ညောင်ရွှေနယ်မှ ပျောက်ဆုံးခဲ့ရတဲ့ မြို့တော်ဟောင်းကြီးများ

ညောင်ရွှေနယ်မှ ပျောက်ဆုံးခဲ့ရတဲ့ မြို့တော်ဟောင်းကြီးများ
ညောင်ရွှေမြို့နယ်မှ ရှေးဟောင်းစေတီတော်အချို့ကို ဖူးမြော်ရစဉ်
ညောင်ရွှေမြို့နယ်မှ ရှေးဟောင်းစေတီတော်အချို့ကို ဖူးမြော်ရစဉ်
Published 28 February 2021
စည်သာ (တောင်ကြီး)

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ် တွင် ထူးခြားဆန်းကြယ ်ပျောက်ဆုံးသွားခဲ့သော မြို့တော်ဟောင်းကြီးများ များစွာရှိခဲ့ပါတယ်။ သမိုင်းအရ ထင်ရှားသောမြို့တော်ဟောင်းများမှာ ပထမဆုံးသော ကောသမ္ဘီမြို့ဟောင်း၊ စံကားမြို့ဟောင်းနဲ့ မိုင်းသောက်မြို့ဟောင်းတို့ ဖြစ်ပါတယ်။

အစောဆုံးမြို့တော်ဟောင်း ကောသမ္ဘီ

မြန်မာ့သမိုင်းမှာ ပုဂံခေတ်မတိုင်ခင်ကပင် လူနေမှုစနစ်၊ ယဉ်ကျေးမှုထွန်းခဲ့တဲ့ ရှေးဟောင်း ကောသမ္ဘီ မြို့တော်ဟောင်းတစ်ခု ညောင်ရွှေမြို့နယ် အင်းလေးကန်မှာ တည်ရှိပါတယ်။

အဲဒီနေရာလေးကတော့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် ဗောဓိသတ် ဘုရားရှိရာ အုတ်ဖိုဆိုတဲ့ ရွာလေးပဲ ဖြစ်ပါတယ်။ အဲဒီအုတ်ဖိုဆိုတဲ့ ရွာလေးဟာ ကောသမ္ဘီမြို့ဟောင်း တည်ရှိခဲ့တဲ့နေရာပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ မြို့ဟောင်းတည်ရှိခဲ့ကြောင်း ပြသစရာဆိုလို့ ရွှေရန်ပြေဘုရား၊ ဗောဓိသတ်ဘုရားနဲ့ အုတ်ဖိုဆိုတဲ့ ရွာလေးတွင်းက အုတ်မြို့ရိုးဟောင်းလေးတွေသာ ကျန်ရှိပါတော့တယ်။ လွန်ခဲ့သောနှစ်တစ်ထောင်ကျော် ညောင်ရွှေမြို့တော် မပေါ်ခင်က မြို့မြောက်ဘက်တွင် ဧကတစ်ထောင်နီးပါး ကျယ်ဝန်းတဲ့မြို့တော်ကို မြို့ရိုးများဖြင့် ကာရံထားပြီး ယဉ်ကျေးမှုထွန်းကားခဲ့တဲ့ မြို့တွင်းကြီး (ခ) ကောသမ္ဘီ (ကော့ဆမ်ပီ) မြို့ကြီးဟု ခေါ်ကြပါတယ်။

ဗောဓိသတ်ဘုရား

ဗောဓိသတ်ဘုရားမှာ ရွှေရောင်တဝင်းဝင်းနဲ့ စုစည်းပြီး တည်ထားတဲ့ စေတီတော်စုများကို ဖူးမြာ်မြင်တွေ့ရတာ ဖြစ်တယ်။ စေတီတော်များအတွင်း တည်ထားတဲ့ ရုပ်ပွားတော် လက်ရာများကို ကြည့်ခြင်းအားဖြင့် ရှေးခေတ်ပုဂံခေတ်လက်ရာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်။

ညောင်ရွှေသွားရာ လမ်းတစ်လျှောက်ရှိ ဘေးတစ်ဖက်တစ်ချက်မှာ ရေကန်ချောင်းရိုးလေးတွေမှာ ရေအမြဲပြည့်နေတာကို မြင်တွေ့ခဲ့ရစမြဲပဲ။ အခုတော့ နဒီကန်နဲ့ သာစည်ကန်တွေမှာ ဆည်တွေနဲ့ ရေတွေကို လှောင်ထားပြီး နွေရာသီအတွက် အရန်ရေကန်အဖြစ် ရေစုထားခြင်း ဖြစ်ပါတယ်။

နောက်ခံသမိုင်းကြောင်း

သမိုင်းအကြောင်း ပြောရရင် တုတ်ထမ်း၊ ဓားထမ်း ပြောရတယ်လို့ ဆိုရိုးရှိပါတယ်။ သို့သော် မိမိသည် သမိုင်းပညာရှင်လည်းမဟုတ်သဖြင့် သမိုင်းကြောင်းကို အငြင်းပွားစရာ ပြောပြမည်မဟုတ်ချေ။ ကျွန်တော် တွေ့မြင်ခံစားခဲ့ရသမျှ ဒေသခံတွေ ပြောပြတဲ့အချက်အလက်များကိုပဲ ခိုင်မာစွာ ပြောပြမှာဖြစ်ပါတယ်။

ကောသမ္ဘီမြို့ဟောင်းဟာ ပုဂံခေတ်မတိုင်ခင်ကပင်ရှိနေခဲ့ပြီး တကောင်းခေတ်တို့နှင့် အပြိုင်ပင်ယဉ်ကျေးမှု ထွန်းကားခဲ့ကြောင်း၊ လူနေမှုအဆင့်အတန်း မြင့်မားနေပြီး ဖြစ်ကြောင်း အင်းလေးတိုင်းရင်းသားဝန်ကြီး ဒေါက်တာထွန်းလှိုင်က စာပေကျမ်းဂန် အကိုးအကားများနဲ့ ပြောပြပါတယ်။ ညောင်ရွှေမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းချုပ် ဟဲယာရွာမကျောင်းကြီး ဆရာတော်ဘုရားဦးသောဘိတ၏ ဖောင်တော်ဦးသမိုင်းစာအုပ်ထဲမှ ဖတ်ရခြင်းဖြစ်ကြောင်း၊ ဒါရိုက်တာ မြင့်မောင်ရေးသောစာများ၊ အခြား ဖတ်ဖူးသောစာများမှ မှီငြမ်းပြောကြားခြင်းလို့ ၎င်းကဆိုပါတယ်။ 

(Wikipedia ဖော်ပြချက်အရ တကောင်းခေတ်ဆိုသည်မှာ တကောင်းနေပြည်တော်သည် ပျူမြို့ပြနိုင်ငံတစ်ခု ဖြစ်သည်။ မှန်နန်းရာဇဝင်တွင် သာကီဝင်မင်းမျိုးဖြစ်သော အဘိရာဇာ ဂေါတမမြတ်စွာဘုရားမပွင့်ခင် နှစ်ပေါင်း ၃၀၀ ကျော်က အိန္ဒိယမှ မြန်မာနိုင်ငံသို့ဝင်လာပြီး တကောင်းမြို့ကို တည်ထောင်ခဲ့သည်ဟုဆိုသည်။ ပျူမြို့ပြနိုင်ငံများဆိုသည်မှာ ဘီစီ ၁၀၀ မှ အေဒီ ၈၄၀ နှစ်အတွင်း မြန်မာနိုင်ငံအလယ်ပိုင်း၊ မြောက်ပိုင်းတို့တွင် တွေ့ရှိရသော မြို့ပြများအစုအဝေးကို ရည်ညွန်းသည်။)

ကောသမ္ဘီသည် မောင်နှမနှစ်ဦး အုပ်စိုးသောနိုင်ငံဖြစ်ပြီး တကောင်း (အဘိရာဇာ)နှင့် အပြိုင်တစ်ခေတ်တည်း ထွန်းကားခဲ့သော နိုင်ငံများဖြစ်ကြောင်း၊ မောင်နှမနှစ်ဦးရှိပြီး အစ်ကိုတော် ဗောဓိသတ်မင်းနှင့် ညီမတော်တို့ အချင်းချင်း စစ်မက်ဖြစ်ပွားကြပြီး ကောသမ္ဘီပြည်ပျက်စီးခဲ့ရကြောင်း သိရပါတယ်။ အစ်ကိုတော် တည်ထားသော ဗောဓိသတ်ဘုရားနှင့် ညီမတော်တည်ထားသော ရွှေရန်ပြေဘုရားတို့ကို ယခုအချိန်အထိ ဖူးမြော်နိိုင်ပါတယ်။

ရွှေရန်ပြေဘုရားကို ညီမတော်တည်ထားစဉ် “မိမိထက် ဘုန်းကြီးသောသူ ဝင်ရောက်လာလျှင် ပြိုကျပါစေသား” ဟု ကျိန်စာနဲ့ တည်ထားခဲ့ကြောင်း၊ အစ်ကိုတော် လာရောက်ပြီး သတ်မည်ကို စိုးရိမ်သဖြင့် ထိုသို့ ကျိန်စာဆိုထားခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ မောင်နှမနှစ်ယောက်ဟာ ကောသမ္ဘီပြည်မှာ ထီးနန်းစိုးစံနေချိန် အစ်ကိုတော်နှင့် ညီမတော်တို့ အချင်းချင်းရန်ဖြစ်ကြပြီး စစ်မက်ဖြစ်ပွားကြကာ ညီမတော်ကစစ်ရှုံးကာ ထွက်ပြေးချိန် ထိုရွှေရန်ပြေဘုရားကို တည်ထားကိုးကွယ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။

ကောသမ္ဘီမြို့ဟောင်းဟာ ပျူနဲ့ခေတ်ပြိုင်ဖြစ်ပြီးတော့ ပျူကနေခွဲထွက်လာတယ်လို့လည်း ဆိုပြန်ပါတယ်။ ကောသမ္ဘီဟာ မောင်နှမနှစ်ဦး အုပ်စိုးတဲ့ တိုင်းပြည်ဖြစ်ပြီးတော့ ပိုပြီးတော့ ရှေးကျတယ်လို့ သိရတယ်။ ကောသမ္ဘီမြို့ဟောင်းဟာ အခုညောင်ရွှေ- ရွှေညောင်လမ်းပေါ်က ပေါရိသတ်ဘုရားကနေ လမ်းခွဲအတိုင်း ဝင်သွားလိုက်ရင် မြို့ဟောင်းတည်နေရာကိုရောက်ပြီး မြို့ရိုးတွေလည်း အနည်းငယ်ကျန်ရှိပါသေးတယ်။

ကောသမ္ဘီပြည်ပျက်ခြင်း နောက်တစ်နည်းမှာ ခရစ်နှစ် ၁၁၁၃ ခုနှစ် အလောင်းစည်သူမင်း လက်ထက်မှာ မြောက်ပိုင်းမှ တရုတ်များ လာရောက်တိုက်ခိုက်သဖြင့် ထွက်ပြေးတိမ်းရှောင်ကြကာ ကောသမ္ဘီ ပြည်ပျက်ကာ နောက်ထပ်နေရာသစ်တစ်ခုကို ရှာကြပြန်တယ်လို့ ဆိုပါတယ်။ 

လက်ရှိအခြေအနေ

ဗောဓိသတ်ဘုရားမှ ရှေ့ဘက်ရှိ အုတ်ဖိုလမ်းခွဲအတိုင်း ဆက်ဝင်သွားလျှင် ရေထိန်းဆည် အငယ်စား တစ်ခုကိုလည်း ရောက်ရှိမှာ ဖြစ်ပါတယ်။ ယခုအခါမှာ ကောသမ္ဘီမြို့ဟောင်း တည်ထားသောနေရာကို ရှာကြည့်မယ်ဆိုရင် မြို့ရိုးတစ်လျှောက် သမိုင်းအထောက်အထားများ အနည်းငယ်မျှသာ ကျန်ရှိတော့ပြီး အုတ်မြို့ရိုးပုံစံသာသာမျှ ကျန်ရှိတော့သည်ကို မြင်တွေ့ခဲ့ရပါတယ်။

ထိုအုတ်ဖိုရွာများမှာလည်း ကြံခင်းကြီးများ၊ စပါးခင်းများကို စိုက်ပျိုးနေကြပြီး လူနေထိုင်မှုအနည်းငယ် ရှိပါတယ်။

ညောင်ရွှေမြို့ရှိ အင်းလေးကန်ကိုပတ်ရန် ကန်ပတ်လမ်းနှစ်ခုရှိပါတယ်။ အရှေ့ဘက်ပတ်လမ်း (တောင်လေးလုံးလမ်း) နဲ့ အနောက်ဘက်ပတ်လမ်း(နန်းပန်လမ်း) တို့ပဲဖြစ်ပါတယ်။ အရှေ့ဘက်ခြမ်းပတ်လမ်း အတိုင်းသွားရင် ခေါင်တိုင်၊ ရေပူ၊ အင်းတိန် ရှေးဟောင်းဘုရားတို့ကို ရောက်တာဖြစ်ပြီး အနောက်ဘက်ခြမ်းကနေသွားရင် မိုင်းသောက်၊ သလဲဦး၊ ဟိုတယ်ဇုန်၊ နန်းပန်ရွာတို့ကို ရောက်ရှိတာ ဖြစ်ပါတယ်။ အင်းလေးကန်ကို ဗဟိုပြု၍ အရှေ့ပတ်လမ်းနှင့် အနောက်ပတ်လမ်းတို့မှ ကန်ပတ်လမ်းများ ဖောက်လုပ်ထားခြင်း ဖြစ်ပါတယ်။

အရှေ့ဘက်ပတ်လမ်းမှာ လမ်းဆုံးတာက ရွှေအင်းတိန် ရှေးဟောင်း သမိုင်းဝင်ဘုရားများဖြစ်ပြီး နိုင်ငံခြားသားခရီးသွားဧည့်သည်အများဆုံး စိတ်ပါဝင်စားလေ့လာကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ရွှေအင်းတိန်ရွာသည်လည်း ယခင်က အလောင်းစည်သူမင်း လက်ထက်က ဘုရားစေတီများကို ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်ထားတာဖြစ်ပြီး ထိုခေတ်က ညောင်ရွှေစော်ဘွားကြီးလက်အောက်မှ အင်းတိန်မြို့စားအဖြစ်  ရပ်တည်ခဲ့ရသော ရှေ့ဟောင်းမြို့များလည်း ဖြစ်ပါတယ်။

စံကားမြို့ဟောင်း

ရှမ်းပြည်နယ် တောင်ပိုင်း၊ ညောင်ရွှေမြို့မှာရှိတဲ့ အင်းလေးကန်ဟာ ထုံးကျောက်ကန်ကြီးတစ်ခု ဖြစ်ပြီးတော့ ရှေးနှစ်သန်းပေါင်းများစွာကတည်းက ဖြစ်တည်လာခဲ့တယ်လို့ ဆိုပါတယ်။

စံကားမြို့ဟောင်းဟာလည်း အဲဒီကောသမ္ဘီနဲ့ ခေတ်ပြိုင်ထွန်းကားခဲ့တယ်လို့ ယူဆကြပါတယ်။ စံကားမြို့ဟောင်းဟာ အင်းလေးကန် တောင်ဘက်ပိုင်းမှာ တည်ရှိပြီးတော့ ဆက်သွားမယ်ဆိုရင် မိုးဗြဲ၊ ဖယ်ခုံကနေ ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်ပါတယ်။ စံကားမြို့ဟောင်းမှာ ယခုထက်တိုင် ရှေးဟောင်းလက်ရာ ဘုရားစေတီတော် အပြိုအပျက်များကို မြင်တွေ့နိုင်ပြီးတော့ အလွန်အင်မတန် အဖိုးတန်တဲ့ သန္တာကျောက်တန်းကြီးတွေလည်း တည်ရှိပါတယ်။

စံကားမြို့ဟောင်းကနေ ၁၅ မိနစ်ခန့် ဆက်သွားတဲ့အခါ ရောက်တဲ့ကုန်းသာရွာမှာ နာမည်ကျော် သန္တာကျောက်တန်းများ တည်ရှိတာဖြစ်ပြီး အင်းလေးကန်ကို ရေစီးဆင်းမှု နှေးအောင်၊ အနည်အနှစ်တွေ ပို့ချအောင် တားဆီးထားတာဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားများ စိတ်ဝင်တစား လာရောက်ကြည့်ရှုကြပါတယ်။

တည်နေရာ

တောင်ကြီးကနေ ညောင်ရွှေကိုရောက်ရင် မိုင်းသောက်-နန်းပန်လမ်းအတိုင်း စံကားမြို့ဟောင်းအထိ လမ်းပေါက်ပါတယ်။ တောင်ကြီးကနေ စံကားအထိ ၅၅ မိုင်ခန့် ကွာဝေးပြီး ဆိုင်ကယ်နဲ့ လေးနာရီလောက် မောင်းရင် ရောက်ပါတယ်။ မှော်ဘီရွာလမ်းခွဲ တုန်ဟုန်းတံတားကနေ ပင်လောင်းကိုသွားတဲ့ လမ်းခွဲလည်း ရှိပါသေးတယ်။စံကားမြို့မကျေးရွာ ဆိုတဲ့ လမ်းချိုးအတိုင်းဝင်သွားရင် စံကားမြို့ဟောင်းကို ရောက်နိုင်ပြီး ရှေးဟောင်း ဘုရားစေတီတော်များကို လေ့လာနိုင်ပါတယ်။ စံကားမြို့မ ကျေးရွာကနေ ၁၅ မိနစ်လောက် ဆက်သွားတဲ့အခါမှာ ကုန်းသာရွာကိုရောက်ပြီး ရွာလမ်းအတိုင်း သွားလိုက်တဲ့အခါ သန္တာကျောက်တန်း အလှအပကို သွားရောက်ကြည့်ရှုလို့ရပါတယ်။ လမ်းကတော့ တောလမ်းဖြစ်တဲ့အတွက် လမ်းဆိုးပါတယ်။

သန္တာကျောက်တန်းတွေကို အင်းသားအခေါ် ဒေသအခေါ်ကတော့ တာရိုးလို့ ခေါ်ပါတယ်။ ကျောက်တန်းဟာ လူတစ်ရပ်ကျော်မြင့်ပြီးတော့ ဗျက်ကတော့ အနည်းငယ် ကျဉ်းမြောင်းပါတယ်။ အခုဆိုရင် ချုံနွယ်ပိတ်ပေါင်းတွေနဲ့ အဝေးကနေကြည့်ရင် ရှင်းလင်းစွာမမြင်နိုင်ပါဘူး။

စံကားမြို့ဟောင်း ဒေသခံတွေက တံငါရှာငါးဖမ်း၊ ကျွန်းမျောစိုက်တဲ့ ရိုးရာအလုပ်ကို လုပ်ပါတယ်။ တံငါ ခြောက်လ၊ ခြံခြောက်လဆိုတဲ့ စကားတိုင်းပဲ။ အကုန်လုပ်ပါတယ်။ ရလာတဲ့ ငါးတွေကို ပြန်ဝယ်တဲ့ ဒိုင်ရှိပြီးတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို ပြန်လည်တင်ပို့ရောင်းချတယ်လို့ ဆိုပါတယ်။ ကြောင်ငါးလို့ခေါ်တဲ့ ဆလားဘီးယား (ငါးကင်လုပ်တဲ့ငါး) တွေကို အများဆုံး ငါးခြောက်လုပ်ပြီး နေလှန်းထားတာ ဖြစ်ပါတယ်။

စံကားမြို့

ညောင်ရွှေမြို့နယ်၊ အင်းလေး တောင်ဘက်မှာ တည်ရှိပြီး လှေနဲ့ သွားနိုင်သလို မိုင်းသောက်-နန်းပန် ကားလမ်းအတိုင်းလည်း သွားလို့ရပါတယ်။

စကားမြို့ဟောင်းနဲ့ သမိုင်းဝင် ဘုရားစေတီများကို မြန်မာသက္ကရာဇ် ၈၄၁ (၁၅) ရာစု၊ ခရစ်သက္ကရာဇ် ၁၄၇၈ ခုနှစ်ခန့်တွင် အုပ်ချုပ်ခဲ့သော ကျင်းဟိုင်မြို့စား ညီအစ်ကိုနှစ်ဦးဖြစ်သော စပ်ပြားလဲနှင့် စပ်ပြားခဲတို့က တည်ထားခဲ့ကြောင်း၊ စကားရွှေဂူဘုရားမှာ စကားသား (Frangipanni) သစ်မာအပင်ကြီး၏ အသားဖြင့် ထုလုပ်ကိုးကွယ်ခဲ့သဖြင့် စကားရွှေဂူဘုရားလို့ အမည်ပေးခေါ်ဝေါ်ခဲ့ပါတယ်။

စကားရွာ၊ စကားမြို့ဟောင်း၊ စကားမြို့မ၊ ကုန်းသာရွာနဲ့ သာခေါင်ရွာတို့တည်ရှိပြီး လူဦးရေ  ၁၅၀၀ ခန့် နေထိုင်ကာ အင်းသား၊ ရှမ်းနှင့် ပအိုဝ်းတိုင်းရင်းသားတို့ နေထိုင်ကြတာ မြင်တွေ့ရပါတယ်။ စိုက်ပျိုးရေး အဓိကလုပ်ကိုင်ကြပြီး ငါးဖမ်းခြင်း၊ ငါးခြောက်ရောင်းခြင်း၊ အချို့ ဆီကြိတ်ခြင်း လုပ်ကြပါတယ်။

စကားရှေးဟောင်းသမိုင်းဝင်ဘုရား၊ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ စကားမြို့နှင့် စကားငါးရက်စျေးနဲ့ သာခေါင်စေတီစုများ၊ သာယာကုန်းရွာ အရက်ဖိုတို့ကို လည်ပတ်နိုင်ပါတယ်။ စကားရွာမှာ ရှေးဟောင်း သမိုင်းဝင်ဘုရားပေါင်း ၁၂၀ ဆူရှိပြီးတော့ သာခေါင်ရွာ ရှေးဟောင်း သမိုင်းဝင်ဘုရားပေါင်း ၂၃၆ ဆူရှိ ကာသာခေါင်ဆွမ်းလောင်းပွဲကို နတ်တော်လပြည့်နေ့မှာ နှစ်စဉ်ကျင်းပလေ့ရှိမြဲ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ ရှမ်း၊ အင်း၊ ပအိုဝ်းတိုင်းရင်းသားများ နေထိုင်ရာ စံကားရွာဟာ တိမ်မြုပ်နေတဲ့ ရှေးဟောင်းမြို့ဟောင်း ကျေးရွာတစ်ရွာအဖြစ် ထင်ရှားပြီး ရှေးဟောင်းယဉ်ကျေးမှု ဘုရားစေတီများစွာရှိပါတယ်။ စံကားတွင် တာခေါင်မွေတော် စေတီစုတည်ရှိပြီး ကက္ကူမွေတော်ဘုရားကဲ့သို့ပင် ယွန်းရှမ်းများ၏ လက်ရာရှေးဟောင်းဗိသုကာ အမွေအနှစ်များကို လေ့လာနိုင်ပါတယ်။ စံကားမြို့ဟာ  အေဒီ ၁၄၇၉ ခုနှစ်တွင် ထိုင်းနိုင်ငံချင်းဟိုင်းကို အုပ်စိုးသော စော်ဘွားညီတော် ဗရားလိုင်း နောက်ပါများက အခြေချခဲ့ကြောင်း မှတ်တမ်းအရ သိရပါတယ်။ ခရစ်သက္ကရာဇ် ၁၇၉၀ ခုနှစ်မှာ အိမ်ခြေ ၁၉၆၀ နီးပါးရှိသော စံကားမြို့ဟာ စည်ပင်တိုးတက်ခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်ခန့် မှာ မိုးဗြဲရေလှောင်တမံ တည်ဆောက်ခြင်းကြောင့် စံကားမြို့တော်တစ်ဝက်ကျော် ရေဖုံးလွှမ်းခဲ့ပြီး ကျေးရွာပေါင်းများစွာ ပြောင်းရွှေ့ခဲ့ရပြီး စံကားအင်းနဲ့ ဖယ်ခုံအင်း ဖြစ်လာပါတယ်။

ရေအောက်နစ်မြုပ်ခဲ့သော မြို့ဟောင်း၊ ဒုတိယမြို့တော် ရမ္မာဝတီ

ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်း ရေအောက်နစ်မြုပ်ခဲ့သည်ဟု ဒေသခံများ ယုံကြည်ကြတဲ့ ရမ္မာဝတီမြို့ဟောင်းလည်း ရှိပါတယ်။

ရှေးလူကြီးတွေရဲ့ ပြောစကားအရ အင်းလေးကန်တွင် အလောင်း စည်သူမင်းတရားကြီး တိုင်းခန်းလှည့်လည် ကြွချီလာချိန် အင်းလေးကန်အရပ်တွင် သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်တာလည်းဖြစ်တယ်။  အလောင်းစည်သူမင်းတရားသည် စကြာရှင်ဆိုသည့်အတိုင်း ကြိမ်စကြာဖြင့် ရိုက်လိုက်တိုင်း ရေပြင်ကျယ်ဖြစ်ပြီး ဖောင်တော်ယာဉ်ဖြင့် ခရီးလှည့်လည်သည်ဟု စာထဲတွင် ဆိုထားပါတယ်။ သူသွားလေရာ လှေဦးထိပ်မှာ ကိုးကွယ်ဖို့ ဖောင်တော်ဦး ရုပ်ရှင်တော်မြတ်ငါးဆူကို တင်ဆောင်ပြီး တိုင်းခန်းလှည့်လည်ခြင်းဖြစ်ပါတယ်။

ထိုစဉ်က အင်းလယ်အိမ်တော်ရာဟုဆိုသော မိုင်းသောက်နှင့် သလဲဦးကြားရှိ ရေပြင်နေရာလောက်တွင် နန်းတော်ကြီးနှင့် မြို့တည်ကာ ဘုရင်မင်းမြတ်နန်းစံခဲ့တာ လေးနှစ်ကြာတယ်ဟု ဆိုပါတယ်။ လေးနှစ် အကြာနေပြီး ပုဂံပြည်ကို ပြန်တော့မယ်ဆိုကာ စကြာဝတေးမင်းက ရုပ်ပွားတော်မြတ်များ ထားရစ်တော်မူဖို့ တောင်းပန်တဲ့အတွက် ရတနာဆင်တော်နှင့် တင်ဆောင်ပြီးထားရှိမည့်နေရာကို ရွေးချယ်ခြင်း ဖြစ်ပါတယ်။ အဲဒီအင်းလယ်က အိမ်တော်ရာဟု ခေါ်သောနေရာတွင် ရေတိမ်ချိန်ရေအောက်ကို ကြည့်လိုက်မယ်ဆိုလျှင် ဆင်ချည်တိုင်၊ မြင်းချည်တိုင်နဲ့ အိမ်တော်ရာ၊ နန်းတော်ရာများကို မြင်နိုင်သေးသည်ဟု ဆိုပါတယ်။ ရေအောက်မြို့တော်ကြီးကို ပြာနဲ့ရေ ဖြန့်ကြဲလိုက်ပြီးတော့ ရေမြှုပ်လိုက်တာလို့လဲဆိုပြီး အဲဒီရေအောက်မှာ ဆည်ယူရရှိတာကတော့ ခုချိန်အထိ ပြာလိုလိုနုန်းတွေပဲဖြစ်တယ်လို့ မိုင်းသောက်ရှိ ဦးကျော်ညွန့်၏ ပြောကြားချက်အရ သိရပါတယ်။

မိုင်းသောက်နဲ့ သလဲဦးအကြားက ပေပင်အင်းတွင် တပေါင်းတန်ခူး ရေနည်းချိန် အောက်ဘက်ကို ငုံ့ကြည့်လိုက်မယ်ဆိုလျှင် လူတစ်ဖက်စာရှိသော ရေညှိရေမှော်ဖုံးနေသော တိုင်လုံးကြီးများနဲ့ ရမ္မာဝတီ မြို့ဟောင်း (နန်းတော်ရာ) (ဒေသအခေါ်- အိမ်တော်ရာ) ကို ယနေ့အထိတိုင် မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

မိုင်းသောက် မြို့ဟောင်း

ညောင်ရွှေမြို့တော်တည်ရန် စော်ဘွားကြီး စီဆိုင်ဖလက်ထက်မှ စတင်ကာ စော်ဘွားအဆက်ဆက် နေရာရွှေ့ပြာင်းတည်လာသည်မှာ မိုင်းသောက်မြို့ဟောင်းသည် လေးကြိမ်မြောက် မြို့တည်သောနေရာ ဖြစ်လာပါတယ်။ ပထမမှာ ကောသမ္ဘီမြို့တော်၊ ထိုမှ ဒုတိယသလဲဦးနေရာတွင် ရမ္မာဝတီရေပေါ် မြို့သစ် တည်ခဲ့သော်လည်း ရေတက်သဖြင့် ရွှေ့ပြောင်းပြန်ပါတယ်။ ထိုမှ တတိယမိုင်းသောက်အနီး မန်ကျည်းစဉ်တွင် ပန်းဖယ်အမည်ဖြင့် တည်ပြန်ပါတယ်။ ပန်းဖယ်သည် ရှမ်းဘာသာအားဖြင့် ၀ါးပင်မြို့ဟု ဆိုလိုပါတယ်။

ဗြိတိသျှအစိုးရလက်ထက် ကောဇာသက္ကရာဇ် ၁၂၄၇ ခုနှစ် (ခရစ် ၁၈၈၄ ခုနှစ်) ဝန်းကျင်တွင် လက်ရှိမိုင်းသောက်ကို စတက်မန်းခံတပ်မြို့အဖြစ် စတင်တည်ထောင်ပြီး ရုံးစိုက်ခဲ့ပါတယ်။ ကောဇာ ၁၂၅၃ ခုနှစ် ခရစ် ၁၈၉၀ ပြည့်နှစ်မှာ မိုင်းသောက်မြို့ဟာ အုပ်ချုပ်ရေးဌာနအဖြစ် ရုံးစိုက်ရန် ဧရိယာကျဉ်းမြောင်းသည်ဟု အကြောင်းပြချက်ဖြင့်လည်းကောင်း၊ နွေရာသီအပန်း ဖြေစခန်းတည်ဆောက်ရန်အဖြစ် လည်းကောင်း၊ မိုင်းသောက်အရှေ့တောင်ပေါ်က ပအိုဝ်းရွာ ဒုံတောင်ကီကိုပြောင်းရွှေ့ပြီး တောင်ကြီးမြို့ကိုတည်ပါတယ်။ ထို့ကြောင့် တောင်ကြီးအစ မိုင်းသောက်ကဟု ဆိုရိုး စကားဆင်းသက်လာပါတယ်။

ထိုစဉ်က မိုင်းသောက်တွင် ခြင်ပေါများသဖြင့် စစ်သားများ ငှက်ဖျားရောဂါကြောင့် သေဆုံးမှုများရှိသဖြင့် ညောင်ရွှေနယ်ထဲမှ သီးခြားထုတ်ပယ်၍ တောင်ကြီးမြို့ကို သီးခြားမြို့တော်အဖြစ် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။ စတင်တည်ဆောက်စဉ်က နွေရာသီအပန်းဖြေစခန်း၊ ပိုလိုကစားရန်၊ ရှုမျှော်ခင်းကြည့်ရှုရန်အဖြစ် အင်္ဂလိပ်များ တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။

ဒုတိယ ရမ္မာဝတီမြို့ဟောင်းသည် ရေပေါ်တည်ထားခြင်းဖြစ်တဲ့အတွက် ရှာမရတော့ပါ။ မန်ကျည်းစဉ် ပန်းဖယ်မြို့ဟောင်းကို ရှာဖွေ ကြည့်ရာ မိုင်းသောက်မြို့ဟောင်းအုတ်ရိုးကို တည်ရှိခဲ့သည်ဟူသော အထောက်အထားများတွေ့ရှိခဲ့သည်ဟု ဒေသခံများက ဆိုပါတယ်။

ထူးခြားချက်မှာ တစ်နိုင်ငံလုံးတွင် ဘောလုံးအားကစားမတွင်ကျယ်ခင်မှာ မိုင်းသောက်ဖို့ဒ်စတက် မန်းစစ်သည်များ ဘောလုံးကစားနည်းကို ဒေသခံတွေဆီ လက်ဆင့်ကမ်းသင်ကြားပေးခဲ့တာကြောင့် မိုင်းသောက်ဟာ မြန်မာနိုင်ငံတွင် အစောဆုံး ဘောလုံးကစားနည်းကို ကစားခဲ့သည်ဟု ယူဆနိုင်ပါတယ်။ ထို့ပြင် ရှမ်းပြည်နယ်တွင် ပထမဆုံးသော အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုဗလီကိုလည်း မိုင်းသောက်တွင် တွေ့ရှိရပါတယ်။

အင်းလေးအင်းကြီး သေးငယ်စဉ်က ရမ္မာဝတီမြို့ဟောင်းနေရာဟာ ကုန်းမြေဖြစ်ကာ ရမ္မာဝတီမြို့သူ မြို့သားများဟာ ရေလွတ်ရာ အရှေ့တောင်ခြေသို့ ရွှေ့လာကြပြီး မိုင်းသောက်မှာ စတင်အခြေချနေ ထိုင်ကြပါတယ်။ အင်းရေနည်းနည်းကျသွားတဲ့အခါ မြောက်ဘက်သို့ရွှေ့ပြောင်းပြီး မြို့နှစ်မြို့ကို မြို့ရိုး များ၊ ကျုံးများဖြင့် တည်ဆောက်ကြပြန်ပါတယ်။ အင်းလေးကန်ရဲ့ အရှေ့ဘက်ကမ်းတစ်ကြောမှာရှိတဲ့ ပန်းဖယ်နှင့်မန်ကျည်းစင် ဖြစ်ပါတယ်။ ပန်းဖယ်(ဖာဖယ်)မှာ ရှမ်းဘာသာဖြင့် အမြွှာနှစ်မြို့ဟု အဓိပ္ပာယ် ရပါတယ်။

ထိုနေရာသည်လည်း ကျဉ်းမြောင်းသေးငယ်လှ၍ သက္ကရာဇ် ၁၃၅၉ တွင်စော်ဘွားကြီး ဆီဆိုင်ဖမှ ညောင်ရွှေမြို့ကို မြို့အင်္ဂါရပ်နှင့် အညီတည်ထောင်ခဲ့ကြောင်း သိရပါတယ်။ ညောင်ရွှေမြို့ဟာ ရှမ်းဘာသာဖြင့် ယောင်ဟွေ့ဟုအသံထွက်ကာ တောင်နှစ်လုံးကြားရှိ ကုန်းမြေမို့မို့ဟု အဓိပ္ပာယ်ရပါတယ်။ ရေကျသွားသဖြင့် ကျန်ရှိခဲ့သော ကုန်းမြေဖြစ်သောကြောင့် မိုင်းဟောင်ဟွေ့ဟုလည်း ဒေသခံများက ခေါ်ဝေါ် ကြပါတယ်။ ညောင်ရွှေမြို့တွင် စော်ဘွား ၃၃ ဆက် အုပ်စိုးစံမြန်းခဲ့သော စော်ဘွားဟော်နန်းလည်းရှိပြီး ပြတိုက်အဖြစ် ပြုလုပ်ထားသည်ကို အနွယ်တော်ရှမ်းတိုင်းရင်းသားများက ပေးအပ်ဖို့ သက်ဆိုင်ရာအစိုးရထံသို့  ပြန်လည်တောင်းခံထားခြင်း ဖြစ်ပါတယ်။

အဆက်ဆက်သော စော်ဘွားများ

ရှမ်းပြည်နယ်တွင် ရက်အရှည်ကြာဆုံးပွဲတော်တစ်ခုဖြစ်သည့် အင်းလေးကန် ဖောင်တော်ဦးရုပ်ရှင် တော်မြတ်များသည် ဒေသစာရီကြွချီအပူဇော်ခံပွဲတော်သည် နှစ်ပေါင်း ၆၆၀ ကျော် ကြာမြင့်လာပြီဖြစ်ပြီး ညောင်ရွှေစော်ဘွားမင်းဆက် ၃၃ ဆက်တွင် ပထမဆုံးစော်ဘွားဆီဆိုင်ဖသည် မြန်မာသက္ကရာဇ် ၇၂၁ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၃၅၉ ခုနှစ်တွင် စတင်အုပ်ချုပ်ခဲ့သည်ဟု သမိုင်းကြောင်းအရ သိရပါတယ်။

သို့သော် အင်းလေးကန်အစသည် အေဒီ ၁၀၄၄ ခုတွင် ပုဂံပြည့်ရှင် ပထမမြန်မာနိုင်ငံမြို့တည်နန်းတည်ဘုရင် အနော်ရထာ၏ မြစ်တော်ဘုရင်  အလောင်းစည်သူမင်းကြီးသည် တိုင်းပြည်အနှံ့ခရီးသွားရင်း ထားဝယ်သားတို့ကလည်းပါလာသည်ဟု ဆိုပါတယ်။ အင်းလေးဒေသအရောက်မှာ ထားဝယ်သားတွေကို အခြေချဖို့အတွက် မြတ်စွာဘုရား ဆင်းတုတော်ငါးဆူကို ထားရစ်တော်မူခဲ့သည်ဟု ကျမ်းဂန်များက ဆိုပါတယ်။ နောက်တစ်နည်းမှာ ထားဝယ်သားတွေက အရင်ထဲကရှိနှင့်နေပြီး မင်းကြီးထံ ဖောင်စကြာ၏ ရေတပ်မတော်သားအဖြစ်အမှုတော် ထမ်းလိုကြောင်း ပြောကြားတယ်လို့ ဆိုပါတယ်။ ဆိုလိုတာက နှစ် ပေါင်းများစွာကပင်ရှိနှင့်နေပြီး ဖြစ်သော ဓလေ့တစ်ခုကို ဆိုလိုရင်း ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော် တွေးကြည့်တယ်။ ဖောင်တော်ဦးဘုရားကြောင့်သာ အင်းသူအင်းသားတွေသာ နှစ်ပေါင်းများစွာ တည်တံ့ခိုင်မြဲစေတာပါလားလို့။ ဘုရားသာမရှိရင် အင်းသားတွေဟာလည်း ဒီထဲမှာရှိနိုင်ပါ့မလားပေါ့။ ဘုရားကိုစောင့်ရှောက်ရင်း အင်းလေးကန်ကြီး ယနေ့ထက်တိုင်တည်တံ့နေခြင်း ဆိုသောကိစ္စမှာ အငြင်းပွားဖွယ် မရှိပါချေ။

အင်းလေးကန် ဖောင်တော်ဦးဘုရားသည် မြန်မာနိုင်ငံ၏ ဗဟိုချက်အသည်းနှလုံးဟုပင် ဒေသခံများက ယုံကြည်ကိုးကွယ်မှုရှိကြပါတယ်။ ဖောင်တော်ဦးဘုရားလှုပ်နေလျှင် တိုင်းရေးပြည်ရေးမငြိမ်းချမ်းဘဲ တစ်စုံတစ်ခု ဖြစ်လေ့ရှိသည်ဟု ယုံကြည်ကြသည်။ ဖောင်တော်ဦးဘုရားသည် တစ်နိုင်ငံလုံးနှင့် သက်ဆိုင်သော ရှေးဟောင်းအမွေအနှစ် ဆင်းတုတော်များအဖြစ် အမြတ်တနိုး တန်ဖိုးထားကိုးကွယ်ကြပါတယ်။

အင်းလေးဟာ လောပိတရေအားလျှပ်စစ်အတွက် အဓိက ရေအရင်းအမြစ်ဖြစ်ပြီး ၁၉၄၇ ခုနှစ်မှာ ရေအားလျှပ်စစ် စူးစမ်းတိုင်းတာရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး ၁၉၅၄ ခုနှစ်တွင် ဂျပန်ကုမ္ပဏီက (NKK Nippon Koei Kabushilu Kaisha) နှင့် စာချုပ်ချုပ်ဆိုကာ ရေအားလျှပ်စစ်ဖြန့်ဖြူးရေးကို ၃-၄-၁၉၆၀ နေ့မှ စတင်၍ ရန်ကုန်မြို့ကို ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး မန္တလေးမြို့ကို ၁၉၆၃ ခုနှစ် ဒီဇင်ဘာလဆန်းတွင် ဖြန့်ဖြူးနိုင်ခဲ့ပါတယ်။

အင်းသားရိုးရာဓလေ့များ

အင်းသားများဟာ တိဘက်- မြန်မာအုပ်စုဝင်ဖြစ်ပြီး အင်းလေးကန်မှာပဲ နေထိုင်ကြတာဖြစ်ပါတယ်။ အင်းသားလူမျိုးစုမှာ ကိုးရာစုတွင်ရှိနေခဲ့ပြီး မြန်မာနိုင်ငံအရှေ့မြောက်ဘက် တိဘက်ကုန်းပြင်မြင့်မှ ဆင်းသက်လာသူများဖြစ်တယ်လို့ ဖတ်ရဖူးပါတယ်။

အင်းသားများသည် မြန်မာတွေနဲ့မခြားဘဲ ပင်နီရောင်ရှမ်းတိုက်ပုံနှင့် ရှမ်းဘောင်းဘီကို ဝတ်ဆင်ကြပြီး အမျိုးသမီးတွေက မြန်မာအမျိုးသမီးများအတိုင်းပဲ ဝတ်ဆင်တာဖြစ်ပါတယ်။

အင်းသားတွေ စကားပြောတဲ့အခါမှာ သနဲ့ ဆနဲ့ မကွဲပါဘူး။ ဥပမာ  အင်းသားကို သူတို့အခေါ် အင်းဆားလို့ ခေါ်ပါတယ်။ အကြီးကို အကူးလို့ ခေါ်တယ်။ ကျွန်တော့်နာမည် စည်သာဟိန်းကို သူတို့က အင်းသား လို သီတာအေးလို့ ခေါ်ကြပါတယ်။ အင်းသားလိုစကားကို မြန်မြန်မြန်မြန် ပြောမယ်ဆိုရင် ကျွန်တော်တို့နားထဲ ဘယ်လိုမှ လိုက်မမီတော့ပါဘူး။ အင်းသားတွေဟာ ထားဝယ်ကနေ ဆင်းသက်လာတဲ့အတွက် ထားဝယ်စကားနဲ့လည်း တစ်ပုံစံတူနေပါတယ်။

အင်းသားတွေ များသောအားဖြင့် အစပ်နဲ့ အငန်ကို စားပါတယ်။ ငါးဟင်းကို ဒိုင်ခံနေ့တိုင်းချက်လေ့ရှိပြီးတော့ မရိုးနိုင်အောင်ငါးကို စားကြပါတယ်။ ငါးကို ကြက်သွန်ဖြူ၊ ငရုတ်သီးတွေ နိုင်းချင်းထည့်ပြီး စပ်စပ်ရှူးရှဲ ချက်စားကြပါတယ်။ ကျွန်တော်ကတော့ ငန်ငန်စပ်စပ်ဟင်းကို မစားနိုင်ပေမဲ့ အင်းသားတွေက အရမ်းကြိုက်တယ်လို့ ပြောပါတယ်။

အင်းသားတွေသည် အချက်အပြုတ်တော်ပြီးတော့ တောင်ကြီးမြို့ပေါ်မှာရှိတဲ့ တရားရိပ်သာတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ အလှူအတန်း ပြုလုပ်ရာမှာ အင်းသားစားဖိုမှူးတွေ လက်စွမ်းပြချက်ပြုတ်လေ့ ရှိပါတယ်။ အင်းသားတွေချက်တဲ့ နာမည်ကျော်ဟင်းလျာတွေကတော့ ပဲလုံး (သို့မဟုတ်) ငါးရှဉ့်ဆေးခါး ဟင်းချို၊ ငါးရှဉ့်ဟင်း၊ ဝက်သားဟင်း၊ ဝက်အူအင်းသားချက်၊ ငါးဒုက္ခ၊ ဂျူးမြစ်သုပ်၊ လက်ဖက်သုပ်၊ ပဲခြမ်းကြော် စတဲ့ဟင်းကြီးမျိုးတွေ။ နောက်ပြီးတော့ သရေစာအဖြစ် ဝက်သားချဉ်၊ ဟင်းထုပ်၊ အင်းမုန့်တီ၊ ငါးထမင်းနယ်၊ ထိုဖူးသုပ်၊ ကောက်ညှင်းခွက်၊ ကောက်ညှင်းကျည်တောက် စတာတွေက အင်းသားတွေ လုပ်ရောင်းကြတာများပါတယ်။ ဒါပေမဲ့ အာလူးထမင်းတွေကတော့ ဓနုတွေလည်း လုပ်ပါတယ်။ နောက်ပြီး အင်းသားတွေရောင်းတဲ့ မုန့်တွေဖြစ်တဲ့ မုန့်ပြာလူး၊ မုန့်ခေါင်းအုံး၊ ဘီးမုန့်၊ မုန့်ကြွပ်၊ ကြွေမုန့်တွေကို အိမ်မှာ ကျွေးလေ့ရှိပါတယ်။ ထမင်းစားပြီးရင် နေကြာစေ့၊ ပဲကြီးလှော်၊ ပဲပုပ်စေ့လှော်၊ ကြွေမုန့် မီးကင်၊ မုန့်ကြွပ်ကို ဆီစိမ်းနဲ့ တို့စားစေပါတယ်။