တန်ပြန်အကျိုးပေး

တန်ပြန်အကျိုးပေး
သက်ထွန်းအောင်(မန္တလေး)
သက်ထွန်းအောင်(မန္တလေး)
Published 4 March 2021
ခက်ဆစ်လင်း(ပြည်)

အမှန်အတိုင်းဝန်ခံရလျှင် ယခုရက်ပိုင်း၌ ကျွန်တော့်၏စိတ်များ မရွှင်လန်းနိုင်ပါပေ။ သောကနှင့်ဒေါသစိတ်များသာ ကျွန်တော့်၏စိတ်၌ ဖုံးလွှမ်း၍နေရသည်။ စိတ်သည်လည်း မည်သို့မှစုစည်း၍မရပါဘဲ ညစ်ညူး၍နေရသည်။ မည်သို့ပင်ဆိုစေ နေ့စဉ်ကြုံတွေ့နေရသည့် ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ကုသိုလ်စိတ်မထားနိုင်လျှင်တောင်မှ အကုသိုလ်စိတ် မမွေးမြူမိစေရန်အတွက်တော့ ကျွန်တော့်၏စိတ်ကို အကောင်းဆုံး ကြိုးစားပြုပြင်နေမိသည်။ သို့သော် အကုသိုလ်မြင်ကွင်းများအား မြင်ရတိုင်းလည်း ကျွန်တော့်၏စိတ်၌ အကုသိုလ်ဖြစ်ရပြန်သည်။ ဤသို့ဖြင့် ယခုကာလ၌ ကျွန်တော့်၏စိတ်ငြိမ်းချမ်းမှု ပျောက်ရှနေရသည်။ တစ်ဖက်ကတွေးကြည့်မည်ဆိုလျှင်လည်း အကုသိုလ်မြင်ကွင်းများအား အကုသိုလ်မြင်ကွင်းများအဖြစ်သာရှုမြင်၍ အကုသိုလ်စိတ်မမွေးဘဲ ဥပေက္ခာပြုနိုင်လျှင်တော့ ကျွန်တော့်၏စိတ်တစ်မျိုးတစ်ဖုံ ငြိမ်းချမ်းမှုရရှိနိုင်လိမ့်မည်။

သို့သော် ၎င်းအကုသိုလ်မြင်ကွင်းများက ကျွန်တော်ဦးနှောက်နှင့်နှလုံးသားအား တိုက်ရိုက်ကြီး လာရောက်ထိမှန်နေသည့် အတွက်ကြောင့် မလွဲမသွေအကုသိုလ်စိတ် ကျွန်တော်ဖြစ်ရပေသည်။ ၎င်းမကောင်းသည့် အကုသိုလ်စိတ်ကြောင့် မကောင်းသော အကုသိုလ်အကျိုးဆက်ကို ကျွန်တော် တန်ပြန်ခံစားရနိုင်သည်။ ထို့အတူ ကျွန်တော့်အရှေ့၌ အကုသိုလ်စိတ်တဖွားဖွားဖြင့် အကုသိုလ်အမှု အမျိုးမျိုးအား အားပါးတရ ကျုးလွန်နေကြသူများသည်လည်း ၎င်းတို့ပြုသည့် အကုသိုလ်ကံများအတိုင်း တန်ပြန် အကျိုးပေးများအား မုချခံစားရမည်ဖြစ်သည်။ ဤသည်မှာ လောကနိယာမ သဘောတရားသာဖြစ်၏။ ထိုကဲ့သို့ အကုသိုလ်စိတ်ဖြင့် အကုသိုလ်အကျိုးပေးများအကြောင်း အမှတ်တရမဲ့ တွေးတောဆင်ခြင်မိရာမှ ကျွန်တော် ဖတ်မှတ်လေ့လာခဲ့ဖူးသော အကုသိုလ်အကျိုးပေး သာဓကလေးများအကြောင်းလည်း ကျွန်တော့်၏အတွေး၌ ပေါ်လာရသည်။ ထို့အတွက်ကြောင့် ၎င်းအကုသိုလ် အကျိုးပေးသာဓကလေးများအကြောင်းအား ကျွန်တော်အနည်းငယ် ရင်ဖွင့်မျှဝေပေးလိုပါသည်။

ဘုရားရှင်လက်ထက်အခါက ဖြစ်သည်။ သာဝတ္ထိမြို့တော်၏ တံခါးအနီး၌ ဒွါရမည်သောရွာ မီးလောင်၍ မြက်ကရွတ်ခွေတစ်ခုသည် ကောင်းကင်တွင်ပျံနေသည့် ကျီးတစ်ကောင်၏ လည်ပင်းတွင်စွပ်မိ၍ ကျီးမှာကျယ်လောင်စွာအော်လျက် မြေပေါ်သို့ကျခါ သေရရှာလေသည်။ သမုဒ္ဒရာ၌ သင်္ဘောတစ်စင်းသည် ရှေ့တိုးမရဘဲရပ်နေ၍မဲချရာ မဲသည်သင်္ဘောသူကြီးကတော်၏လက်တွင် သုံးကြိမ်တိုင်တိုင်ကျသဖြင့် လည်ပင်းတွင် သဲအိုးကိုချည်၍ သမုဒ္ဒရာ၌ပစ်ချလေသည်။ ထိုအခါမှ သင်္ဘောသည် ရပ်တန့်နေရာမှာ ရှေ့သို့သွား၏။ ရဟန်းတော်ခုနစ်ပါးလည်း မြတ်စွာဘုရားရှင်အား ဖူးမြော်ရန်လာစဉ် ရွာတစ်ရွာအရောက်တွင် လိုဏ်ဂူအတွင်း၌ခဏနားရာ ဂူပေါက်ပိတ်၍ ခုနစ်ရက်တိတိ လိုဏ်ဂူထဲတွင်နေ၍ ခုနစ်ရက်မြောက်သောနေ့မှ လိုဏ်ဂူက အလိုလိုပွင့်သွားလေသည်။

မြတ်စွာဘုရားရှင်ထံပါးရောက်၍ ထိုအဖြစ်အပျက်သုံးခုကိုလျှောက်ထားသောအခါ မြတ်စွာဘုရားရှင်က ကျီးသည်ရှေးလူဖြစ်စဉ်အခါက ကြမ်းတမ်းသောနွားတစ်ကောင်ကို ဆုံးမ,မရ၍ လည်ပင်း၌ ကောက်ရိုးစည်းကိုဖွဲ့၍ မီးဖြင့်တိုက်ခဲ့သောကြောင့် ဒီဘဝမှာ မီးလောင်၍ပျက်စီးရလေသည်။ သင်္ဘောသူကြီးကတော်သည်လည်း ရှေးဘဝလူဖြစ်စဉ်က မိန်းမတစ်ယောက်ဖြစ်လေသည်။ ထိုမိန်းမအနောက်သို့ ခွေးတစ်ကောင်သည် အစဉ်သဖြင့်လိုက်နေ၍ လူအများကလှောင်ပြောင်သောကြောင့် ရှက်ရွံ့မိသည်။ ခွေးကိုမလိုက်အောင်လည်း တားဆီး၍မရပေ။ ထို့ကြောင့် နောက်ဆုံးတွင်တော့ ခွေးလည်ပင်းတွင် သဲအိုးစွဲ၍ရေနှစ်သတ်ခဲ့သော အကုသိုလ်ကြောင့် ယခုဘဝ၌ သမုဒ္ဒထဲသို့သဲအိုးစွဲ၍ ပစ်ချခံခဲ့ရခြင်းဖြစ်လေသည်။ ရဟန်းတော်ခုနစ်ပါးမှာလည်း နွားကျောင်းသားဖြစ်ခဲ့စဉ်က ဖွတ်တစ်ကောင် တွင်းထဲသို့ ဝင်သွားသည်ကိုမြင်၍ သစ်ရွက်စသည်တို့ဖြင့် တွင်းကိုပိတ်ခဲ့သည်။

ဤသို့ဖြင့် နောက်ခုနစ်ရက်ကြာမှ ထိုနေရာသို့ရောက်၍ တွင်းကိုဖွင့်ပေးသည်။ အစာရေစာငတ်၍ အားနည်းနေသော ဖွတ်ကိုမြင်မှ သနားစိတ်ဖြင့် လွှတ်ပေးလိုက်သည်။ ထိုအကုသိုလ်ကံကြောင့် ခုနစ်ရက်တိတိ ဂူပိတ်ခြင်းခံရသည်ဟု ဖြစ်စဉ်အသီးသီး၏ ကြောင်းအကျိုးအား မိန့်တော်မူခဲ့လေသည်။ ထို့နောက် မကောင်းမှုပြုသော သူသည်ကောင်းကင်၌ဖြစ်စေ၊ သမုဒ္ဒရာ၌ဖြစ်စေ၊ လိုဏ်ဂူအတွင်း၌ဖြစ်စေ ထိုမကောင်း မှုကံ၏ အကျိုးမှမလွတ်မြောက်နိုင်ချေ။ လွတ်မြောက်နိုင်သည့်အရာဆိုသည်မှာ လုံးဝမရှိချေဟု မြတ်စွာဘုရားရှင်က ဖြည့်စွက်ဟောကြားတော်မူခဲ့လေသည်။ ဤသည်မှာ အကုသိုလ်၏ တန်ပြန်အကျိုးဆက်ခံစားရခြင်းအား အပီပြင်ဆုံးဖော်ပြထားသည့် သာဓကဖြစ်စဉ်လေးတစ်ခုဖြစ်၏။ ထို့ပြင် ဆရာနေနော် လူမှုကွန်ရက်တွင် ရေးသားမျှဝေထား၍ ဖတ်လိုက်ရသောအခြားသော သာဓကဖြစ်စဉ်လေးကလည်း အောက်ပါအတိုင်း ဖြစ်ပါ၏။ (အကုသိုလ်အကျိုးပေး) ၁၉၉၄ ခုနှစ်က ရော်နယ်အဘော့စ်ဆိုသူသည် နေထိုင်ရာတိုက်ပေါ်မှခုန်ချပြီး ဘဝကိုအဆုံးသတ်ရန်ဆုံးဖြတ်ခဲ့၏။ ခုန်မချခင်၌ “ဘဝကိုပိုကောင်းအောင် ဆက်နေဖို့မျှော်လင့်ချက်တွေ ကုန်ဆုံးသွားပြီ”ဟူသော အကြောင်း စာတစ်စောင်ချန်ခဲ့၍မိသားစုကို အသိပေးခဲ့သေးသည်။

မတ်လ ၂၃၊ ၁၉၉၄ သူသေဆုံးသွားပြီး အလောင်းအား စစ်ဆေးသည့်အခါတွင်တော့ သေဆုံးရသည့် အကြောင်းရင်းမှာ ဦးခေါင်းကို သေနတ်မှန်ခြင်းကြောင့်ဖြစ်သည်ဟု အဖြေထွက်လာသည်။ စုံစမ်းစစ်ဆေးမှုများစတင်သည်အခါတွင်တော့ သူ့အားသေဆုံးစေခဲ့သည့် ကျည်ဆန်မှာ သူနေထိုင်ရာ အဆောက်အအုံ၏ ကိုးထပ်မှပစ်လိုက်တာဟု သိရသည်။ ထိုအထပ်တွင် အဘိုးကြီးအဘွားကြီး လင်မယားနေထိုင်၏။ အိမ်နီးနားချင်းများ၏အပြောအရဆိုလျှင် ထိုလင်မယားသည် အမြဲတမ်းရန်ဖြစ်လေ့ရှိပြီး ထူးဆန်းသည်က ရော်နယ်ခုန်ချပြီးသတ်သေမည့်နေ့၊ သတ်သေမည့်အချိန်တွင် အဘိုးကြီးက သူ့မိန်းမအား ပစ်သတ်မည်ဟု ခြိမ်းခြောက်ရင်း သေနတ်ကိုင်ထားခဲ့သည်ဟု ဆို၏။ အလွန်ဒေါသထွက်နေသည့်အချိန်မို့ အဘိုးကြီးက သူ့မိန်းမအား သေနတ်ဖြင့် ပစ်မိပါလိမ့်မည်။ သို့သော် အဘွားကြီးနှင့်အလှမ်းဝေးနေသောကြောင့် ကျည်ဆန်သည် လွဲချော်သွားပြီး တိုက်တိုက်ဆိုင်ဆိုင်အပေါ်မှ ခုန်ချလာသည့် ရော်နယ့်အား သွားမှန်၍ သေဆုံးခဲ့ရခြင်းဖြစ်လိမ့်မည်။

ထိုအမှုတရားရုံးသို့ရောက်သည့်အခါတွင် အဘိုးကြီးက သူတို့လင်မယားရန်ဖြစ်တာ မှန်ကြောင်း၊ သတ်မည် ဖြတ်မည်ဟု ခြိမ်းခြောက်တာလည်း မှန်ကြောင်း၊ သို့သော် သေနတ်တွင်မည်သည့်အခါမှ ကျည်ထည့်ထားလေ့မရှိကြောင်း အခိုင်အမာထွက်ဆိုသည်။ ထို့ကြောင့် စုံစမ်းမှုများအား ဆက်လုပ်ရပြန်၏။ ထိုအခါ အခြားအကြောင်းအရာတစ်ခုလည်း ထပ်မံပေါ်ပေါက်လာရ၏။ ဆွေမျိုးတစ်ယောက်က အဘိုးကြီးလင်မယား၏သားဖြစ်သူသည် သေနတ်ကိုကျည်ဖြည့်နေခြင်းအား မြင်တွေ့မိသည်ဟု အစစ်ခံလာသည်။ သားဖြစ်သူ သေနတ်ကိုကျည်ဖြည့်ရခြင်း၏ ရည်ရွယ်ချက်ကတော့ သားဖြစ်သူက အဘွားကြီးဆီမှ ငွေတောင်းရာတွင် အဘွားကြီးက ငြင်းခဲ့သည့်အတွက်ကြောင့် သက်ကြီးရွယ်အိုမိဘနှစ်ပါးအား ရှင်းပစ်ရန်အတွက် သားဖြစ်သူက ရက်ရက်စက်စက် ကြံစည်ခဲ့ခြင်းဖြစ်၏။ မိဘနှစ်ပါး အမြဲတစေရန်ဖြစ်တတ်ပြီး အဖေဖြစ်သူ၏အကျင့်ဆိုးကိုလည်း ကောင်းကောင်းသိနေသည့်အတွက်ကြောင့် အဘိုးကြီးကသေနတ် ဖြင့်ပစ်လိုက်လျှင် ကျည်ဖြည့်ထားသည့်အတွက် အဘွားကြီးသေမည်။ အဘိုးကြီးလည်း လူသတ်မှုဖြင့် ထောင်ထဲရောက်မည်။ ရက်စက်လွန်းသည့် အကြံဖြစ်သည်။ သို့ သော် အမှန်တကယ် အဘိုးကြီးပစ်မိသွားသော ကျည်ဆန်ကတော့ အဘွားကြီးကို လွဲချော်သွားပြီး ရော်နယ့်ခေါင်းအား တိုက်ဆိုင်စွာသွားမှန်ခဲ့ခြင်းဖြစ်၏။

ထို့ကြောင့် ရော်နယ်သေဆုံးရခြင်းအမှု၏ လူသတ်တရားခံသည် အဘိုးကြီးအဘွားကြီးတို့၏သားဖြစ်သူဟု ဆုံးဖြတ်ခဲ့ကြ၏။ ဤတွင် အထူးဆန်းဆုံးသော တိုက်ဆိုင်မှုကတော့ အဘိုးကြီးအဘွားကြီးတို့၏ သားဖြစ်သူမှာ သေကြောင်းကြံစည်သူ ရော်နယ်ကိုယ်တိုင်ဖြစ်နေခြင်းပင်။ ရော်နယ်သည် မိဘနှစ်ပါးအား ရှင်းပစ်ရန်အတွက် သေနတ်တွင်ကျည်ဖြည့်၍ လုပ်ကြံထားခဲ့ပါသော်လည်း အလွန်ဆိုးရွားလာသော ငွေရေးကြေးရေး အခက်အခဲမှအစပြု၍ အခြေအနေအရပ်ရပ်ကြောင့် နောက်ဆုံး မိမိကိုယ်မိမိသတ်သေဖို့ကိုသာ ဆုံးဖြတ်ချက်ချ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ သူတိုက်ခေါင်မိုးအပေါ်မှခုန်ချချိန်တွင်တော့ တိုက်ဆိုင်လွန်းစွာ အဘိုးကြီးပစ်လိုက်သော ကျည်ဆန်က သူ့ခေါင်းကို သွားမှန်ခဲ့ခြင်းဖြစ်သည်။ သူသည် သေနတ်မှန်၍သေဆုံးခဲ့ရသလို လူသတ်သမားလည်း ဖြစ်ခဲ့ရသည်။ ထိုအမှုသည် အမေရိကန်သမိုင်း၌ အထူးဆန်းဆုံးသေကြောင်းကြံစည်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့ရ၏။ ဗုဒ္ဓဘာသာအလိုအရဆိုလျှင် ဤသည်မှာ ကံယကံ၏အကျိုးပင်။ ကိုယ်စိုက်ပျိုးသောအပင် ကိုယ်ပြန်ရိတ်သိမ်းရခြင်းသာ ဖြစ်၏။ ကံကောင်းနေချိန်တွင် ကိုယ်လုပ်ခဲ့သော မကောင်းမှုက ကိုယ့်ဆီပြန်မလာသေးခြင်းအား လုံးဝမလာနိုင်ဟု မတွေးမှတ်သင့်ပေ။ နောက်ဆုံးမိနစ် နောက်ဆုံးစက္ကန့် ရောက်ပါမှ အကုသိုလ်အကျိုးပေးက ရောက်လိုလျှင် ရောက်လာတတ်သည့် ကိစ္စမျိုးသာ ဖြစ်ပေသည်။ (နေနော်)

အထက်ပါ သာဓကဖြစ်စဉ်လေးနှစ်ခုသည် ဆိုခဲ့သည့်အတိုင်း မကောင်းသော အကုသိုလ်စိတ်၊ အကုသိုလ်အပြုအမူများကြောင့် တန်ပြန်ဖြစ်ပေါ်၍လာရသော အကုသိုလ်အကျိုးပေး သာဓကဖြစ်စဉ်လေး များသာဖြစ်သည်။ ကျွန်တော်တို့ လူသားများအပါအဝင် သတ္တဝါတိုင်းသည် မိမိတို့ပြုမူတွေးတောသည့် အကုသိုလ်များအတိုင်း ဆိုးကျိုးများအား မုချတန်ပြန်ခံစားရမည်သာ ဖြစ်ပါသည်။ အကုသိုလ်ထုထည်ကြီးလျှင် ကြီးသလို ဆိုးကျိုးထုထည်လည်း ကြီးမားစွာ ခံစားရမည်ဖြစ်၏။ ထိုနည်းတူစွာပင် အကုသိုလ်အကျိုးဆက်တိုင်းသည် တန်ပြန်ခံစားရမည်ဖြစ်သလို၊ ကုသိုလ်အကျိုးဆက်များကလည်း တန်ပြန်ခံစားရနိုင်သည်ဖြစ်ပါ၏။ ကုသိုလ်သည် ကောင်းသောကံဖြစ်သဖြင့် ကောင်းသောကံကို ခံစားရမည်ဖြစ်သလို အကုသိုလ်ဆိုသည်ကတော့ ဆိုးသောကံဖြစ်သဖြင့် မကောင်းသောကံကိုသာ ခံစားရမည်ဖြစ်သည်။

မိမိ၏ ကိုယ်၊ နှုတ်၊ စိတ်မှ ပြုမူမိသော ကံများအတိုင်း ကောင်းသော၊ ဆိုးသော အကျိုးဆက်များစွာအား ကျွန်တော်တို့ မလွဲမသွေ တန်ပြန်ခံရမည်သာဖြစ်သည်။ ဤသည်ကို မည်သူမှရှောင်လွှဲ၍မရနိုင်ပါပေ။ အကုသိုလ်အမှုကျူးလွန်နေသူများသည် တစ်ချိန်ချိန်၌ သူတို့၏မကောင်းသောကံအတိုင်း ဆိုးကျိုးများအား တန်ပြန်ခံစားရမည်သာဖြစ်သလို ကုသိုလ်အမှု ပြုလုပ်နေသူ များအဖို့လည်း သူတို့၏ကောင်းသောကံအတိုင်း ကောင်းသောအကျိုးဆက်များအား မုချခံစားရမည်သာဖြစ်သည်။ မည်သူမှမိမိ၏ကံကို လှည့်စား၍ မရနိုင်ပါပေ။ ထို့အတွက်ကြောင့် ရခဲလှသော လူ့ဘဝရှင်သန် နေစဉ်ကာလ၌ တတ်နိုင်သမျှ ကုသိုလ်စိတ်ကိုမွေး၊ ကုသိုလ်အမှုများပြုရင်းဖြင့် အကုသိုလ်စိတ်နှင့် အကုသိုလ်အမှုများအား ရှောင်ရှားနိုင်ပါမှ ကျွန်တော်တို့၏လူ့ဘဝ ရှင်သန်ခြင်းသည်လည်း အဓိပ္ပာယ်ပြည့်ဝနိုင်ပေလိမ့်မည်ဖြစ်သည်။ ကျွန်တော်တို့၏ ကိုယ်စီလူ့ဘဝရှင်သန်ခြင်း အဓိပ္ပာယ်ပြည့်ဝမှုများကြောင့် ကျွန်တော်တို့၏လူ့ပတ်ဝန်းကျင်သည်လည်း သာယာလှပငြိမ်းချမ်းလာ နိုင်ပေလိမ့်မည်ဖြစ်သည်။

မည်သို့ပင်ဆိုစေ လူ့ဘဝဟူသည်ကလည်း အခက်အခဲများ အစဉ်သဖြင့်ဖြစ်ပေါ်နေသည်နှင့်အညီ ယခုကာလတွင်တော့ ကျွန်တော့်၏စိတ်ကတော့ အကုသိုလ်ဓာတ်များ ကိန်းဝပ်နေခြင်းဖြင့် မတည်မငြိမ်ဖြစ် နေရသည်။ ဤသည်ကိုလည်း အထက်မှာကတည်းက ကျွန်တော်ရင်ဖွင့်ဝန်ခံခဲ့ပြီးသားဖြစ်၏။ ကျွန်တော် အဘယ်ကြောင့် အကုသိုလ်စိတ်များ ဖြစ်ပေါ်နေရသနည်းဟုဆိုလျှင် ကျွန်တော့်၏အရှေ့၌ အကုသိုလ်စိတ်ဖြင့် အကုသိုလ်အမှုများအား တရစပ်ကျူးလွန်နေကြသူများ၏ ဆိုးရွားလွန်းသော အကုသိုလ်မြင်ကွင်းများစွာအား ကျွန်တော်မြင်တွေ့ခံစားနေရခြင်းကြောင့်သာ ဖြစ်သည်။ ယခုအချိန်၌ ကျွန်တော့်အနေဖြင့် ကုသိုလ်စိတ်မွေးမြူလိုပါသော်လည်း အကုသိုလ်အမှုများအား ကျူးလွန်ပြနေကြသူများကြောင့် ကျွန်တော့်ထံတွင်လည်း အမှန်တကယ် အကုသိုလ်စိတ်ဖြစ်ပေါ်နေရပေသည်။ မည်သို့ပင်ဆိုစေ ထိုအကုသိုလ်စိတ်များကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များကိုလည်း ကျွန်တော်ကိုယ်တိုင် တန်ပြန်ခံစားရမည်ဖြစ်သလို ကျွန်တော့်၏အရှေ့၌ အကုသိုလ်အမှုများအား အားပါးတရ ကျူးလွန်နေကြသူများသည်လည်း ဆိုးရွားလွန်းသည့် အကုသိုလ် အကျိုးဆက်များအား မုချတန်ပြန်ခံစားရ လိမ့်မည်သာဖြစ်ပါ၏။ ဤသည်ကို တန်ပြန်အကျိုးပေးဟုဆိုလျှင်လည်း ရကောင်းနိုင်လိမ့်မည်သာ ဖြစ်၏။ ထို့အတွက်ကြောင့် ညစဉ်အိပ်ရာဝင်သည့်အခါတိုင်း “ယခုဘဝ၌ ငါပြုခဲ့ဖူးသော အကုသိုလ်များအတိုင်း ထပ်တူကျသည့်အကျိုးဆက်များအား ငါတန်ပြန် ခံစားရပါစေ။ ထိုနည်းအတူ အခြားသောသူများသည်လည်း ယခုဘဝ၌ (ယခုလက်ရှိ) သူတို့ပြုနေခဲ့သော အကုသိုလ်များအတိုင်း ထပ်တူကျသည့်အကျိုးဆက်များအား တန်ပြန်ခံစားရပါစေသား”ဟူ၍ နှုတ်မှတဖွဖွ ကျွန်တော် ရေရွတ်နေမိပေသည်။ ကျွန်တော့် ၏စိတ်မှနက်ရှိုင်းသောခံစားချက်ဖြင့် လေးလေးနက်နက် နှုတ်မှရွတ်ဆိုနေမိသော ဤစကားစုအား မည်သည့်စကားဟူ၍တော့ ကျွန်တော် ခေါင်းစဉ်မပေးတတ်တော့ပါပေ။