မေယုတောင်ခြေသို့ ခရီးတစ်ခေါက်

မေယုတောင်ခြေသို့ ခရီးတစ်ခေါက်
မေယုတောင်တန်းကြီးကို အဝေးမှ မြင်တွေ့ရစဉ်
မေယုတောင်တန်းကြီးကို အဝေးမှ မြင်တွေ့ရစဉ်
Published 28 February 2021
သန်းလှိုင် (စစ်တွေ)

ပွင့်လင်းရာသီ ရောက်ပြီဆိုသည်နှင့် ခရီးသွားလာကြခြင်း ပိုများလာသည်။ ဆောင်းအကုန် နွေအကူး နေ့ရက်များသည် ခရီးသွားလာ၍ အကောင်းဆုံးသောအချိန် ဖြစ်သည်။ ယင်းသို့သော အချိန်မျိုးတွင် ခရီးသွားရသည်မှာ လွန်စွာ သက်သောင့်သက်သာရှိလှသည်။

နွေဦး၏နံနက်ခင်းသည် နှင်းပွင့်များ မပြယ်ချင့်ပြယ်ချင်ရှိလှသည်။ ဒေသအနေအထားအရ ခရီးမသွားဖြစ်သည်မှာ ကြာခဲ့ပြီဖြစ်ခြင်း။ ကျေးလက်ဒေသများ၏အရသာကို ခံစားရခြင်းကြောင့် စိတ်ထဲမှာ ကြည်နူးဝမ်းသာဖြစ်မိသည်။ စစ်တွေမြို့ ရေချမ်းပြင် ဆိပ်ကမ်းတွင် ရပ်ထားသော စက်လှေပေါ်သို့ တက်လိုက်သည်နှင့် မြစ်ပြင်ဘက်မှ တိုက်ခတ်လာသော လေအေးက တိုက်လိုက်သည့်အတွက် ရင်ကိုအေးမြသွားရပြန်သည်။

အမှန်က သည်ခရီးသည် ရသေ့တောင်မြို့နယ် မယူကမ်းဒေသရှိ ရှေးဟောင်းသမိုင်းဝင် ရခိုင်နတ်ကွန်းတစ်ခု တည်ရှိရာနေရာသို့ သုတေသီများ၊ စာရေးဆရာများနှင့် မီဒီယာညီအစ်ကိုများ သွားရောက်လေ့လာသော ခရီးစဉ်တစ်ခုသာဖြစ်သည်။ ယင်းသို့ သွားရောက်ကြရာတွင် ရခိုင်သမိုင်းနှင့်ပတ်သက်ပြီး သုတေသနပြုလုပ်ကြသော ဆရာတော်အချို့လည်း ပါဝင်ကြသည်။ မြောက်ဦး၊ ကျောက်တော်၊ စစ်တွေမှ သုတေသီများလည်း ပါဝင်ကြရာ ခရီးစဉ်တွင် လူ ၃၀ ကျော် ဖြစ်လာခဲ့သည်။ စားသောက်ရေးအတွက် အသင့်ယူဆောင်သွားသော ရိက္ခာများကို ရသေ့တောင်မြို့နယ် မေယုရင်ငွံ့ လူမှုကူညီရေးအသင်း (မယူကမ်းဒေသ) အဖွဲ့နှင့် မကျည်းချောင်းကျေးရွာမှ လူငယ်များက ချက်ပြုတ်ကျွေးမွေးကြသည်။

ရေချမ်းပြင်မှ အငူမော်ဘက်ကမ်းသို့ စက်လှေဖြင့် ၄၅ မိနစ်ခန့် ကူးရသည်။ မေယုမြစ်ဝသည် လွန်စွာမကျယ်ဟုဆိုသော်ငြားလည်း မိုးရာသီမျိုးတွင် လွန်စွာအန္တရာယ်ရှိသော နေရာဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ လေတဟူးဟူး တိုက်ခတ်နေသော်လည်း မြစ်ပြင်တွင် လှိုင်းကြက်ခွပ်ကလေးများကိုသာ တွေ့ရသည့်အတွက် ရေကြောက်တတ်သော မိမိမှာ စိတ်အေးရပြန်သည်။ မြစ်ပြင်တွင် အသွားအပြန် ကူးတို့စက်လှေ များစွာမှာ ခေါက်တုံ့ခေါက်ပြန်သွားလာနေကြသည်ကိုလည်း တွေ့ရသည်။ စစ်တွေဘက်ကမ်းမှ ရသေ့တောင်ဘက်ကမ်းသို့ ကူးလူးသွားလာနေကြသည့် ခရီးသည်များမှာ မနည်းလှ။ အငူမော်ကမ်းကို ရောက်သည်နှင့် ယင်းမှတစ်ဆင့် မောင်တောမြို့သို့ ကားဖြင့် တိုက်ရိုက်သွားလာနိုင်သည့် ကွန်ကရစ်လမ်း ဖောက်လုပ်ထားသည့်အတွက် သွားလာသူ များပြားနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိအနေအထားတွင် ဘူးသီးတောင်-ရသေ့တောင်-စစ်တွေ အမြန်ရေယာဉ်လိုင်းများ ရပ်နားထားသည်။ အလား တူစွာပင် စစ်တွေအခြေစိုက် အမြန်ရေယာဉ်လိုင်းများကို ရပ်နားထားသည့်အတွက် ခရီးသည်များမှာ ကားလမ်းကိုသာ အသုံးပြုသွားလာနေကြရသည်။ ရသေ့တောင်မှလည်း စက်လှေများကို အသုံးပြုကာ ရေကြောင်းဖြင့် ရေချမ်းပြင်ဆိပ်ကမ်းသို့ လာရောက်ပြီး ယင်းမှတစ်ဆင့် စစ်တွေသို့ လာရောက်ကြကြောင်း သိရသည်။ တစ်ဖက်မှာ ပိတ်ထားသော်လည်း တစ်ဖက်မှာ သွားလာနေကြသည်ကို တွေ့ရသဖြင့် စီမံအုပ်ချုပ်ရေးအပိုင်း စနစ်ကျမှုနှင့် မကျမှုတို့ကို ယှဉ်တွဲတွေးတောမိပြန်သည်။

ယင်းအနက် ရိုးသားစွာ လုပ်ကိုင်စား သောက်နေကြရသူတို့ကြားတွင် မရိုးသားသော စက်လှေသမားများကိုလည်း တွေ့ခဲ့ရသည်။ ၁၅၀၀၀ ဖြင့် ငှားရမ်းနိုင်သော စက်လှေတစ်စင်းကို လေး၊ ငါးသောင်းဖြင့် ငှားခဲ့ရသည်။ အဆိုးဆုံးမှာ လူခွန်သဖွယ် လိုင်းကြေးအဖြစ် ပေးဆောင်ရသည်ဟုလည်း စက်လှေသမားများက ပြောဆိုပြန်သည်။ လူတစ်ဦးလျှင် ကျပ် ၁၀၀၀ စီ ဆိပ်ကမ်းတွင် အကောက်ခွန် ပေးဆောင်ရသည်ဟုလည်း သိရသဖြင့် မိမိမှာ လွန်စွာအံ့သြရပြန်သည်။ မလုပ်သင့်သော လုပ်ရပ်များဖြစ်ပေသည်။ အငူမော်ဆိပ်ခံတံတားရှည်ကြီးကို ၂၀၀၅  ခုနှစ်တွင် BAJ ဂျပန်က ဆောက်လုပ်ပေးထားခဲ့ခြင်း ဖြစ်သည်။ ယင်းတံတားကို အမှီပြုပြီး ဆိပ်ကမ်းခွန် ကောက်ယူနေသည်မှာ လွန်စွာအရုပ်ဆိုးလှသည်ဟု တွေးတောမိပြန်သည်။ ယင်းကိစ္စနှင့်ပတ်သက်ပြီး ခရီးစဉ်ကို ဦးဆောင်စီစဉ်သူတချို့နှင့် အချေအတင်ဖြစ်ခဲ့ရသည်များလည်း ရှိခဲ့ပြန်သည်။

အငူမော်ဆိပ်ကမ်းသို့ ရောက်သည်နှင့် ဆိပ်ကမ်းပေါ်တွင် ခရီးသွားပြည်သူများစွာကိုလည်း တွေ့ရသည်။ ကားကြီးကားငယ် အသွယ်သွယ်တို့ကိုလည်း အစီအရီတွေ့ရသည်။ ယင်းလူအုပ်ကြားမှ မိမိတို့ကို စောင့်ကြိုနေသော မေယုရင်ငွိ့လူမှုကူညီရေးအသင်း (မယူကမ်းဒေသ) လူငယ်အဖွဲ့ကို အလံတလူလူနှင့် တွေ့ရသဖြင့် ဝမ်းသာရပြန်သည်။ ကြိုတင်စီစဉ်ထားသည့် အငှားကားဖြင့် မိမိတို့လိုရာခရီးကို ဆက်ခဲ့ကြသည်။ ငှားထားသောကားတွင် လူမဆံ့သဖြင့် တချို့မှာ ဆိုင်ကယ်ဖြင့်ပင် သွားကြရသည်။ ကားဖြင့် ၁၀ မိနစ်ခန့်သွားလိုက်သည်နှင့် မိမိတို့ လာရောက်သည့် မယူရှင်မနတ်ကွန်းသို့ ရောက်ရှိလာခဲ့ကြပေသည်။ ယင်းအချိန်တွင် နံနက် ၉ နာရီခွဲခန့်ရှိပေပြီ။

စာရေးသူမှာ သုတေသီလုပ်ငန်းနှင့် ပတ်သက်ပြီး တစ်လုံးတစ်ပါဒမှ နားလည်သူမဟုတ်ဖြင့် သုတေသီများ၏ လေ့လာချက်များကို ရပ်ကြည့်နေမိသည်။ သုတေသနပြုလုပ်သူများမှာ တစ်ဦးနှင့်တစ်ဦး နတ်ကွန်းနှင့် ပတ်သက်ပြီး ပြောဆိုကြသည်။ ဆွေးနွေးကြသည်။ မှတ်တမ်းတင်ကြသည်။ တိုင်းထွာကြသည်။ ထောက်ပြဝေဖန်မှုများ၊ အကြံပြုမှုများကို ပြုလုပ်ကြသည်။ မိမိမှာလိုအပ်သည်များကို ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးရုံမှတစ်ပါး အခြားမစွမ်းသာ။

တစ်နာရီခန့်ကြာ လေ့လာကြပြီးနောက် သုတေသီများအနားယူ နေကြစဉ်တွင် မိမိမှာ ထမင်းဟင်း ချက်ပြုတ်နေသည့် အဖွဲ့ရှိရာ တောင်ခြေက သရက်ပင်ကြီးအောက်သို့ ရောက်ရှိလာခဲ့သည်။ မိမိတို့ ရောက်ရှိနေသောနေရာသည် မယူတောင်တန်း၏အစ တောင်ခြေရင်းပင်ဖြစ်သည်။ မယူတောင်တန်းကြီးမှာ တစ်မျှော်တစ်ခေါ် ရှိလှသည်။ တောင်ခြေတစ်လျှောက်တွင် ရခိုင်ရွာငယ်များစွာ ရှိကြောင်းလည်း ဒေသခံများက ဆိုသည်။ တောင်ခြေရွာများမှ ပျံ့လွင့်လာသော လော်စပီကာသံများကိုလည်း ကြားနေရသည်။ ရှင်ပြုပွဲ၊ မင်္ဂလာပွဲများမှ ပျံ့လွင့်လာသောသီချင်းသံများပင် ဖြစ်ချေသည်။ ယခုလ ယခုရာသီမျိုးသည် ရှင်ပြုပွဲ၊ သမက်တက်ပွဲများ စည်ကားစွာ ကျင်းပသော ရာသီမဟုတ်ပါလော။

မိမိမှာ သရက်ပင်ကြီးအောက်တွင် ထိုင်ရင်း အနောက်ဘက်ခပ်လှမ်းလှမ်းတွင် သမိုင်းဝင် ဓာတ်တော်မွေတော်တည်ရှိရာ တောင်ဦးဘုရားသို့ လက်အုပ်ချီကန်တော့မိသည်။ တောင်ခြေရင်း လယ်ကွင်းများတွင် ဖရဲ၊ သခွားစိုက်ခင်းများ၊ ပြောင်းဖူးစိုက်ခင်းများကို တွေ့ရသည်။ ရေခံမြေခံကောင်းသော၊ မြေဆီမြေသြဇာကောင်းသော မယူဒေသတွင် ဆောင်းသီးနှံများဖြစ်ထွန်းမှာ မဆန်းလှသော်လည်း ယခုနှစ်ပိုင်းတွင် လုပ်ကိုင်သူနည်းပါးလာသည်ဟု သိရသည်။

မေယုတောင်တန်းသည် ရခိုင်များအတွက် အရေးပါသောတောင်တန်းတစ်ခုဖြစ်ကြောင်းလည်း သုတေသီများက သုံးသပ်ကြသည်။ မေယုတောင်တန်းသည် မောင်တော-ဘူးသီးတောင်မှသည် လွန်စွာရှည်လျားသော တောင်တန်းတစ်ခုဖြစ်သည့်အတွက် ဒေသခံများအတွက် အားထားရာလည်း ဖြစ်ပေသည်။ ယင်းအတွက် မေယုတောင်တန်းကို အခြေခံပြီး လုပ်ကိုင်စားသောက်ကြရသော ရခိုင်တိုင်းရင်းသား ကျေးရွာပေါင်း မြောက်မြားစွာရှိပေသည်။ ယင်းအတွက် တောင်တန်းသည်ပင်လျှင် ဒေသခံများအတွက် မှီခိုရာ၊ အားထားရာဆိုလည်း မှားမည်မထင်။ အသက်သွေးကြောဟုဆိုလျှင်လည်း မယုတ်လွန်းလှပေ။ သို့သော် မသေချာသော နိယာမတရားတို့တွင် ဖြစ်ပျက်ပြောင်းလဲနေသော သဘောတရားများနှင့် လက်ရှိအခြေအနေကို လေ့လာရန် လိုအပ်ဦးမည် ထင်ပေသည်။

များပြားလှသော လယ်မြေများသည် သီးနှံထွက်နှုန်း ကောင်းမွန်ပါလျက် မည်သည့်အတွက်ကြောင့် မလုပ်ဆောင်ကြသနည်း။ လယ်ယာလုပ်ငန်းကို လုပ်ကိုင်သူ မည်သည့်အတွက်ကြောင့် နည်းပါးလာရသနည်း ဆိုသည်ကို ပြန်လည်တွေးတောရမည့် အနေအထားပင်ဖြစ်ပေသည်။ ဒေသတွင်း ဖြစ်ပျက်နေသော အကြောင်းအရာတို့သည် တစ်နေ့နှင့်တစ်နေ့ မရိုးနိုင်အောင် ဖြစ်နေခဲ့သည်ဟု သိရသည်။ ကျေးလက်ဒေသ ဆိုသော်လည်း လျှပ်စစ်မီးမရသေးသည့် ရွာပေါင်းများစွာရှိသည်ဟု သိရသည်။ ကိုယ်ပိုင်ဆိုလာပြားများ ဝယ်ယူပြီး လျှပ်စစ်မီးကို အသုံးပြုနေကြရသည့် ရခိုင်သူရခိုင်သားများအတွက် ရင်လေးမိ၊ စိတ်မကောင်း ဖြစ်မိရုံကလွဲလို့ မည်သို့မျှ မတတ်နိုင်။ လျှပ်စစ်မီး ရရှိရေး မျှော်တွေးခဲ့သော နှစ်ပေါင်းများစွာကို သူတို့ ဖြတ်ကျော်ခဲ့ပြီ။ တချို့မှာ ကွယ်လွန်ခဲ့သည့်တိုင် လျှပ်စစ်မီးဖြင့် မနေခဲ့ရ။ မျှော်လင့်ဆဲ မျှော်လင့်မိသည်များမှာ များစွာ များစွာ။

ကျွန်တော်တို့အဖွဲ့သည် မွန်းတည့် ၁၂ နာရီမထိုးမီ ဆရာတော်များကို ဆွမ်းကပ်ကြသည်။ ထို့နောက် ကျန်လူများကလည်း ဒေသခံများနှင့်အတူ လက်ရည်တစ်ပြင်တည်း ထမင်းဝိုင်းဖွဲ့ စားသောက်ကြသည်။ မယူကမ်းမှ ဒေသခံလူငယ်အမျိုးသမီးများ ချက်ပြုတ်သော ကြက်သားနှင့်ဘူးသီး ရခိုင်ချက်မှာ လွန်စွာစား၍ကောင်းလှသည်။ ထမင်းစားပြီးနောက် နတ်ကွန်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောဆိုကြသည်။ တချို့ ကဗျာရွတ်ကြသည်။ ဒေသခံများက သိလိုသည်များကို သုတေသီများထံ မေးမြန်းကြသည်။ လွန်စွာ ပျော်ရွှင်ဖွယ်ကောင်းသော ခရီးတစ်ခုပင်ဖြစ်ပါသည်။

ယင်းနောက် အငူမော်ဒေသ၊ အထူးသဖြင့် မယူကမ်းဒေသမှ ထွက်သော ဖရဲသီးများသည် လွန်စွာချိုမြိန်ပြီး ဆေးခတ်ထားခြင်းမရှိကြောင်း သိရသည့်အတွက် ဖရဲသီးများဝယ်စားကြသည်။ စျေးချိုသကဲ့သို့ လွန်စွာချိုသော ဖရဲသီးများကို လတ်ဆတ်စွာ စားခွင့်ရခဲ့သည်။ စိုက်ခင်းထဲမှ ဆွတ်ယူပြီး ချက်ချင်း စားရသည့်အတွက်လည်း လွန်စွာ စားကောင်းသည်ဟု ခံစားမိသည်။

ညနေ ၃ နာရီကျော်တွင် ကျွန်တော်တို့အဖွဲ့ စားသောက်သည့်နေရာမှ ပြန်လည်ထွက်ခွာလာခဲ့ကြသည်။ မေယုတောင်တန်းကြီးမှာ တာဝန်မပျက် မားမားမတ်မတ် ကာဆီးထားဆဲပင်ဖြစ်သည်။ အပြန်လမ်းတစ်လျှောက် မေယုတောင်တန်း၏ တာဝန်ကျေပွန်မှု၊ ဒေသခံ ရခိုင်သူရခိုင်သားများ၏ ရေမြေဒေသကို ချစ်ခင်တန်ဖိုးထားသည့် စိတ်တို့ကို တွေးတောနေမိပါတော့သည်။