေ့လာခဲ့ပြီး ယင်းခရီးစဉ်နှင့်ပတ်သက်၍ အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ရန်များစွာ နှောင့်နှေးကြန့်ကြာခဲ့သည့်အပြင် ၎င်းအဖွဲ့နှင့်အတူ ပူးပေါင်းပါဝင်သည့် တရုတ်သိပ္ပံပညာရှင်များကလည်း တိကျခိုင်လုံသော နိဂုံးချုပ်အစီရင်ခံစာတစ်ရပ် ထုတ်ပြန်နိုင်ခြင်းမရှိခဲ့ဘဲ နောက်ထပ်စုံ စမ်းစစ်ဆေးမှုများလုပ်ဆောင်ရန်သာ တောင်းဆိုခဲ့သည်။

WHO ၏ အရေးပေါ်ကော်မတီက ဒုတိယအဆင့်စုံစမ်းစစ်ဆေးမှုများအတွက် အကြံပြုချက်များပါဝင်သည့် အစီရင်ခံစာကို အမြန်ဆုံးထုတ်ပြန်ပေးရန် ယခုသီတင်းပတ်အတွင်း တိုက်တွန်းခဲ့သည်။

သို့သော် WHO နှင့် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများက နောက်ထပ်စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း သဘောတူညီခဲ့ကြပြီး နောက်ထပ်စုံစမ်းစစ်ဆေးမှုများကို မည်သည့်နေရာတွင် မည်သို့ပြုလုပ်ရမည်ဆိုသည့် အချက်အပေါ် အငြင်းပွားနေကြသည်။

ဝူဟန်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက COVID-19 ကူးစက်ခံရသူများကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့သော်လည်း ကျွမ်းကျင်သူများအဖွဲ့ကမူ တစ်နှစ်ကျော်ကြာပြီးမှ တရုတ်နိုင်ငံသို့ သွားရောက်လေ့လာခွင့်ရခဲ့ကြပြီး တရုတ်အနေဖြင့် နောက်တစ်ဆင့်လေ့လာမှုများကို အခြားတစ်နေရာရာတွင်လုပ်ဆောင်ရန် လိုလားနေဖွယ်ရှိသည်။

“တရုတ်နိုင်ငံမှာ လေ့လာမှုတွေလုပ်ခဲ့ပြီးဖြစ်တဲ့အတွက် အခြားသက်ဆိုင်တဲ့ နိုင်ငံတွေအနေနဲ့ WHO ကျွမ်းကျင်သူတွေနဲ့အနီးကပ်ပူးပေါင်းပြီး သိပ္ပံနည်းကျ၊ ပွင့်လင်းမြင်သာစွာ တာဝန်ယူလုပ်ဆောင်ပေးမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွချန်းရင်က မတ် ၃၁ ရက်၌ ပြောကြားခဲ့သည်။

သို့သော် ဝေဖန်ရေးသမားများကမူ WHO ၏ ပထမဆုံးစုံစမ်းစစ်ဆေးမှုတွင် ပွင့်လင်းမြင်သာမှုအပေါ် မေးခွန်းထုတ်ခဲ့ပြီး တရုတ်တွင်နောက်ထပ်စုံစမ်းမှုများ လုပ်ဆောင်ရန် လိုအပ်သည်ဟု ထပ်တလဲလဲ တောင်းဆိုခဲ့သည်။

“အခြေခံအကျဆုံးအဆင့်အနေနဲ့ဒုတိယအဆင့် လေ့လာမှုကို တရုတ်မှာပဲလုပ်သင့်တယ်” ဟု အမည်မဖော်လိုသည့် ဂျနီဗာမြို့ရှိ အကြီးတန်း အနောက်တိုင်း သံတမန်ကပြောကြားခဲ့သည်။

“နောက်တစ်ဆင့် လေ့လာမှုတွေကိုအခြားနိုင်ငံမှာ လုပ်သင့်တယ်လို့ ပြောနေတာ တရုတ်တစ်နိုင်ငံထဲ ရှိပါတယ်” ၎င်းကထပ်မံ ပြောကြားခဲ့သည်။

“နောက်တစ်ဆင့်လေ့လာမှုမှာ တရုတ်နိုင်ငံအပေါ် အဓိကအာရုံမစိုက်သင့်ဘူးဆိုတဲ့ အကြံဉာဏ်က အဓိပ္ပာယ်မရှိဘူး” ဟုအမေရိကန်ပထဝီနိုင်ငံရေး ကျွမ်းကျင်သူဂျာမီမက်ဇီးလ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

မက်ဇီးလ်သည် ယခုလအစောပိုင်းက ပိုမိုအဓိပ္ပာယ်ပြည့်စုံသည့် စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်ပေးရန် တောင်းဆိုသည့် အိတ်ဖွင့်ပေးစာ ရေးသားခဲ့သော အမေရိကန်၊ ဥရောပ၊သြစတြေးလျနှင့် ဂျပန်နိုင်ငံတို့မှ သိပ္ပံပညာရှင် ၂၄ ဦးတွင် အပါအဝင်ဖြစ်ပြီး ၎င်းတို့သည် WHO ၏ ပထမဆုံးစုံစမ်းစစ်ဆေးမှုနှင့် ရလဒ်အစီရင်ခံစာအား အားနည်းချက်အများအပြားရှိကြောင်း ဝေဖန်ခဲ့သည်။

ယင်းပထမဆုံး စုံစမ်းလေ့လာမှုမစ်ရှင်တွင် တရုတ်နိုင်ငံနှင့်အလွန်အကျွံဇာတ်တိုက်ထားသည်ဟု ဝေဖန်သူများက ပြောကြားခဲ့ပြီး ၎င်းတို့ထုတ်ပြန်သည့် အစီရင်ခံစာသည်လည်း တရုတ်နိုင်ငံက တစ်ဖက်သတ်ခံယူ ထုတ်ပြန်ထားသော သဘောတရားများကိုသာ မမျှတစွာအာရုံစိုက် ရေးသားဖော်ပြခဲ့သည်ဟုလည်း စွပ်စွဲပြောကြားခဲ့သည်။

“ဒီစုံစမ်းမှုမှာ တရုတ်အစိုးရကအပြည့်အဝ ချယ်လှယ်ခဲ့ပါတယ်။ ဒါကလည်းပြဿနာတစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု အနောက်တိုင်းသံတမန်က ပြောကြားခဲ့သည်။

နိုင်ငံတကာနှင့် တရုတ်ကျွမ်းကျင်သူများက ကပ်ရောဂါ၏ မူလဇစ်မြစ်နှင့်ပတ်သက်၍ ရှင်းလင်းသည့် ဖြေရှင်းချက်များ ထုတ်ပြန်ခဲ့ခြင်းမရှိသော်လည်း ၎င်းတို့ယုံကြည်ထားသည့်အယူအဆများကို အသီးသီးပြောကြားခဲ့ကြသည်။

WHO ကျွမ်းကျင်သူများ၏ အစီရင်ခံစာ၌ ဗိုင်းရပ်စ်သည် လင်းနို့များမှ လူသားများထံ ကြားခံတိရစ္ဆာန်များမှတစ်ဆင့် ကူးစက်လာခြင်းမှာဖြစ်နိုင်ခြေအရှိဆုံးဖြစ်သည် ဟုဖော်ပြထားပြီး ဗိုင်းရပ်စ်သည် ဝူဟန်ဓာတ် ခွဲခန်းမှ ယိုစိမ့်ထွက်လာသည်ဟူသည့်ယူဆချက်အား မည်သို့မျှ ဖြစ်နိုင်ခြေမရှိဟုဆို၍ ယင်းစွပ်စွဲချက်အား ပယ်ချခဲ့သည်။

အခြေခံအားဖြင့် နေရာတိုင်းတွင်စုံစမ်းစစ်ဆေးမှု လုပ်ဆောင်သင့်သည့်အတွက် နောက်ထပ်လေ့လာဆန်းစစ်မှုများ ပိုမိုလုပ်ဆောင်ရန် လိုအပ်ပေသည်။

ဝူဟန်ဓာတ်ခွဲခန်းမှ ဗိုင်းရပ်စ်ယိုစိမ့် ထွက်လာသည့်ဟူသည့် ယူဆချက်အား အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်က စွပ်စွဲပြောကြားခဲ့ခြင်းဖြစ်ပြီး တရုတ်ကမူယင်းစွပ်စွဲချက်အား အပြင်းအထန်ငြင်းဆိုခဲ့သည်။

အစီရင်ခံစာ ထွက်ရှိိလာခဲ့ပြီးနောက် WHO အကြီးအကဲ တက်ဒရိုအာဒါနွန် ဂီဘရီယေဆုက သဘောတရားယူဆချက်အားလုံးသည် အဖြေရှာဆဲ အခြေအနေတွင်သာ ရှိနေသေးသည်ဟု ထပ်တလဲလဲပြောကြားခဲ့သည်။

ဝူဟန်ရောဂါပိုးမွှားဗေဒဓာတ်ခွဲခန်းများတွင် စုံစမ်းမှုသည် ကျယ်ကျယ်ပြန့်ပြန့်လုံလောက်ခြင်းမရှိဘဲ နောက်ထပ်စုံစမ်းစစ်ဆေးမှုအသစ်များ လုပ်ဆောင်ရန်ပြင်ဆင်နေသည်ဟု တက်ဒရိုက ဆိုသည်။

လက်ရှိတွင် WHO အဖွဲ့သည် အကြံပြုချက်များကို သုံးသပ်နေပြီးနောက်ထပ် လေ့လာမှုလုပ်ဆောင်ရန်အတွက် အဆိုပြုလွှာတစ်စောင်ကိုပြင်ဆင်နေသည်ဟု WHO ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုသည်။

အိတ်ဖွင့်ပေးစာရေးသားခဲ့သည့် သိပ္ပံပညာရှင်များကလည်းဗိုင်းရပ်စ်သည်ဓာတ်ခွဲခန်းမှ စိမ့်ထွက်လာသည် ဟူသည့်ယူဆချက်အပေါ် သင့်လျော်သောစုံစမ်းမှုများ လုပ်ဆောင်ပေးရန် တောင်းဆိုခဲ့သည်။

ကျွမ်းကျင်သူများသည် ၎င်းတို့၏မစ်ရှင်အတွင်း တရုတ်အစိုးရနှင့် ညှိနှိုင်းဆွေးနွေး၍ ဗိုင်းရပ်စ်အား တိရစ္ဆာန်များမှကူးစက်လာသည့် ရောဂါအဖြစ် သတ်မှတ်ဖော်ပြခဲ့ခြင်းဖြစ်သည်ဟု သိပ္ပံပညာရှင်များက အလေးပေးပြောကြားခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ကျောင်လီကျန်းက အိတ်ဖွင့်ပေးစာ ရေးသားတောင်းဆိုခဲ့သည့် မက်ဇီးလ်နှင့် အခြားသိပ္ပံပညာရှင်များအား ဝေဖန်ပြောကြားခဲ့ပြီး ၎င်းတို့၏ရည်ရွယ်ချက်မှာ WHO နှင့် ပူးပေါင်းမစ်ရှင်အားဖိအားပေးရန် ရည်ရွယ်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြစ်တင်ပြောကြားခဲ့သည်။

သိပ္ပံပညာရှင်များ၏ အိတ်ဖွင့်ပေးစာ၌ ကမ္ဘာ့နိုင်ငံများအနေဖြင့် လာမည့်လတွင်ပြုလုပ်မည့် ကမ္ဘာ့ကျန်းမာရေးညီလာခံတွင် စစ်မှန်သည့်ကန့်သတ်ချက်မရှိသော အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်ပေးရန် တိုက်တွန်းတောင်းဆိုခဲ့သည်။

“ဓာတ်ခွဲခန်းနဲ့ ပတ်သက်ပြီး အပြည့်အဝ လေ့လာစုံစမ်းမှုမရှိတဲ့  လုပ်ငန်းစဉ်အပေါ် ယုံကြည် စိတ်ချလို့မရပါဘူး” ဟု မက်ဇီးလ်က ပြောကြားခဲ့သည်။                        

Most Read

Most Recent