ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်က အာဏာသိမ်း၍ရသည်ဟူသော အမြင်လွဲမှားမှုအချို့ရှိသော်လည်း ဥပဒေဘောင်ထဲမှ မည်သည့်ဆောင်ရွက်ချက်မျိုးမဆို စိုးရိမ်ပူပန်မှုမရှိကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောကြား

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်က အာဏာသိမ်း၍ရသည်ဟူသော အမြင်လွဲမှားမှုအချို့ရှိသော်လည်း ဥပဒေဘောင်ထဲမှ မည်သည့်ဆောင်ရွက်ချက်မျိုးမဆို စိုးရိမ်ပူပန်မှုမရှိကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြောကြား
Published 21 January 2021
မင်းနိုင်စိုး

ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာသိမ်း၍ရသည်ဟူသော အမြင်လွဲမှားမှုအချို့ရှိသော်လည်း ဥပဒေဘောင်ထဲမှဆောင်ရွက်သော မည်သည့်ဆောင်ရွက်ချက်မျိုးကိုမဆို စိုးရိမ်ပူပန်မှုမရှိကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သော သဘောထားထုတ်ပြန်ချက်နှင့်ပတ်သက်၍ NLD ပါတီဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ထိုသို့ မှတ်ချက်ပြုပြောကြားခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ အတတ်နိုင်ဆုံး ဥပဒေနဲ့အညီ ဆောင်ရွက်နေပါတယ်။ ဒါကြောင့် ဥပဒေဘောင်ထဲကဆောင်ရွက်တဲ့ ဘယ်လိုဆောင်ရွက်ချက်မျိုးဖြစ်ဖြစ် ကျွန်တော်တို့ စိုးရိမ်ပူပန်မှု မရှိပါဘူး။ ဒီနေရာမှာ တချို့အမှတ်လွဲနေတာက ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်က အာဏာသိမ်းလို့ရတယ်ဆိုတဲ့ အမြင်မျိုးရှိနေပါတယ်။ ဒါနိုင်ငံတော်မှာ လုံခြုံရေးအရ လက်ရှိအုပ်ချုပ်ရေးစနစ်က လုံးဝထိန်းသိမ်းနိုင်စွမ်းမရှိတဲ့အချိန်မှာ နိုင်ငံတော်သမ္မတရဲ့ ဆင်ခြင်တုံတရားအရ ကျွန်တော်တို့တပ်မတော်ကို ယာယီနော်။ အာဏာလွှဲပြောင်းတာပဲဖြစ်ပါတယ်။ အဲဒီတော့ ဥပဒေအရ ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ ဘာမှပူပန်စိုးရိမ်စိတ်မရှိပါဘူး။ စွပ်စွဲချက်များကိုမူတည်ပြီးတော့ ဥပဒေကိုကျော်လွန်ပြီး လုပ်ဆောင်တာကတော့ ဒါဟာဆောင်ရွက်တဲ့သူရဲ့ သဘောထားအတိုင်းဖြစ်ပါတယ်။ ဒါအတွက်တော့ ကျွန်တော်တို့ ကြိုတင်စိုးရိမ်နေမှာ မဟုတ်ပါဘူးခင်ဗျာ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၊ ပုဒ်မခွဲ (င) အရ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင် မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိမှု၊ ပုဒ်မခွဲ (စ) အရ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် အဓိကတာဝန်ရှိမှုတို့အရ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးကိုသာ တပ်မတော်၏ ဒီမိုကရေစီလိုလားမှုအရ ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၂၀ ရက် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တပ်မတော်အနေဖြင့် ပါတီနိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်ခြင်း မရှိသည့်အပြင် စစ်မှန်သည့် ဒီမိုကရေစီကို လိုလားသည့်အတွက် ရွေးကောက်ပွဲအား အနှောင့်အယှက်ကင်း၍ ငြိမ်းချမ်းစွာဖြင့် အောင်မြင်အောင် ဆောင်ရွက်နိုင်ရေး အပြည့်အဝ တာဝန်ယူကူညီဆောင်ရွက်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သဘောထားထုတ်ပြန်သည်။

ထို့ပြင် နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကိုရှေးရှု၍ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်စေခြင်းငှာ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့က နည်းလမ်းရှာ၍ ဖြေရှင်းပေးရန်လည်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သဘောထားထုတ်ပြန်သည်။

အဆိုပါအချက်နှင့်ပတ်သက်၍ “နိုင်ငံရေးအကျပ်အတည်းက ဥပဒေအရဆိုရင်တော့ ကျွန်တော်တို့ကတော့ မမြင်ပါဘူးခင်ဗျာ။ ပြည်သူက မိမိတို့ရဲ့ ရင်ထဲကဆန္ဒကို ကျွန်တော်တို့ ရွေးကောက်ပွဲနဲ့ ထုတ်ဖော်ပြီးပါပြီ။ ပြည်သူတွေရဲ့ မျက်စိရှေ့မှာ မြင်တွေ့တာအရရော၊ ကျွန်တော်တို့ ပြည်တွင်းနဲ့ နိုင်ငံတကာရဲ့ လေ့လာသူများရဲ့ သုံးသပ်ချက်အရရောအခု ပြီးခဲ့တဲ့ရွေးကောက်ပွဲဟာ ချွတ်ယွင်းချက်အချို့ရှိတာကလွဲရင် ဒါဟာ လွတ်လပ်ပြီး သန့်ရှင်းမျှတတဲ့ရွေးကောက်ပွဲလို့ အသိအမှတ်ပြုထားပါတယ်။ အဲဒီတော့ ဒီရွေးကောက်ပွဲကထွက်လာတဲ့ ပြည်သူ့ဆန္ဒအတိုင်း ကျွန်တော်တို့ ဥပဒေနဲ့အညီ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ စိုးရိမ်မှုမရှိပါဘူးလို့ပဲ ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်နှင့် နိုင်ငံတော်အစိုးရတို့သည် သတင်းစာရှင်းလင်းပွဲများ၊ ကြေညာချက်များထုတ်ပြန်၍ တပ်မတော်၏ သဘောထားထုတ်ပြန်စွပ်စွဲချက်များနှင့် ပတ်သက်၍ ဖြေရှင်းပြီးဖြစ်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“ဖြေရှင်းချက်တွေဟာ စွပ်စွဲသူရဲ့ အလိုကျတော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ သို့သော် ဥပဒေကြောင်းအရတော့ ဒါ မှန်ကန်တဲ့ ဖြေရှင်းချက်လို့ ကျွန်တော်တို့ ပါတီကတော့ မြင်ပါတယ်” ဟု ဒေါက်တာမျိုးညွန့်ကပြောကြားသည်။

ခိုင်လုံမှုမရှိသော စွပ်စွဲချက်များအစား ပြည်သူလူထု၏ဆန္ဒကို လေးစားသောအားဖြင့် နောင်ပြုလုပ်မည့် ရွေးကောက်ပွဲများတွင် ယခုကဲ့သို့ မဲမသမာမှုဖြစ်နိုင်သည်ဟူသော အခြေအနေမျိုး မပေါ်ပေါက်အောင် အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက အကောင်းဆုံးဖြစ်မည်ဟုမြင်ကြောင်း ဒေါက်တာမျိုးညွန့်က ပြောကြားသည်။