ချောင်းသာမြို့တွင် မဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာမတစ်ဦးအား မဲရုံမှူးလုပ်ပိုင်ခွင့်အား ကျော်လွန်လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီက တရားစွဲဆိုမှုကို တရားရုံးတွင် စတင်ရင်ဆိုင်

ချောင်းသာမြို့တွင် မဲရုံမှူးတာဝန်ထမ်းဆောင်ခဲ့သည့် ဆရာမတစ်ဦးအား မဲရုံမှူးလုပ်ပိုင်ခွင့်အား ကျော်လွန်လုပ်ဆောင်ခဲ့သည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီက တရားစွဲဆိုမှုကို တရားရုံးတွင် စတင်ရင်ဆိုင်
Published 18 January 2021
မင်းသူဝင်းထွဋ်

ပုသိမ်ခရိုင် ချောင်းသာမြို့ အမှတ်(၂)ရပ်ကွက် မဲရုံအမှ(၂)တွင် မဲရုံမှူးအဖြစ် တ်တာဝန်ထမ်းဆောင်ခဲ့သူ ဆရာမတစ်ဦးအား မဲရုံမှူးလုပ်ပိုင်ခွင့်အား ကျော်လွန်၍ ကိုယ်စားမဲပေးမှုကို ခွင့်ပြုခဲ့သည်ဟုဆိုကာ ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ တရားစွဲဆိုထားမှုကို ဇန်နဝါရီလ ၁၈ရက်နေ့တွင် ပုသိမ်မြို့နယ်တရားရုံး၌ စတင်တရားရင်ဆိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၂၀၂ဝရွေးကောက်ပွဲကျင်းပသည့်နေ့တွင် အဆိုပါမဲရုံ၌ မဲလာထည့်သူ အမျိုးသမီးငယ်တစ်ဦးမှာ အစ်မဖြစ်သူကိုယ်စား မဲလာရောက်ပေးသည်ကို သိရှိရသောကြောင့် မဲရုံမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဆရာမဒေါ်ခင်မျိုးမျိုးမှာ ရွေးကောက်ပွဲ ကော်မရှင်အဆင့်ဆင့်ထံသို့ အကြောင်းကြားခဲ့ကြောင်း၊ ယင်းသို့ အကြောင်းကြားခဲ့ပြီးနောက် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲမှ စုံစမ်းမေးမြန်းရာတွင် အစ်မဖြစ်သူကိုယ်စား မဲလာပေးသည်ကို သိရှိရပြီး ကော်မရှင်၏ခွင့်ပြုချက် မဲရုံအတွင်းရှိ အခြားသော မဲရုံတာဝန် ထမ်းဆောင်နေသူများ၏ သဘောတူညီချက်ဖြင့် ဆက်လက်မဲပေးခွင့်ပြုခဲ့ကြောင်း၊ ယင်းသို့ လုပ်ဆောင်ခဲ့မှုမှာ ကိုယ်စားလာရောက်မဲပေးသူနှင့် ကြိုတင်ကြံစည်ခဲ့သည်ဟုဆိုကာ ဆရာမ ​ဒေါ်ခင်မျိုးမျိုးအား ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီကိုယ်စား ပါတီမှ တာဝန်ပေးခြင်းခံရသူ ဦးမိုးဝင်းဦးက ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၅၉(စ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတရားစွဲဆိုမှုကို ပညာရေးဝန်ကြီးဌာနကလည်း ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရသည်။

“ကျွန်မကို အခုအာမခံ နှစ်ယောက်နဲ့ ရုံးကို လာခိုင်းတယ် မြို့နယ်တရားရုံးကို၊ အခုထိတော့ ရုံးချိန်းက မခေါ်သေးဘူး အာမခံနှစ်ယောက်ကိုခေါ်ပြီးတော့ မြို့နယ်တရားရုံးကို လာခဲ့ပါဆိုလို့ အခု ကျွန်မ ပုသိမ်မြို့နယ် တရားရုံးကို ရောက်နေတယ်၊ သူတို့ထဲမှာ ရေးထားတာက ကျွန်မက အဲ့ကလေးမလေးနဲ့ ကြိုတင်ပူးပေါင်းကြံစည်တဲ့ အဲ့လိုတော့ တွေ့တယ်။ အဲ့နေ့က နေ့လည်တစ်နာရီကျော်မှာ အဲ့ကောင်မလေးက ကိုယ်စားမဲပေးတယ် ကျွန်မကတော့ မသိဘူး ကျွန်မက အပေါက်ဝနားမှာထိုင်နေပြီး မဲရုံမှူးလက်မှတ်တွေ ထိုင်ထိုးနေရတာပေါ့၊ အဲ့အချိန် လွှတ်တော်နှစ်ရပ် မဲပေးပြီးတဲ့အချိန်မှာ ဆရာမတစ်ယောက် တွေ့လိုက်တာ၊ မြင်လိုက်တော့ ကျွန်မကိုလှမ်းအော်တယ် ဆရာမရေ သူများကိုယ်စားလာပေးတာဆိုတော့ သိလဲသိရော ချက်ခြင်းထသွားပြီးတော့ ချက်ခြင်းရပ်လိုက်တယ်။ မဲပေးနေတာကို၊ ရပ်လိုက်ပြီးတော့ ကျွန်မရပ်ကျေးကော်မရှင်ကို အကြောင်းကြားတယ်၊ ဒါဘယ်လိုဆက်လုပ်မလဲ ကျွန်မလဲ မလုပ်တတ်ဘူး ဘာဆက်လုပ်ရမယ်ဆိုတာ ကျွန်မလုံးဝမသိတာ ကျွန်မတို့ကိုလဲ ဒါနဲ့ပတ်သက်ပြီးတော့ ဒီလိုဖြစ်ရင် ဘယ်လိုလုပ်ပါလို့ ညွှန်ကြားထားတာလဲမရှိဘူး။မရှိတော့ မလုပ်တတ်ဘူး ဒါအရှင်းဆုံးပြောရရင်လေ၊ မလုပ်တတ်လို့ ကျွန်မကော်မရှင်ကို အကြောင်းကြားတယ်၊ အကြောင်းကြားပြီးပြီ ကျွန်မထင်လိုက်တာကတော့ ကျွန်မတို့က ကော်မရှင်ခိုင်းတာကို လုပ်ရတဲ့အတွက် ဒီလိုသူတို့ကို လှမ်းသတင်းပို့လိုက်ရင် ကျွန်မတို့ တာဝန်မရှိတော့ဘူးလို့ ထင်တာ၊ ဒါပေမဲ့ အဲ့ဒါပြီးမသွားဘဲနဲ့ ဒီကောင်မလေး ဟုတ်မှန်လား မဟုတ်မှန်လားဆိုပြီးတော့ ရပ်ကွက်ကို ချက်ခြင်းစုံစမ်းတယ်ပေါ့၊ စုံစမ်းတော့ ရပ်ကွက်ကလဲ သူ့အစ်မက သွေးတွေတိုးပြီး အိပ်ယာထဲလှဲနေပြီး မလာနိုင်လို့ သူ့ကိုလွှတ်လိုက်ပါတယ်ဆိုပြီးပြောတယ်၊ ကော်မရှင်က ကျွန်မကို ဆရာမရေအဲ့လိုပဲဆိုပြီး မှန်နေတယ် သူတို့ပေးခိုင်းတယ်ဆိုတာ မှန်ကန်တယ်ပေါ့၊ မှန်ကန်ရင် ဘယ်လိုလုပ်ဖို့လဲ မေးတော့ မသိဘူးလေတဲ့။ ငါလဲမသိလို့ နင်တို့ကော်မရှင်ကို ငါလဲအကြောင်းကြားတာပေါ့လို့ ဘာလုပ်ရမယ်ဆိုတာ ငါမသိဘူးလို့၊ ဒါပေမဲ့ တစ်ခုရှိတာကနော် လွှတ်တော်သုံးရပ်မှာ နှစ်ရပ်ကတော့ ပေးပြီးနေပြီ။ တစ်ရပ်ကတော့ ကျန်နေသေးတော့ မဲရေတွက်တဲ့အခါမှာ မဲမညီမျှတတွေ ဘာတွေ အဲလိုများဖြစ်ရင်တော့ မပြောတတ်ဘူးလို့၊ မဲနှစ်ပုံးမှာ အရေအတွက်ညီပြီး တစ်ပုံးမှာ မညီရင် ပြသနာဖြစ်မယ်လို့ပဲ ဆရာမတွေက သိထားတာ ထင်ထားတာ၊ ဒါဆိုဆရာမရယ် နှစ်ခုလဲ ပေးပြီးပြီဆိုတော့ တစ်ခုကို ပေးခိုင်းလိုက်မယ် ပြီးတော့မှ သူ့ကို ရှင်းမယ်ပေါ့ပြောတယ်၊ အဲ့လိုထည့်ခိုင်းမယ်ဆိုရင်လဲ ဒီမှာရှိတဲ့သူများ ကန့်ကွက်မဲ့သူရှိရင် ကန့်ကွက်ပေးပါလို့ ကန့်ကွက်ခိုင်းတယ်။  တစ်​ယောက်မှ မကန့်ကွက်တော့ ထည့်ခိုင်းလိုက်တယ်ပေါ့။ အဲ့ဒါပဲ၊ တကယ်တော့ သူတို့ရွေးကောက်ပွဲဥပဒေမှာ ပါတယ်တဲ့ သူတို့ကော်မရှင်လူကြီးတွေလာတော့ ပြောတယ် ဒီရွေးကောက်ပွဲအတွင်းမှာ ကျွန်မတို့က ကြိုတင်ကြံစည်တာမဟုတ်ဘဲ လက်တလောဖြစ်လာတဲ့ ပြသနာကို ဖြေရှင်းရင် ပြစ်မှုမမြောက်ဘူးတဲ့ သူတို့က အဲ့လိုပြောတယ်၊ အဲ့လိုပြောတော့ ဘာမှမဖြစ်နိုင်ဘူးထင်တာ၊ အခုတော့ ဘာမှမဖြစ်ဘူးသာပြောတယ် ရဲစခန်းသွားတော့လဲ ကော်မရှင်လူကြီးတွေကို ခေါ်တယ် ကျွန်မနောက်ကိုလိုက်ပေးပါဆိုတာကို တစ်ယောက်မှ မလိုက်ဘူး။ အဲ့တော့ နင့်ကိုတိုင်တာပဲ နင်သွားပေါ့။ အဲ့လိုမျိုး နင်ဖြစ်နင်ခံဆိုတာမျိုး ဘာမှမဖြစ်ပါဘူး။ ခေါ်လို့ရှိရင် သွားလိုက်ပေါ။ ဘာမှမဖြစ်ဘူးနဲ့ တရားရုံးလဲ ရောက်လာရတယ်”ဟု တရားစွဲဆိုခြင်းခံခဲ့ရသူ ဆရာမ ဒေါ်ခင်မျိုးမျိုးကပြောသည်။

ရွေးကောက်ပွဲနှင့် ပက်သက်၍ မဲရုံတာဝန်ထမ်းဆောင်ခဲ့သည် ဆရာ၊ဆရာမများအား တိုင်ကြားခံရသည့် အမှုများစွာ ရှိခဲ့ပြီး တရားရုံးသို့ ရောက်ရှိခဲ့သည့် အမှုမှာ ချောင်းသာမြို့တွင် ဖြစ်ပွါးခဲ့သည့် ဖြစ်စဉ်နှင့် ပျော်ဘွယ်မြို့တွင် ဖြစ်ပွါးခဲ့သည့် ဖြစ်စဉ်များရှိနေပြီး နိုင်ငံ့တာဝန်ထမ်းဆောင်ပေးခဲ့သည့် ဆရာ၊ဆရာမများကို ဥပဒေအရ ကာကွယ်ပေးရန် လိုအပ်ကြောင်း အခြေခံပညာရေးလုပ်သားများ သမဂ္ဂမှ ဆရာဦးမင်းမင်းထွဋ်ကပြောသည်။

“လောလောဆယ် ကျွန်တော်တို့ အခြေခံပညာရေးလုပ်သားများ သမဂ္ဂဗဟိုအလုပ်မှုဆောင် ကော်မတီရယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်ရယ်၊ တက္ကသိုလ်ဒီဂရီကောလိပ် ဆရာသမဂ္ဂများကွန်ရက်ပေါ့ သုံးဖွဲ့ပေါင်းပြီးတော့ အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ကော်မတီကို ဖွဲ့စည်းထားတယ်၊ အဲ့လိုဖွဲ့စည်းပြီးတော့ ကျွန်တော်တို့ကို ဆက်သွယ်ဆောင်ရွက်နေတဲ့ အမှုတွေကို ကျွန်တော်တို့ ကူညီပေးတယ်၊ ပျော်ဘွယ်ကအမှုနဲ့ ပက်သက်ပြီးတော့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်က လုပ်ဆောင်ပေးနေတာ ဆရာမကြီးရဲ့ ရုံးချိန်းက ၁၉ရက်နေ့ဆိုရင် စတုတ္ထမြောက်ရုံးချိန်းဖြစ်နေပါပြီ နောက်တစ်ခုကတော့ မြန်မာနိုင်ငံရှေ့နေများကွန်ရက်ကိုလဲ အကူညီတောင်းထားပြီး လိုအပ်တာကူညီပေးဖို့ လုပ်နေပါတယ်၊ ကျွန်တော်တို့ ပညာရေးဝန်ထမ်းတွေက နိုင်ငံတော်က တာဝန်ပေးအပ်လို့လဲ လုပ်ရသေးတယ် ကျွန်တော်တို့ အပေါ်မှာ မတရားစွဲဆိုခံမှုနဲ့ ပက်သက်ပြီးဖြစ်နေတယ်ပေါ့ အဲ့ကိစ္စတွေကို ဟိုရက်က သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးနဲ့ ဆွေးနွေးချက်မှာ ဘာသွားတွေ့ရလဲဆိုရင် ဒီအမှုအခင်းတွေနဲ့ ပက်သက်လို့ရှိရင် ရွေးကောက်ပွဲ ဥပဒေအရ အပြီးအပြတ်ဖြစ်တယ် ဒါတွေကို ကူညီဆောင်ရွက်ပေးဖို့ ပညာရေးဝန်ကြီးဌာနကိုလဲ ညွှန်ကြားထားတယ်လို့ သိရပါတယ်၊ ချောင်းသာကိစ္စကတော့ ကျွန်တော့်တို့ ကူညီဆောင်ရွက်နေပါတယ်၊ ရွေးကောက်ပွဲဥပဒေအရ ဥပဒေ ပုဒ်မ ၈၂မှာ ပြဌာန်းပြီးဖြစ်တဲ့အတွက်ကြောင့် အပြီးအပြတ်ဖြစ်တယ်လို့ ပြဌာန်းထားတာကို တရားရုံးတို့ ရဲစခန်းတို့က အမှုစွဲသင့် မစွဲသင့်ကိစ္စတွေမှာ အမှုတွေကို စွဲစရာမရှိဘူး အမှုတွေကို ပယ်ချပစ်ဖို့လိုတယ်ပေါ့ ကျွန်တော်တို့ဖြစ်စေချင်တာ ဥပဒေအတိုင်းပေါ့နော် လက်ရှိရှိနေတဲ့ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းအတိုင်း သွားနေစေချင်ပါတယ်”ဟု အခြေခံပညာ ပညာရေးလုပ်သားများ သမဂ္ဂမှ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဆရာဦးမင်းမင်းထွဋ်ကပြောသည်။

မဲရုံတာဝန်များကို ထမ်းဆောင်ခဲ့သည့် ဆရာ၊ဆရာမများအား တရားစွဲဆိုခြင်း ပုတ်ခတ်ပြောဆိုခြင်းများကို ပြုလုပ်ခြင်းမပြုရန် ဥပဒေအရ ကာကွယ်ပေးရန် ပညာရေးဝန်ထမ်းများမှ တောင်းဆိုမှုများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

 

Most Read

Most Recent