နိုင်လွတ်လုံဥပဒေနှင့် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း၍ ပြည်သူလူထု၏အခွင့်အရေးအား ကန့်သတ်ရန်ကြိုးစားခြင်းသည် ဒီမိုကရေစီအသွင်ပြောင်းလဲမှုကို ဖျက်ဆီးရာရောက်ကြောင်း CRPH ထုတ်ပြန်

နိုင်လွတ်လုံဥပဒေနှင့် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပြဋ္ဌာန်း၍ ပြည်သူလူထု၏အခွင့်အရေးအား ကန့်သတ်ရန်ကြိုးစားခြင်းသည် ဒီမိုကရေစီအသွင်ပြောင်းလဲမှုကို ဖျက်ဆီးရာရောက်ကြောင်း CRPH ထုတ်ပြန်
Published 14 February 2021

နိုင်လွတ်လုံဥပဒေနှင့် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေကို ပြင်ဆင်ပြဌာန်း၍  ပြည်သူလူထု၏အခွင့်အရေးကို ကန့်သတ်ရန် ကြိုးစားခြင်းသည် နိုင်ငံ၏ ဒီမိုကရေစီအသွင် ပြောင်းလဲမှုကို ဖျက်ဆီးရာရောက်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဖေဖော်ဝါရီ ၁၄ ရက်တွင် ထုတ်ပြန်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည့် နိုင်လွတ်လုံဥပဒေနှင့် ရပ်ကျေးအုပ်ချုပ်ရေးဥပဒေတို့နှင့် စပ်လျဉ်း၍ CRPH က ထိုသို့ထုတ်ပြန်ခြင်းဖြစ်သည်။

“ဤဥပဒေများပါ အများပြည်သူ၏ လွတ်လပ်မှုနှင့် လုံခြုံမှုကိုအကာအကွယ်ပြုသည့် ပုဒ်မများကိုဖျက်သိမ်းခြင်း၊ လွတ်လပ်မှုနှင့် လုံခြုံမှုကိုထိပါးသည့် ပုဒ်မများ ဖြည့်စွက်ခြင်းသည် အာဏာသိမ်းစစ်ကောင်စီ၏ မြန်မာပြည်သူများအပေါ် လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများကို ဗြောင်ကျကျ ချိုးဖောက်လျက် စစ်ရာဇဝတ်မှုများ ကျူးလွန်ရန် ပြင်ဆင်လိုက်ခြင်းဖြစ်သည်” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ဖေဖော်ဝါရီ ၁၄ ရက် ကြေညာချက်တွင် ဖော်ပြပါရှိသည်။

အဆိုပါ ဥပဒေနှစ်ရပ်သည် ပြည်သူကို ကိုယ်စားပြုသော ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကြီးက ပြည်သူလူထု၏ လွတ်လပ်မှုနှင့်လုံခြုံမှုကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်ပြဌာန်းခဲ့ခြင်းနှင့် ပြင်ဆင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း တစ်ဆက်တည်း ဖော်ပြထားသည်။

၂၀၀၇ မတ် ၈ ရက်က ပြည်ထောင်စုလွှတ်တော်တွင် စတင်ပြဋ္ဌာန်းခဲ့သည့် နိုင်လွတ်လုံဟု ခေါ်ဝေါ်ကြသော နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ရေးဥပဒေမှ ပုဒ်မသုံးခုကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူစဉ်ကာလအတွင်း ရပ်ဆိုင်းထားမည်ဟု ယင်းကောင်စီ၏ ဖေဖော်ဝါရီ ၁၃ ရက်တွင် ကြေညာချက်အရ သိရသည်။

မည်သူ့ကိုမျှ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ခွင့်ပြုသည့်ကိစ္စမှတစ်ပါး တရားရုံး၏ ခွင့်ပြုချက်မရှိဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ကျော်လွန်ချုပ်နှောင်ခြင်း မပြုရဆိုသည့် နိုင်လွတ်လုံဥပဒေပါ ပုဒ်မ ၇ နှင့် ပုဒ်မခွဲ နှစ်ခု ပါဝင်သော ပုဒ်မ ၅ နှင့် ပုဒ်မခုနှစ်ခုပါဝင်သော ပုဒ်မ ၈ တို့ကို ကောင်စီအစိုးရသက်တမ်းအတွင်း ရပ်ဆိုင်းထားမည်ဖြစ်သည်။

ထို့ပြင် ကောင်စီကရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ဖေဖော်ဝါရီ ၁၃ ရက်က ပြင်ဆင်ပြဋ္ဌာန်းမှုမှာ စတုတ္ထအကြိမ်မြောက် ဥပဒေပြင်ဆင်ချက်ပြီး ပြင်ဆင်ချက်အရ ဧည့်စာရင်း ပြန်လည်တိုင်ကြားရမည်ဖြစ်သည်။

ညအိပ် လာရောက်တည်းခိုသူအတွက် ဧည့်စာရင်းတိုင်ကြားရန် ပျက်ကွက်ပါက ထိုသူကို ကျပ်တစ်သောင်းထက် မပိုသော ငွေဒဏ်ချမှတ်ရမည်ဖြစ်ပြီး ငွေဒဏ် မပေးဆောင်လျှင် ခုနစ်ရက်ထက်  မပိုသော ထောင်ဒဏ်ချမှတ်ရမည်ဟု ပြင်ဆင်ချက် ဥပဒေတွင် ပြဌာန်းထားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် လက်မှတ်ရေးထိုး၍ ဥပဒေများ ပြင်ဆင်ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

သို့သော် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်းစစ်ကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၁ ပါ ပုဒ်မများ နှင့် ညီညွတ်ခြင်းမရှိဘဲ အာဏာသိမ်းယူခြင်းဖြစ်၍ တရားဝင်အစိုးရမဟုတ်ဟု ဆိုထားသည်။

ထို့ကြောင့် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ နှင့် ၄၂၀ တို့ကို ကျင့်သုံးဆောင်ရွက်ခွင့် မရှိသလို ဥပဒေပြဋ္ဌာန်းခွင့်လည်းမရှိကြောင်း ဖော်ပြထားသည်။

“ဥပဒေပြုခွင့် အာဏာမရှိသော အာဏာသိမ်းစစ်ကောင်စီ၏ ဥပဒေပြဋ္ဌာန်းချက်များကို CRPH က  အသိအမှတ်မပြုကြောင်းနှင့် ပြည်သူများအနေဖြင်လည်းလိုက်နာရန် မလိုအပ်ကြောင်း ထုတ်ပြန်လိုက်သည်” ဟု ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ၏ ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ဥပဒေပြုရေးအပါအဝင် လွှတ်တော် တာဝန်များ ထမ်းဆောင်ရန် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖေဖော်ဝါရီ ၅ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီ ၁၀ ရက်တွင် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်နှစ်ဦး ပူးပေါင်းပါဝင်လာကြောင်း ကော်မတီက ထုတ်ပြန်ထားသည်။

Most Read

Most Recent