ရုရှားသံတမန်များ အားလုံးကို နှင်ထုတ်ပစ်မည်ဟု ချက်သမ္မတနိုင်ငံ ခြိမ်းခြောက်

ရုရှားသံတမန်များ အားလုံးကို နှင်ထုတ်ပစ်မည်ဟု ချက်သမ္မတနိုင်ငံ ခြိမ်းခြောက်
ဧပြီ ၁၆ ရက်က ပရပ်မြို့တော်ရှိ ရုရှားသံရုံး ဂိတ်ပေါက်ဝတွင် ဆန္ဒပြသူများ ချိတ်ခဲ့သည့် ပိုစတာအနီးတွင် ရဲအရာရှိတစ်ဦး လမ်းလျှောက်နေစဉ် (Photo: AP)
ဧပြီ ၁၆ ရက်က ပရပ်မြို့တော်ရှိ ရုရှားသံရုံး ဂိတ်ပေါက်ဝတွင် ဆန္ဒပြသူများ ချိတ်ခဲ့သည့် ပိုစတာအနီးတွင် ရဲအရာရှိတစ်ဦး လမ်းလျှောက်နေစဉ် (Photo: AP)
Published 21 April 2021
Ref: AFP

ရုရှားသံတမန်များ အားလုံးကို နိုင်ငံအတွင်းမှ နှင်ထုတ်ပစ်မည်ဟု ချက်သမ္မတနိုင်ငံက ဧပြီ ၂၀ ရက်တွင် ခြိမ်းခြောက်ခဲ့ပြီး ရုရှားသည် ၂၀၁၄ ခုနှစ်က ချက်နယ်နိမိတ်ပေါ်တွင် ကြုံတောင့်ကြုံခဲ အကြမ်းဖက်တိုက်ခိုက်မှု တစ်ခုကို စီစဉ်ခဲ့ကြောင်း စွပ်စွဲခဲ့သည်။

“ကျွန်တော်ကတော့ အရာအားလုံးအတွက်အသင့်ပါပဲ။ ဆက်ဆံရေး အဆင်မပြေ ဖြစ်ခဲ့မယ် ဆိုရင်တောင် သူတို့တွေ (ရုရှားသံတမန်များ) အားလုံးကို အိမ်ပြန်ပို့သွားမှာပါ”ဟု ချက်နိုင်ငံခြားရေးနှင့် ပြည်တွင်းရေးဝန်ကြီး ဂျန်ဟာမာချက်က Facebook တွင်ရေးသား ဖော်ပြခဲ့သည်။

ချက်လွှတ်တော် အမတ်များကလည်း ရုရှားသံတမန်များကို နှင်ထုတ်မည့် အစီအစဉ်ကို ဧပြီ ၂၀ ရက်နှောင်းပိုင်းတွင် အတည်ပြုခဲ့ပြီး ရုရှားနိုင်ငံနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန်နှင့် သံတမန် ဆက်ဆံရေးတွင် အပြန်အလှန်ကျင့်သုံးရေးမူနှင့်အညီ ရုရှားသံရုံးရှိ သံတမန် အရေအတွက်ကို သိသာစွာလျှော့ချရန် အစိုးရအဖွဲ့အား တောင်းဆိုခဲ့သည်။

“ရုရှားထောက်လှမ်းရေး အဖွဲ့တွေဖြစ်တဲ့ SVR နဲ့ GRU အရာရှိ ၁၈ ဦးကို ကျွန်တော်တို့ နှင်ထုတ်လိုက်ပါတယ်။ သူတို့ တစ်ဦးချင်းစီဟာ ထောက်လှမ်းရေးတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သက်သေပြနိုင်ပါတယ်” ဟု ဟာမာချက်က ပြောကြားခဲ့သည်။

ဟာမာချက်၏ အစောပိုင်းပြောကြားချက်များအရ  ပြီးခဲ့သည့် ရက်ပိုင်းက ချက်သံတမန် ၂၀ ဦးကို နိုင်ငံအတွင်းမှ နှင်ထုတ်ခဲ့သည့် ရုရှား၏လုပ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် ယခုသီတင်းပတ်ကုန်တွင် ထောက်လှမ်းရေးအေးဂျင့်များဟု ယူဆရသည့် ရုရှားသံတမန် ၁၈ ဦးကို နိုင်ငံအတွင်းမှ နှင်ထုတ်ပြီးလျှင် နောက်ထပ် လုပ်ဆောင်မည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ထုတ်ဖော်ပြောကြားရန် ရုရှားသံအမတ်ကြီးအား ဆင့်ခေါ်ခဲ့သည်။

“ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့လည်း ရုရှားသံတမန်တွေကို နှင်ထုတ်ပြီး စုပေါင်းအရေးယူဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်”ဟု ဟာမာချက်က ပြောကြားခဲ့သည်။

နေတိုးအရာရှိတစ်ဦးကမူ ချက်သံအမတ်ကြီးသည် ရုရှားသံတမန်များကို နှင်ထုတ်ရန် မဟာမိတ်နိုင်ငံများထံ တင်ပြထားပြီး မဟာမိတ်နိုင်ငံများကလည်း လက်ရှိအခြေအနေနှင့် ပတ်သက်ပြီး ချက်နိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးညှိနှိုင်းသွားမည်ဟု အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်က ချက်နိုင်ငံ အရှေ့ပိုင်း ဗာဘီတိုက်စ်ကျေးရွာတွင် လူနှစ်ဦး သေဆုံးစေခဲ့သည့် လက်နက်ခဲယမ်း သိုလှောင်ရုံ ပေါက်ကွဲမှု နောက်ကွယ်တွင် ရုရှားထောက်လှမ်းရေးအဖွဲ့ရှိကြောင်း ချက်အစိုးရက စွပ်စွဲခဲ့ပြီးနောက် ရုရှားသံတမန်များကို နှင်ထုတ်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

လူသေဆုံးမှု မရှိသည့် ဒုတိယအကြိမ်မြောက် ပေါက်ကွဲမှုနှင့်အတူ ယင်းပေါက်ကွဲမှုများနှင့် ဆက်နွှယ်မှုရှိသည့် အမျိုးသားနှစ်ဦးကို ချက်ရဲတပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်းနေသည်။ ယင်းအမျိုးသား နှစ်ဦးသည် ၂၀၁၈ ခုနှစ်က အင်္ဂလန်နိုင်ငံ ဆလစ္စဗျူရီမြို့တွင် ရုရှားနှစ်ဖက်ချွန် သူလျှိုဟောင်း ဆာဂျီစခရီပယ်အား အဆိပ်ဖြင့် တိုက်ခိုက်မှုတွင် သံသယရှိသူများအဖြစ် သတ်မှတ်ခံထားရသူများ ဖြစ်သည်။

၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် ချက်နယ်နိမိတ်ပေါ်တွင် မကြုံစဖူး ဖြစ်ပွားသည့် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီး လက်ခံနိုင်ဖွယ် မရှိကြောင်း ချက်ဝန်ကြီးချုပ် အန်ဒရီဘာဘစ်က ပြောကြားခဲ့သည်။

Ref: AFP