လူတစ်ယောက်၏ မျက်နှာ

လူတစ်ယောက်၏ မျက်နှာ
၂၀၁၉ ခုနှစ် မဟာသင်္ကြန်ကာလ တောင်ကြီးမြို့ရှိ တရားစခန်းတစ်ခု မြင်ကွင်း
၂၀၁၉ ခုနှစ် မဟာသင်္ကြန်ကာလ တောင်ကြီးမြို့ရှိ တရားစခန်းတစ်ခု မြင်ကွင်း
Published 22 April 2021
အရှင်သုမင်္ဂလ (စစ်ကိုင်း)

(၁)

လွန်ခဲ့သော ၁၅ နှစ်ကျော်ကာလက ဆားလင်းကြီးဒေသရှိ မိုးကြိုးပြင်ရွာသို့ ရောက်သခိုက် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပနေချိန်နှင့် လာကြုံသည်။ မိုးကြိုးပြင်က သုံးရွာရှိသည်။ ယခု မိမိတို့ရောက်နေသည်က အလယ်ရွာ။ ဘောလုံးပွဲ ပြမည့်ရွာက မြောက်ဘက်ကရွာ။ နှစ်ရွာက အတန်ငယ်တော့ လှမ်းသည်တဲ့။ ဘောပွဲက ညသန်းခေါင်ကျော်ချိန်မှ စတင်မည်ဆိုသော်လည်း ပွဲကဗိုလ်လုပွဲလည်း ဖြစ်နေတော့ သွားကိုသွားမည်ဟု အားခဲထားကြသည်။ မိမိနည်းတူ ထိုအရပ်သို့ ရောက်နေသည့်  ဦးဇင်းတစ်ပါးက ညကျရင် သူ့ကားလေးနဲ့ လိုက်ပို့ပါမည်ဆိုတော့ ထိုကိစ္စက အလိုလိုအဆင်ပြေသွားရသည်။

ဖိုင်နယ်လ်ကို တက်လာသည်က အင်္ဂလန်အသင်း နှစ်သင်းဖြစ်သည်။ မန်ချက်စတာ ယူနိုက်တက်နှင့် ချယ်ဆီး။ မန်ယူဘက်က ဂိုးစသွင်းလိုက်တော့ ကိုယ့်ဘေးနားက ကားပိုင်ရှင်ကိုယ်တော်က မလှုပ်၊ ငြိမ်နေသည်။ ဒါကိုပဲ ကိုယ်က မသိသားဆိုးရွားစွာဖြင့် “ဦးဇင်းက ဘယ်အသင်းကိုအားပေးတာလဲ” ဟု မေးဖြစ်အောင် မေးလိုက်သေးသည်။ ပွဲပြီးပြီဆိုတော့ ကိုယ်ကကိုယ့်အသင်း အောင်ပွဲခံသည်ကို ကြည့်ချင်သေးသော်လည်း ထိုအရှင်က ပြန်ကြစို့ဟု ဆိုသည်။ ကိုယ့်မှာ သူ့ကားကို စီးလာခဲ့သူမို့ သူ့ကိုလည်း တစ်ဖက်က အားနာနေမိသည်။ သူ့ကားကို ကပ်စီးလာသူအားလုံးကလည်း ဘယ်သူမှ မပြန်ချင်ကြသေးပါဆိုတော့ သူကလည်း အများဆန္ဒကို လိုက်လျောရှာပါသည်။

ထိုစဉ်က ထိုကိုယ်တော်၏မျက်နှာဘယ်လိုများ ရှိနေမှာပါလိမ့်ဟု တစ်ခါတစ်ခါ ပြန်တွေးမိသည်။ ကိုယ်အားပေးသည့်ဘက်က အရှုံးနှင့်ရင်ဆိုင်နေရချိန်တွင် လူတစ်ယောက်၏မျက်နှာ၌ သုန်သုန်မှုန်မှုန်ကြီး မဟုတ်သော်မှ ကြည်ကြည်လင်လင် ရှိမနေနိုင်တာကတော့ သေချာပါသည်။ လူတစ်ယောက်၏ မျက်နှာကြည်ခြင်း မကြည်ခြင်းသည် ထိုတစ်ယောက်၏ စိတ်ပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းနှင့်လည်း တိုက်ရိုက်အချိုးကျ၏ဟု ကိုယ်ကထင်မြင် ယူဆထားသည်ကိုး။

ပြိုင်ဆိုင်မှုပြင်းထန်လှပါ၏ဆိုသော အင်္ဂလန်ပရီးမီးယားလိဂ်၌ လူသိများ၍ထင်ရှားသော မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ၏ မှတ်ချက်စကားတစ်ခွန်းကို အားကစားကဏ္ဍ စာမျက်နှာတစ်ခု၌ မကြာသေးမီက ဖတ်လိုက်ရသည်။

ဝက်စ်ဟမ်းနည်းပြ ဒေးဗစ်မွိုက်စ်၊ ပဲလေ့စ်နည်းပြ ရွိုင်းဟော့ဒ်ဆန်နှင့် အဲဗာတန်နည်းပြ အန်ဆယ်လော့တီတို့နှင့် ပတ်သက်၍ သူပြောလိုက်သည့် မှတ်ချက်စကားက စိတ်ဝင်စားဖို့ကောင်းသည်။ “သူတို့တွေဟာ ဘောလုံးအကြောင်းကို ပြီးပြည့်စုံအောင် သိထားကြသူတွေပါ။ ဘောလုံးနဲ့ပတ်သက်လို့ သူတို့ အားလုံးက အေးဆေးတည်ငြိမ် ရှိကြပါတယ်။ သူတို့အားလုံးဟာ ဗုဒ္ဓဝါဒီတစ်ယောက်ရဲ့ နေထိုင်မှုမျိုးနဲ့ နေကြသူတွေပါ။ အဲဒီလို အေးဆေးတည်ငြိမ်စွာ ဖြတ်သန်းနိုင်ဖို့အတွက် သူတို့တွေမှာ အတွေ့အကြုံတွေ အများကြီးရှိပါတယ်” ဟု သူကဆိုပါသည်။

အားကစားလောက၌  အနီးဆုံးပြိုင်ဘက်၏ အားနည်းချက်ကို မရအရရှာကြံ၍ ကဲ့ရဲ့ပြစ်တင်ခြင်း၊ သို့မဟုတ် ရယ်သွမ်းသွေးလိုခြင်းမျိုးကို မကြာမကြာ တွေ့ရလေ့ရှိသည်။ ဂွါဒီယိုလာ၏ နည်းပြသက်တမ်းတစ်လျှောက်၌ ထိုပုံထိုနည်းသုံးသပ်ချက်တို့ ရှိခဲ့၏ မရှိခဲ့၏ကို မိမိမသိပါ။ ရှိခဲ့သည်ဆိုစေဦး၊ သည်ကိစ္စမှာတော့ သူ၏ သီးခြားမှတ်ချက်က စိတ်ဝင်စားဖို့ ကောင်းနေခဲ့သည်အမှန်။ သူက ပြိုင်ဘက်နည်းပြများ၏ ကောင်းကွက်ကို စိတ်လိုလက်ရ ဖော်ထုတ်ချီးမွမ်းခဲ့သည်။ စိတ်လှုပ်ရှားချင်စရာ ကောင်းလှသည့် နည်းပြတစ်ယောက်၏ဘဝ၌ ကိုယ်တိုင်၏စိတ်ခံစားချက်ကို မျိုသိပ်၍ မိနစ် ၉၀ တာကာလကို အေးဆေးတည်ငြိမ်စွာ ကျော်ဖြတ်နိုင်ဖို့ဆိုသည်က စင်စစ်မလွယ်။

ကစားအား မြင့်တက်နေသည့် ဘောလုံးပွဲတစ်ပွဲကို ဦးဆောင်နေရသခိုက် စိတ်လှုပ်ရှားမှုကို ဖွဲ့ကျစ်ထားနိုင်ဖို့ နဖူးကြောကြီး ထောင်ထလာသည်အထိ ပီကေကို မပြတ်တမ်းဝါးနေသည့် နည်းပြတစ်ဦးရှိခဲ့၏ဆိုလျှင် ထိုနည်းပြမှာ မန်ယူနည်းပြကြီး ဖာဂူဆန်ပဲ ဖြစ်မည်ထင်ပါသည်။ အာဆင်နယ်နည်းပြကြီး အာဆင်ဝင်းဂါးသည်လည်း သူ့အသင်းဘက်ကို ဂိုးအသွင်းခံလိုက်ရသည့်ခဏ၌ လက်ထဲမှ ရေသန့်ဘူးကို မြက်ခင်းပြင်ပေါ် ပစ်ပေါက်ကာ ပေါက်ကွဲခဲ့ဖူးသည်။  မန်ယူအသင်းဘက်သို့ အနိုင်ဂိုးသွင်းလိုက်စဉ်က ကွင်းအစပ်၌ ကလေးငယ်တစ်ယောက်လို တောင်ပြေးမြောက်ပြေး ပြေးလွှားနေခဲ့သူက သူ့ကိုယ်သူ စပယ်ရှယ်ဝမ်းဟု ကြွေးကြော်ခဲ့ဖူးသည့် (ချယ်ဆီးနည်းပြ) မော်ရင်ဟိုဖြစ်သည်။  ကစားကွင်းတစ်ခု၌ ဘောလုံးပွဲတစ်ပွဲ ကျင်းပနေခြင်းသည် ရိပ်သာတစ်ခု၌ တရားစခန်းဝင်နေခြင်း မဟုတ်ပါ။ သည်တော့ သူတို့တွေ၏ ကိုယ်ဟန်မူရာ အလှုပ်အရွေ့နှင့် ပတ်သက်၍ ‘ဣန္ဒြေမရဖြစ်ကြရှာသည်ကော’ ဟုလည်း အပြစ်ဖွဲ့စကားဆိုရန် အကြောင်းမရှိပါ။ ထိုကိစ္စက သူတို့၏ ပရော်ဖက်ရှင်နယ်ဆန်သည့် ဟန်မူရာများဖြစ်သည်။ ထိုဟန်မူရာများကပင် ကစားသမားတို့၏ စွမ်းဆောင်ရည်ကို တစ်နည်းတစ်ဖုံ ပံ့ပိုးရာရောက်၏ဟုလည်း နားလည်နိုင်ပါသည်။ သို့သော် ထိုပုံထိုနည်း စိတ်လှုပ်ရှားချင်စရာ ကောင်းလှသော ကစားပွဲတစ်ခု၌ပင် အသင်းနှင့်ပတ်သက်၍ တာဝန်အရှိဆုံးပုဂ္ဂိုလ်တစ်ယောက်က ကိုယ်တိုင်၏ စိတ်ခံစားမှုကို မျိုသိပ်ကာ ဣန္ဒြေရရနေနိုင်ဖို့ ဆိုသည်က စင်စစ်မလွယ်။ လောက၌ မလွယ်သည့်အလုပ်ကို လုပ်နိုင်ခြင်းကလည်း ဂုဏ်တစ်ပါးပင်။ မန်စီးတီးနည်းပြကလည်း ထိုအဓိပ္ပာယ်ကိုပင် ရည်ရွယ်၍ ထိုစကားကို ဆိုခဲ့ခြင်းဖြစ်ရာသည်။

ဆံဖျားမှ ခြေဖဝါးတိုင်အောင် ၃၂ ကောဋ္ဌာသဖြင့် ဖွဲ့စည်းတည်ရှိနေသော လူတစ်ယောက်၏ ပုံဟန်သဏ္ဌာန်သည် တကယ်တော့ ဗဟိဒ္ဓရုပ်တရားမျှသာဖြစ်သည်။ သို့သော် ထိုမည်သော ဗဟိဒ္ဓရုပ်တရားအစု၌ အဇ္စျတ္တနာမ်တရား၏ ပုံရိပ်များ ထင်ဟပ်နေသည့် အစိတ်အပိုင်းတစ်ခုရှိ၏ဆိုလျှင် ထိုအစိတ်အပိုင်းက ‘မျက်နှာ’ ဆိုတာ သေချာပါသည်။ လူတစ်ယောက်၏ မျက်နှာ၌ ထိုတစ်ယောက်၏ စိတ်ခံစားမှုကို ထင်သာမြင်သာရှိစေသည့်  အစိတ်အပိုင်းက မျက်လုံးများဖြစ်သည်။

“မင်းတို့က မျက်လုံးချင်း စကားပြောနေ ကြတယ်ပေါ့လေ” ဆိုသည့် အရပ်စကား၌ပင် ထိုအဓိပ္ပာယ်ကို အထင်အရှားတွေ့နိုင်ပါသည်။ အချို့ကလည်း “မျက်လုံးများသည် စိတ်၏တံခါးပေါက်ဖြစ်သည်” စသည်ဖြင့် နီတိဆန်ဆန် ဆိုချင်တတ်ကြသည်။ လူတစ်ယောက်၏ မျက်နှာ၌ ထိုတစ်ယောက်၏ စိတ်အနေကို ဖမ်းဆုပ်၍ရစကောင်းသောအရာမှာ ထိုတစ်ယောက်၏ မျက်လုံးများဖြစ်၏ဟု ဆိုလိုရင်းဖြစ်သည်။ အတွင်းစိတ်က ပုံမှန်မဟုတ်ခဲ့လျှင် မျက်လုံးများကလည်း ပုံမှန်မဟုတ်နိုင်သလို အတွင်းစိတ် မစင်ကြယ်ခဲ့လျှင်လည်း မျက်လုံးများက ကြည်စင်တောက်ပ ရှိမနေနိုင်ပါ။ “ဒီကောင့်မျက်လုံးတွေကို ငါမကြိုက်ဘူး” ဆိုသည့်စကား၌ ထိုအနက်သွားက ထင်ရှားပြီးဖြစ်သည်။

လူတစ်ယောက်သည် သူကိုယ်တိုင်၏ အတိတ်ကံအကြောင်းအားလျော်စွာ ရုပ်ရည်လှခြင်း၊ မလှခြင်း၊ မျက်လုံးလှခြင်း၊ မလှခြင်း စသည်ဖြင့် ကွဲပြားမှုရှိနိုင်သည်။ သို့သော် ရုပ်ရည်ရူပကာယ ပြေပြစ်လှပသူတစ်ယောက်၏ မူရာသွင်ပြင်၌ပင် စိတ်နှလုံးညစ်ညူးနေသူ တစ်ယောက်၏ မျက်လုံးအစုံ၌ ကြည်စင်တောက်ပခြင်းတို့ ကင်းမဲ့နေမည်ကတော့ သေချာသည်။ ဒုစရိုက်မှုကို ပြုမိထားသူတစ်ယောက်အနေဖြင့် သူ့အတွင်းစိတ်၏ ခြောက်လှန့်မှုကို အမြဲလိုလို ခံစားနေရဖွယ်ရှိသည်။ ထိုတစ်ယောက်အနေဖြင့် သူ့လုပ်ရပ်အပေါ် လိပ်ပြာလုံစရာအကြောင်းမရှိနိုင်။

ကိုယ့်ကိုယ်ကိုယ် လိပ်ပြာလုံသူတစ်ယောက်၏ မျက်လုံးအစုံက ကျက်သရေလည်းရှိ၍ အားမာန်လည်း ပြည့်သည်။ ထိုသူတို့၏ မျက်လုံးမျိုးက မျက်လုံးနှင့်တူသော မျက်လုံးမျိုးဖြစ်သည်။ ကိုယ့်လုပ်ရပ်အပေါ် လိပ်ပြာမလုံသူတို့၏ မျက်လုံးကတော့ ထိုအဖြစ်နှင့် ခြားနားသည်။ လိပ်ပြာမလုံသူတို့၏ မျက်လုံး၌ ကျက်သရေနှင့် အားမာန်တို့ အမြဲလိုလို ကင်းမဲ့နေတတ်ကြသည်။ မျက်လုံးက မျက်လုံးဂုဏ်ကို မဆောင်နိုင်လေတော့ ရုပ်အဆင်းကပါ မွဲညစ်သွားရသည်။ ထိုမျက်နှာမျိုးက အခြားသူတစ်ယောက်၏စိတ်ကို အဘယ်ပုံ ဆွဲဆောင်နိုင်ပါအံ့နည်း။

(၂)

ဘုရားမြတ်စွာ သာသနာတော်၌ လက်ယာတော်ရံဖြစ်တော်မူသော အရှင်သာရိပုတ္တရာလောင်းလျာ ဥပတိဿသည် ပရိဗိုဇ်ဘဝ ဖြင့်ရှိနေစဉ် ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွလာသော အရှင်အဿဇိ၏ ငြိမ်သက်တည်ကြည်သော မျက်နှာသွင်ပြင်ကို မြင်ကာမျှဖြင့် “ဤပုဂ္ဂိုလ်၏သန္တာန်၌ တရားထူးဧကန်ရှိရာ၏” ဟု ပင်ကိုသိဖြင့် ဆင်ခြင်ကာ တပည့်ခံဖို့ ချဉ်းကပ်ခဲ့ဖူးသည်။ စိတ်နှလုံးဖြူစင်သူတစ်ယောက်၏ မျက်နှာသွင်ပြင်သည် ငြိမ်သက်သော ကန်ရေပြင်ကဲ့သို့ တည်ငြိမ်အေးချမ်းသည်။ တစ်စုံတစ်ယောက်၏ တည်ငြိမ်အေးချမ်းမှုက အခြားတစ်ယောက်၏ စိတ်နှလုံးကို လာရောက်ရိုက်ခတ်သည်။

သို့သော် ထိုမည်သော အခြားတစ်ယောက်ဆိုသူကလည်း ထိုမည်သော အလှတရားကို သိမြင်ခံစားနိုင်စွမ်းသည့် ဉာဏ်ရည် ပြည့်ဖို့တော့ လိုပါလိမ့်မည်။ ရာဇဂြိုဟ်မြို့တွင်းသို့ ဆွမ်းခံကြွနေသည့် ရှင်အဿဇိကို မြင်ရာ၌ အခြားသူတို့၏ မြင်ပုံမြင်နည်းနှင့် အရှင်သာရိပုတ္တရာလောင်းလျာ၏ မြင်ပုံမြင်နည်းတို့ ခြားနားခဲ့မည်ကတော့ သေချာသည်။ ခြားနားခဲ့သောကြောင့်ပင် အခြားသူတို့က မြင်မြင်ကာမျှဖြင့် ပြီးသွားသော်လည်း ဥပတိဿအနေဖြင့်သော် ထိုမျှဖြင့် အဆုံးမသတ်နိုင်ဖြစ်ကာ အရှင်အဿဇိ၏ ခြေတော်ရင်း၌ဝပ်စင်းကာ တပည့်ခံဖို့အထိ စိတ်ကူးဝင်ခဲ့ခြင်းဖြစ်ရာသည်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ဝင်စံတော်မူပြီး အနှစ် ၂၀၀ ကျော်ကာလကဇမ္ဗူဒိပ်၌ဧက္ကရာဇ် အဘိသိက်ခံယူသော မင်းတစ်ပါးထင်ရှားပေါ်ပေါက်ခဲ့သည်။ ထိုမင်းသည်ကား မြန်မာအများစု နားယဉ်ပြီးဖြစ်သည့် “အသောက မဟာရာဇာ” ဖြစ်သည်။ ထိုမင်းသည် ဘုန်းတန်ခိုးကြီးမားရုံမျှမက သူ၏အာဏာစက်ပျံ့နှံ့ရာ နယ်နိမိတ်ကလည်း ကျယ်ဝန်းဘိသည်။ အသောကမင်းတရားသည် ခမည်းတော် ဗိန္ဒုသာရမင်းကြီးလက်ထက်တော်က ဆည်းကပ်ကိုးကွယ်ခဲ့သော ပါသဏ္ဍအယူရှိသည့် ဗြဟ္မဏများနှင့် ပရိဗ္ဗိုဇ်တို့ကို သူ့လက်ထက်တိုင်အောင်လည်း ခဲဖွယ်ဘောဇဉ်အလှူကို ဝတ်မပျက် လှူဒါန်းနေခဲ့သည်။ သို့သော် ဣန္ဒြေတို့ကိုမစောင့်စည်းသော၊ ဆုံးမအပ်သော ဣရိယာပုထ်တို့မှကင်းသော အလှူခံတို့၏ သွင်ပြင်မူရာကြောင့် မင်းကြီးခမျာ စိတ်လက်မကြည်မလင်ဖြစ်နေရ၏ဟုဆိုသည်။

တစ်နေ့သ၌ ခြင်္သေ့ခံလေသာနန်းတံခါးမှ ဟိုဟိုသည်သည် ကြည့်ရှုနေစဉ် နန်းရင်ပြင်၌ ယဉ်ကျေးသိမ်မွေ့စွာ၊ ဣန္ဒြေကြီးမားစွာ၊ ကြည်ညိုဖွယ်ရာ ဣရိယာပုထ်နှင့်ပြည့်စုံစွာ၊ ထမ်းပိုးတစ်ပြန်မျှသော အရပ်ကိုသာ ကြည့်လျက် သပိတ်ပိုက်ကာ လှမ်းကြွနေသော ခုနစ်နှစ်အရွယ် သာမဏေလေးတစ်ပါးကို တွေ့လိုက်ရသည်။ ထိုမြင်ကွင်းက အသောကမင်းကြီး၏စိတ်ကို အပြင်းအထန် လှုပ်ရှားစေခဲ့သည်။

“ဤသာမဏေငယ်၏ ဟန်မူရာသည် ပကတိငြိမ်သက်ဘိ၏။ ပျံ့လွင့်သောစိတ်မရှိ။ ရှေ့တည့်တည့်ကြည့်ဟန်၊ ထောင့်အရပ်ကို ကြည့်ဟန်၊ ကွေးဟန်၊ ဆန့်ဟန်အလုံးစုံသည် တင့်တယ်ဘိ၏။ ဤသာမဏေငယ်၏အတွင်း သန္တာန်၌ တရားထူးတရားမြတ်ဧကန်ရှိရာ၏” ဟုကြံလျက် ထိုသာမဏေငယ်ကို နန်းတော်သို့ ပင့်ဆောင်စေသည်။ အဆုံး၌ သာမဏေငယ် ဟောပြသည့် “အပ္ပမာဒေါ အမတံ ပဒံ၊ ပမာဒေါ မစ္စုနော ပဒံ” ဟူသော ဓမ္မပဒ၊ အပ္ပ မာဒဝဂ်လာ နှစ်ပါဒမျှကို နာကြားပြီးနောက် သရဏဂုံတည်သည့် မင်းတစ်ပါးဖြစ်ခဲ့ရသည်။

ကျွန်ုပ်တို့အနေဖြင့် နေ့စဉ်နှင့်အမျှ မျက်နှာမျိုးစုံကို မြင်တွေ့နေရသည်။ သို့သော် မြင်မိလေသမျှသော မျက်နှာတိုင်းက ကျွန်ုပ်တို့၏ စိတ်နှလုံးကို ကြည်လင်ရွှင်လန်းစေနိုင်၏ဟုကား မိမိကမယုံကြည်။ စိတ်နှလုံး ဖြူစင်ဖြောင့်မှန် သူတို့၏မျက်နှာများကသာလျှင် မြင်သူတကာ၏ စိတ်နှလုံးကို သိမ်းကျုံးယူငင်နိုင်စွမ်းရှိရာ၏ဟု ပစ္စဝေက္ခဏာ ဆင်ခြင်မိပါသည်။

Most Read

Most Recent