နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရိ တွေ့ဆုံခဲ့ပြီး မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ အပါအဝင် စာချုပ်အချို့ လက်မှတ်ရေးထိုး

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရိ တွေ့ဆုံခဲ့ပြီး မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ အပါအဝင် စာချုပ်အချို့ လက်မှတ်ရေးထိုး
Published 11 January 2021

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ရိတို့ ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်းတွင် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး မန္တလေး-ကျောက်ဖြူ ရထားလမ်း စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှု စာချွန်လွှာ အပါအဝင် စာချုပ်အချို့ လက်မှတ်ရေးထိုးခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာချုပ်၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ၅ နှစ် ဖွံ့ဖြိုးမှုအစီအစဉ်၊ မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ ကျေးလက်လမ်းတံတား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ အစည်းအဝေး မှတ်တမ်းလွှာ၊ ကချင်ပြည်နယ် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးအတွက် ငွေကြေးအထောက်အပံ့ ပေးအပ်ရေးစာလွှာနှင့် တရုတ်အတိုးမဲ့ချေးငွေဖြင့် ဝယ်ယူသည့် လူစီးရထားတွဲများဆိုင်ရာ စာလွှာများကို လက်မှတ်ရေးထိုး လဲလှယ်ခဲ့ကြကြောင်း သိရသည်။

ထို့အပြင် မြန်မာ-တရုတ် “အေးအတူပူအမျှအသိုက်အဝန်း” ထူထောင်နိုင်ရေးအတွက် လုပ်ငန်းစီမံချက်ကို နိုင်ငံတော်အဆင့် ခရီးစဉ်များ စီစဉ်သည့်အခါ လက်မှတ်ရေးထိုးသွားနိုင်သည့် အခြေအနေ၊ မြန်မာ-တရုတ် စီးပွားရေးစင်္ကြံစီမံကိန်းများနှင့် နှစ်နိုင်ငံ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက်အဦ စီမံကိန်းများ အပါအဝင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည် ဖော်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်သွားရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မြန်မာပြည်သူများအတွက် တရုတ်နိုင်ငံက ထောက်ပံ့သွားရေး၊ မြန်မာ-တရုတ်ယဉ်ကျေးမှု ခရီးသွားလာရေးနှစ် အခမ်းအနားများကို ၂၀၂၁ ခုနှစ်တွင် ဆက်လက်ကျင်းပနိုင်ရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်သွားရေး၊ ဒေသတွင်းနှင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မျက်နှာစာတို့တွင် နှစ်နိုင်ငံအကြား ပိုမိုနီးကပ်စွာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားရေး တို့ကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ယင်းအပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က လာမည့်အစိုးရသက်တမ်းတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ဆက်လက်အလေးပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဆက်လက်၍ အပြုသဘောကူညီပံ့ပိုးပေးသွားရေး ကိစ္စရပ်တို့ကို ဆွေးနွေးပြောကြားခဲ့ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကလည်း တရုတ်နိုင်ငံ အကြီးအကဲများက မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း သတင်းစကားပါးလိုက်ပါသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးကျော်တင့်ဆွေ၊  ဦးစိုးဝင်း၊ ဦးသောင်းထွန်း၊ ဦးကျော်တင်နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာချန်းဟိုင်နှင့် အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ကြသည်။