အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကလူငယ်များ၏ မရေရာအနာဂတ်

အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကလူငယ်များ၏ မရေရာအနာဂတ်
Photo:AFP
Photo:AFP
Published 7 March 2021
ရန်မျိုးအောင်

အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကတွင် အာရပ်နွေဦးအုံကြွမှုများ ဖြစ်ပွားခဲ့သည်မှာ ဆယ်စုနှစ်တစ်ခု ကြာမြင့်လာသည့်အချိန်တွင် ယင်းဒေသများရှိ လူငယ်အများစုသည် အန္တရာယ်များနှင့်ရင်ဆိုင်နေရပြီး ကူညီထောက်ပံ့မှုများ လိုအပ်နေသည်ဟု ကုလသမဂ္ဂ ကလေးသူငယ်များအေဂျင်စီ၏ ဒေသတွင်း ညွှန်ကြားရေးမှူး တက်ချိုင်ဘန်က ပြောကြားခဲ့သည်။

“၂၀၁၁ ခုနှစ်နောက်ပိုင်း အဲဒီဒေသတွေမှာနေထိုင်တဲ့ ကလေးတွေနဲ့ လူငယ်တွေရဲ့ အနာဂတ်တွေဟာ ဆုံးရှုံးရမယ့် အခြေအနေအထိ ရောက်ရှိနေပါတယ်” ဟု ချိုင်ဘန်က ဂျော်ဒန်နိုင်ငံ အမ်မန်မြို့တော်တွင် အေအက်ဖ်ပီနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ပဋိပက္ခတွေနဲ့ ရေနံစျေးတွေကျဆင်းတဲ့ ရလဒ်နှစ်ခုပေါင်းပြီး ဒီလိုအခြေအနေတွေ ဖြစ်ပေါ်လာခဲ့တာပါ။ အဲဒီဒေသမှာရှိတဲ့ ကလေးတွေနဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေဟာလည်း ကျဉ်းမြောင်းနေပါတယ်” ဟု ၎င်းကဆိုသည်။

အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကကို ရည်ညွှန်းသည့် MENA ဒေသတွင် လူဦးရေစုစုပေါင်း၏ လေးပုံတစ်ပုံကျော်ဖြစ်သည့် လူ ၁၂၄ သန်းခန့်သည် အသက် ၁၀ နှစ်မှ ၂၄ နှစ်ကြားအရွယ်ရှိသည့် ကလေးငယ်များနှင့် လူငယ်များဖြစ်သည်။

ထို့ပြင် ယင်း MENA ဒေသတွင် ကလေးငယ်များနှင့် ဆယ်ကျော်သက်အရွယ် လူငယ် ၃၈ သန်းခန့်သည် ကူညီထောက်ပံ့မှုများလိုအပ်နေပြီး MENA ဒေသသည် ကမ္ဘာပေါ်တွင် ကလေးငယ်များအတွက် အကူအညီ အထောက်အပံ့များ လိုအပ်မှုအမြင့်ဆုံးဒေသဖြစ်သည်ဟု ချိုင်ဘန်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ ကလေးသူငယ်များ အေဂျင်စီဖြစ်သည့် ယူနီဆက်ဖ်၏ ကမ္ဘာလုံးအနှံ့ လူသားချင်းစာနာ ထောက်ထားမှုတုံ့ပြန်ရေး မေတ္တာရပ်ခံချက်များ၏ ထက်ဝက်ခန့်သည် ယင်းဒေသမှဖြစ်ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေများကြောင့် ကူညီထောက်ပံ့မှုများပေးရန် မေတ္တာရပ်ခံမှုများ သိသာထင်ရှားစွာမြင့်တက်လာခဲ့သည်ဟု ၎င်းကပြောကြားခဲ့သည်။

MENA ဒေသသည် လူငယ်အလုပ် လက်မဲ့နှုန်း ကမ္ဘာ့အဆိုးရွားဆုံး ဒေသဖြစ်ပြီး အရှေ့အလယ်ပိုင်းတွင် လူငယ်အလုပ်လက်မဲ့နှုန်း ၂၅ ရာခိုင်နှုန်းရှိကာ မြောက်အာဖရိကတွင် ၂၉ ရာခိုင်နှုန်းအထိရှိသည်ဟု ချိုင်ဘန်၏ ပြောကြားချက်အရ သိရသည်။

လူငယ်အမျိုးသမီးများကြား အလုပ်လက်မဲ့နှုန်းမှာလည်း မြင့်တက်နေပြီး အရှေ့အလယ်ပိုင်းတွင် ၄၁ ရာခိုင်နှုန်းရှိကာ မြောက်အာဖရိကတွင် ၃၉ ရာခိုင်နှုန်းရှိနေသည်။

စိုးရိမ်ဖွယ် ပြဿနာများ

လက်ရှိအခြေအနေများအရ ယင်းဒေသတွင် ၂၀၅၀ ပြည့်နှစ်တွင် အလုပ်အကိုင်ပေါင်း သန်း ၃၀၀ ခန့် ဖန်တီးပေးရန်လိုအပ်သည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားခဲ့သည်။

နိုင်ငံများအနေဖြင့် လက်ရှိအချိန်မှစပြီး တစ်လလျှင် အလုပ်အကိုင် ၈၀၀,၀၀၀ ခန့် ဖန်တီးပေးရန်လိုအပ်ပြီး စျေးကွက်အတွင်းသို့ လုပ်သားအသစ်များဝင်ရောက်မှုကို ထိန်းသိမ်းရမည်ဟု ကမ္ဘာ့ဘဏ်အရာရှိတစ်ဦးက ဇန်နဝါရီလတွင် ပြောကြားခဲ့သည်။

လစ်ဗျားမှ ဆီးရီးယားနှင့် ယီမင်အထိ စစ်ဒဏ်ကြောင့် မွစာကြဲနေသည့်ဒေသတွင် အကြမ်းဖက်မှုများသည်လည်း ထောင်နှင့်ချီသည့် လူငယ်များ၏ဘဝကို အကျိုးသက်ရောက်မှုရှိနေသည်။

၂၀၁၉ ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်း လူငယ်များကို ပစ်မှတ်ထားတိုက်ခိုက်သည့် ကုလသမဂ္ဂ မှတ်တမ်းတွင်များတွင် အလွန်စိုးရိမ်ရသည့် ချိုးဖောက်စော်ကားမှုကြောင်း ၂၈,၀၀၀ ခန့်ရှိပြီး ယင်းတို့အနက် ထက်ဝက်နီးပါးခန့်သည် MENA ဒေသ၏ နိုင်ငံများနှင့် နယ်မြေ ၇ ခုတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ချိုင်ဘန်က ပြောကြားခဲ့သည်။

“ဒီပမာဏဟာ ၂၀၁၁ ခုနှစ်မတိုင်ခင်ကနဲ့နှိုင်းယှဉ်ရင် တော်တော်ကြီးကို မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒေသတွင်း ပဋိပက္ခတွေကြောင့် အခြေအနေတွေ ပိုဆိုးလာတာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

ကလေးသူငယ်များကို သတ်ဖြတ်မှု၊ သေရာပါဒဏ်ရာရရှိစေမှု၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု သို့မဟုတ် ပြန်ပေးဆွဲ ဖမ်းဆီးမှုများနှင့် ကလေးစစ်သားများစုဆောင်းမှု၊ လူသားချင်းစာနာထောက်ထား သည့်အခြေအနေကို ခံစားခွင့်ပိတ်ပင်မှုများသည် အလွန်စိုးရိမ်ဖွယ်ကောင်းသည့် ချိုးဖောက်မှုများအဖြစ် ကုလသမဂ္ဂက အဓိပ္ပာယ်ဖွင့်ဆိုထားသည်။

ဒေသတွင်း ယင်းချိုးဖောက်မှုများသည် ၂၀၁၇ ခုနှစ်တွင် ၈,၆၀၀ ကျော်ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ၁၃,၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။

“ဒီကိန်းဂဏန်းတွေဟာ တစ်ကယ်တော့ အကင်းပဲရှိပါသေးတယ်။ တကယ်သေဆုံးခဲ့တဲ့ ကလေးတွေ၊ ဒဏ်ရာရခဲ့တဲ့ ကလေးတွေ အရေအတွက်ဟာ အခုဖော်ပြထားတဲ့ ကိန်းဂဏန်းတွေထက် ပိုပြီးများပြားနိုင်ပါတယ်” ဟု ယူနီဆက်ဖ်၏ ဒေသတွင်း ဆက်သွယ်ရေး အကြီးအကဲ ဂျူးလီးယက်တော်မာက ပြောကြားခဲ့သည်။

ယင်းကိန်းဂဏန်းများသည် အလွန်တင်းကျပ်သည့် စိစစ်အတည်ပြုမှုမှတစ်ဆင့် ကောက်ယူနိုင်စွမ်းရှိသည့် စာရင်းများကိုသာ ကိုယ်စားပြုသည်ဟု ၎င်းကပြောကြားခဲ့သည်။

အစိုးရများနှင့်လူငယ်များကြား ဆက်ဆံရေး

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သည့် ဆယ်နှစ်က မတ်လအတွင်းတွင် စတင်ခဲ့သည့် ဆီးရီးယားပြည်တွင်းစစ်ကြောင့် ကလေးသူငယ် ၂၂,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည်လည်း အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ ကလေးငယ်များ၏ ဆင်းရဲဒုက္ခကို ပိုမိုဆိုးရွားစေခဲ့ပြီး အင်တာနက်ကင်းမဲ့မှုကြောင့် ယင်းဒေသတွင်းရှိ ကလေးငယ် ၄၀ ရာခိုင်နှုန်း ကျော်သည် အွန်လိုင်းမှ စာသင်ယူလေ့လာခွင့် ဆုံးရှုံးခဲ့ရသည်ဟု ယူနီဆက်က ပြောကြားခဲ့သည်။

“ယူနီဆက်ဖ်ဟာ ဒေသတွင်း စာသင်ကျောင်းတွေကို အချိန်ပိုင်းအလိုက် ပြန်ဖွင့်ဖို့နဲ့ လုံခြုံရေးနဲ့ ကျမ်းမာရေးစီမံဆောင်ရွက်မှုတွေကို သင့်တော်သလို လုပ်ဆောင်ကြဖို့ တိုက်တွန်းထားပါတယ်” ချိုင်ဘန်က ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းမှာမျှော်လင့်ချက် အနည်းငယ်သာရှိသည်ဟု ၎င်းကဆိုသည်။

“စာသင်ကျောင်းတွေမှာ ကလေးငယ်တေ ွအရင်ကထက် ပိုများလာဖို့လိုပါတယ်။ ပြီးတော့ ကလေးငယ်တွေဟာ ကာကွယ်ဆေးတွေ (ကလေးဘဝတွင် ဖြစ်တတ်သည့်ရောဂါများကို တားဆီးသည့် ကာကွယ်ဆေးများ) ပိုရဖို့ နဲ့ သန့်ရှင်းတဲ့ သောက်သုံးရေတွေရရှိဖို့ လိုပါတယ်” ဟု ချိုင်ဘန်က ဆိုုသည်။

ထို့ပြင် ဒေသတွင်းပညာရေးကဏ္ဍကို ပြုပြင်ပြောင်းလဲရန် အားထုတ်ကြိုးပမ်းမှုများ လိုအပ်နေပြီး ကလေးများနှင့် လူငယ်များအား လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် စီးပွားရေးတောင်းဆိုမှုများ၊ စျေးကွက်ဝယ်လိုအားနှင့် အနာဂတ် အလုပ်အကိုင်များ၏ တောင်းဆိုမှုများကို အံဝင်ခွင်ကျဖြေရှင်းနိုင်မည့် အရည်အချင်းများကိုလည်း အဆက်မပြတ် လေ့ကျင့်သင်ကြားပေးရန် လိုအပ်သည်ဟု ၎င်းကပြောကြားခဲ့သည်။

သို့သော်လည်း အစိုးရများနှင့် လူငယ်များကြား ဆက်ဆံရေးသစ်တစ်ခု ဖော်ဆောင်ရန် အလွန်အရေးကြီးသည်ဟုလည်း ချိုင်ဘန်က သတိပေးခဲ့သည်။

“ကလေးသူငယ်တွေနဲ့ လူငယ်တွေဟာ သူတို့ကိုယ်သူတို့ ဖော်ပြနိုင်ဖို့အတွက် နေရာပေးဖို့လိုပါတယ်။ သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို လွတ်လပ်စွာ ဖော်ပြဖို့နဲ့ ဆင်းရဲမွဲတေမှုတွေ၊ သာတူညီမျှမရှိမှုတွေ၊ မပြည့်စုံမှုတွေနဲ့ ပတ်သက်ပြီး သူတို့ရဲ့သဘောထားတွေကို ခိုင်မာပြတ်သားတဲ့ပုံစံမျိုးနဲ့ ဖလှယ်ခွင့်ပေးရမှာ ဖြစ်ပါတယ်။ ပြီးတော့ အစိုးရအုပ်ချုပ်မှုအပိုင်းကိုလည်း မြှင့်တင်ရမှာဖြစ်ပါတယ်” ဟု ချိုင်ဘန်က ပြောကြာခဲ့သည်။