ဗြိတိန်မှ နှလုံးလှစေတနာ့ဝန်ထမ်းများ

ဗြိတိန်မှ နှလုံးလှစေတနာ့ဝန်ထမ်းများ
Published 6 February 2021
ခိုင်

ဆေးထိုးအပ် ကိုင်ရသည်ထက် ကင်မရာကိုင်ရခြင်းကို ပိုအသားကျသူဖြစ်သော်လည်း မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ မိုက်ဒေးသည် ဗြိတိန်တစ်နိုင်ငံလုံးအနှံ့ COVID-19 ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လိုသည့်စိတ်ဆန္ဒကြောင့် St John Ambulance ပရဟိတအဖွဲ့မှ သင်ကြားပို့ချပေးသော ကာကွယ်ဆေးထိုးနည်းသင်တန်းတွင် သင်ယူလေ့လာနေသည်။

အသက် ၄၁ နှစ်အရွယ် မိုက်ဒေးသည် လက်ရှိတွင် စေတနာ့ဝန်ထမ်းအဖွဲ့သားတစ်ဦးဖြစ်နေကာ ဖေဖော်ဝါရီလလယ် နောက်ဆုံးထား၍ ပြည်သူ ၁၅ သန်းကို COVID-19 ကာကွယ်ဆေးထိုးနှံပေးနိုင်ရန် ရည်မှန်းထားသော ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၏ ရည်မှန်းချက်ကို ပြည့်မီအောင် ကူညီဆောင်ရွက်ပေးရန်အတွက် စေတနာ့ဝန်ထမ်းအဖြစ် အများအကျိုးကို ထမ်းဆောင်နေခြင်းဖြစ်သည်။

“ထူးခြားမှုတစ်ခုကို ဖန်တီးပေးနိုင်မယ့် အခွင့်အရေးတစ်ခု ရရှိခဲ့တဲ့အချိန်မှာ ကျွန်တော် ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ရဲ့ စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်လိုတဲ့ စိတ်ဆန္ဒတွေ တဖွားဖွားထွက်ပေါ်လာခဲ့ပါတယ်။ ဒါကြောင့် စေတနာ့ဝန်ထမ်းခေါ်ယူတဲ့ သတင်းကြားကြားချင်းပဲ ကျွန်တော် ချက်ချင်းဖောင်တင်ခဲ့တာပါ” ဟု လန်ဒန်အရှေ့ပိုင်း Canary Warf အိမ်ရာရှိ မိုးမျှော်အဆောက်အအုံတွင် စေတနာ့ဝန်ထမ်း ၁၂၀ ကို ကာကွယ်ဆေးထိုးနှံမှုနှင့်ပတ်သက်၍ လေ့ကျင့်သင်ကြားပေးသည့်သင်တန်း၌ ဒေး က ပြောကြားခဲ့သည်။

ဗြိတိန်တွင် စတင်နေသော ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် စေတနာ့ဝန်ထမ်းအများအပြားပါဝင်ကြပြီး စေတနာ့ဝန်ထမ်းအများစုမှာ ဆေးဘက်ဆိုင်ရာ အရည်အချင်းများ မပြည့်မီကြပေ။

ထို့ကြောင့် နှာခေါင်းစည်းများ၊ လက်အိတ်များတပ်ဆင်ထားသည့် စေတနာ့ဝန်ထမ်းများကို သင်ကြားရေးနည်းပြများက ကာကွယ်ဆေးထိုးပုံ၊ ထိုးနည်းတို့ကို ၃၂ ထပ် မိုးမျှော်အဆောက်အအုံတွင် နေ့စဉ်နေ့တိုင်း သင်ကြားလေ့ကျင့်ပေးလျက်ရှိသည်။

“ဆေးထိုးအပ်ကို လက်မောင်းကြွက်သားအတွင်းနက်နက်ထဲကိုထိုးထည့်ပေးရမယ်” ဟုအစိုးရမဟုတ်သော St John Ambulance ပရဟိတအဖွဲ့အစည်းမှ သင်ကြားရေးနည်းပြဖြစ်ပြီး ရှေးဦးသူနာပြုစုမှုကို ကျွမ်းကျင်တတ်မြောက်သူဖြစ်သည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက စေတနာ့ဝန်ထမ်းများအား ရှင်းပြနေသည်။

“COVID-19 ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းက ကမ္ဘာကြီးကို သက်သာအောင် ကုသပေးဖို့အတွက် ကျွန်မတို့ အတူတကွ လုပ်ဆောင်နိုင်မယ့် အထူးအခွင့်အရေးကြီးတစ်ခုလို့ ထင်မြင်မိပါတယ်”ဟု ရုံးအကူ ဝန်ထမ်းတစ်ဦးဖြစ်သည့် ကက်သရင်းအိုဒဲလ်က ပြောကြားခဲ့သည်။

“ကျွန်မလေ့လာမှတ်သားရမယ့် အကြောင်းအရာတွေအများကြီးရှိပါတယ်။ ဒါပေမယ့် ကျွန်မ စေတနာ့ဝန်ထမ်းအဖြစ်နဲ့ ကာကွယ်ဆေးထိုးနှံပေးဖို့အတွက် အပြင်ထွက်ရမှာကို ကြောက်မနေပါဘူး။ ကူးစက်ရောဂါနဲ့ရင်ဆိုင်ရတဲ့အချိန်မှာ အန္တရာယ်ဆိုတာ အမြဲရှိပါတယ်။ အရေးကြီးတာက ကိုယ့်ဘက်က ရောဂါကာကွယ်၊ ထိန်းချုပ်ရေးစည်းမျဉ်း၊ စည်းကမ်းတွေကို ဆက်လက်လိုက်နာနေဖို့ပါပဲ”ဟု အသက် ၃၅ နှစ် အရွယ် ကက်သရင်းက ဆိုသည်။

COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်တွင် ပါဝင်ကူညီလုပ်အားပေးမည့် စေတနာ့ဝန်ထမ်းများထဲတွင် အသက် ၃၁ နှစ် အရွယ် သွားဆရာဝန်တစ်ဦးဖြစ်သည့် အိုင်မီယာဟာလီဟီလည်း ပါဝင်သည်။

“ကျွန်မက နေ့တိုင်းလူနာတွေနဲ့တွေ့ဆုံရတာကို အကျင့်ဖြစ်နေပါပြီ။ အရာအားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်လာဖို့ ကျွန်မလည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်အားဖြည့်ချင်တယ်။ ကျွန်မဘက်က ကူညီနိုင်တဲ့ ဘယ်နည်းလမ်းနဲ့မဆို ကျွန်မအကူအညီပေးချင်တယ်”ဟု အိုင်မီယာက ဆိုသည်။

Cambridge တက္ကသိုလ်မှ အသက် ၁၉ နှစ်အရွယ် ဆေးကျောင်းသား ရှောင်ဝီလ်စတန်က “ကျွန်တော် သင်ယူခဲ့ရတဲ့ သီအိုရီကို လက်ခံကျင့်သုံးဖို့က အလွန်စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အဲ့ဒီသီအိုရီက တစ်စုံတစ်ရာ ပြုလုပ်တဲ့အခါမှာ အသုံးချရတယ်။ ဒါက ကွဲပြားခြားနားမှု၊ ထူးခြားမှုကို ဖြစ်စေတယ်”ဟု ဆိုသည်။

လတ်တလောတွင် ဗြိတိန်၌ အသုံးပြု ခွင့်ပေးထားသော Pfizer-BioNTech ၏ COVID-19 ကာကွယ်ဆေးနှင့် AstraZeneca ၏ COVID-19 ကာကွယ်ဆေးကို နိုင်ငံတစ်ဝန်းကာကွယ်ဆေး ထိုးနှံရေးစင်တာများ၌ ထိုးနှံပေးသွားမည်ဖြစ်ပြီး ထိုစင်တာများတွင် အကူအညီပေးရန် John Ambulance ပရဟိတအဖွဲ့က စေတနာ့ဝန်ထမ်း ၃၀,၀၀၀ ကို စည်းရုံးသွားမည်ဖြစ်သည်။ ထိုဝန်ထမ်းများထဲတွင် မတူညီသော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများမှ ပူးပေါင်းပါဝင်အားဖြည့်ကြမည့် နှလုံးလှ စေတနာ့ဝန်ထမ်းများလည်း ပါဝင်မည်ဖြစ်သည်။

ဗြိတိန်နိုင်ငံတစ်ဝန်း ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်တွင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်မည့်သူသည် အသက် ၁၈ နှစ်အထက် ဖြစ်ရမည်ဖြစ်ပြီး အလယ်တန်းကျောင်းအောင်လက်မှတ်ရှိရမည်ဖြစ်ကာ ပြစ်မှုမှတ် တမ်းကင်းရှင်းရမည် ဖြစ်သည်။

ကာကွယ်ဆေးထိုးနှံမှုနှင့်သက်ဆိုင်သော သင်ကြားရေးအခန်းများတွင် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေရေးစည်းမျဉ်းကို လိုက်နာခြင်းအားဖြင့် ထိုင်ခုံများကို နေရာချဲထားပြီး စေတနာ့ဝန်ထမ်းများသည် ၎င်းတို့ထံ COVID-19 ကာကွယ်ဆေးလာရောက် ထိုးနှံမည့်သူများ ယုံကြည်မှုရှိစေရန် မည်သို့ လှုံ့ဆော်ပေးရမည်နှင့်ပတ်သက်သော အကြောင်းအရာများကိုလည်း လေ့လာသင်ယူနေကြသည်။

ထို့ပြင် လက်များကို စနစ်တကျ မည်သို့ဆေးရမည်၊ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးပစ္စည်းများကို မည်သို့စနစ်တကျ ဖယ်ရှားရမည်နှင့် ရှေးဦးသူနာပြုစုနည်းစသော အကြောင်းအရာများကို သင်ယူကြရသည်။

“ကာကွယ်ဆေးထိုးနှံမှုနဲ့ ဆက်နွှယ်ဖြစ်ပွားတဲ့အန္တရာယ်တစ်ခုကတော့ anaphylaxis လိုခေါ်တဲ့ ပြင်းထန်ဓာတ်မတည့်မူပါ။ အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) က COVID-19 ကာကွယ်ဆေးကို အရင်က စစ်ဆေးမှုတွေလုပ်ခဲ့ပြီးကောင်း လုပ်ခဲ့ပါလိမ့်မယ်။ ဒါကြောင့် ဒါကာကွယ်ဆေးကို ဓာတ်မတည့်တာက မဖြစ်သင့်ပေမယ့် ဖြစ်လာခဲ့ရင် ဖြေရှင်းဖို့ အသင့်ရှိနေရပါမယ်။ COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်က ကြီးမားပြီး လူအင်အားအများအပြားလိုတဲ့အတွက် စေတနာ့ဝန်ထမ်းတွေက အလွန်အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ NHS ကလည်း ကိုဗစ်ကြောင့် အလုပ်ဝန်ပိနေတာဆိုတော့ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်မှာ ပါဝင်ပေးဖို့ NHS ကို အကူအညီတောင်းဖို့က မဖြစ်နိုင်ဘူး”ဟု St John Ambulance မှ သင်ကြားရေးနည်းပြ ကားလ်ဖာဇာစကာလေက ဆိုသည်။

Canary Warf အိမ်ရာ၌ ကာကွယ်ဆေးထိုးနှံမှုသင်တန်းကို နေ့စဉ်နေ့တိုင်း အတန်းသစ်ဖွင့်လှစ်၍ အခမဲ့သင်ကြားပေးလျက်ရှိပြီး သင်ယူမှုပြီးဆုံးသွားသော စေတနာ့ဝန်ထမ်းများသည် ကာကွယ်ဆေးထိုးနှံမှု လက်တွေ့လေ့ကျင့်ရေးစင်တာများတွင် လက်တွေ့လုပ်ဆောင်ရသည်။

လူ ၁၀ သန်းကျော်ကို COVID-19 ကာကွယ်ဆေးပထမတစ်လုံးထိုးနှံထားပြီးဖြစ်သော ဗြိတိန်သည် ဒီဇင်ဘာလအစောပိုင်းတွင် တစ်နိုင်ငံလုံးအနှံ့ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို စတင်ခဲ့သည့် ပထမဆုံး အနောက်နိုင်ငံဖြစ်သည်။ ဖေဖော်ဝါရီလလယ်မတိုင်မီ အသက် ၇၀ ကျော် သက်ကြီးရွယ်အိုများကို COVID-19 ကာကွယ်ဆေး ၁.၇ သန်းထိုးနှံပေးရန် ဂျွန်ဆင်၏အစိုးရအဖွဲ့က ရည်မှန်းထားသည်။

COVID-19 ကပ်ရောဂါအန္တရာယ်မှ မိမိတို့ကမ္ဘာ၊ မိမိတို့နိုင်ငံ လွတ်မြောက်လာသည်ကို အမှန်တကယ် တွေ့မြင်ရနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုဖြစ်ကြောင်း ဖာဇာစကာလေက ဆိုသည်။              

Most Read

Most Recent