အာဆီယံနိုင်ငံအများစု၏ ကုန်ထုတ်ကဏ္ဍ ပြန်လည်ဦးမော့လာသော်လည်း မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေသည့် အခြေအနေဖြင့် ဆက်လက်ရင်ဆိုင်နေရ

အာဆီယံနိုင်ငံအများစု၏ ကုန်ထုတ်ကဏ္ဍ ပြန်လည်ဦးမော့လာသော်လည်း မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေသည့် အခြေအနေဖြင့် ဆက်လက်ရင်ဆိုင်နေရ
ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်ငန်းများ လည်ပတ်လျက်ရှိသော စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
ရန်ကုန်မြို့ရှိ ကုန်ထုတ်လုပ်ငန်းများ လည်ပတ်လျက်ရှိသော စက်မှုဇုန်တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-စည်သူအောင်)
Published 6 January 2021
စည်သူအောင်

အာဆီယံနိုင်ငံအများစု၏ ကုန်ထုတ်ကဏ္ဍ ပြန်လည်ဦးမော့ လာသော်လည်း မြန်မာနိုင်ငံမှ ကုန်ထုတ်လုပ်ငန်းများ အဆိုးရွားဆုံး ဆုတ်ယုတ်နေသည့် အခြေအနေနှင့် ဆက်လက် ရင်ဆိုင်နေရကြောင်း Nikkei ၏ ပံ့ပိုးမှုဖြင့် ပြုလုပ်သော ဒီဇင်ဘာလ HIS Markit စစ်တမ်းတွင် ဖော်ပြချက်အရ သိရသည်။

HIS Markit ဝယ်ယူရေး မန်နေဂျာများ၏ အညွှန်းကိန်း (PMI) နောက်ဆုံးဒေတာအရ အာဆီယံ ထုတ်လုပ်ရေး အခြေအနေများမှာ ဒီဇင်ဘာတင် ဖေဖော်ဝါရီနောက်ပိုင်း ပထမအကြိမ် တိုးတက်လာခဲ့ရာ ၂၀၁၉ ခုနှစ် COVID-19 ကပ်ရောဂါ၏ ထိုးနှက်မှုဒဏ်မှ နာလန်ထူလာမှု စတင်ခြင်းကို ညွှန်ပြနေသည်။

စက်ရုံထုတ်လုပ်မှုမှာ နှစ်လဆက်တိုက် တိုးလာခဲ့ပြီး တိုးတက်မှုနှုန်းမှာ နှစ်နှစ်ခွဲအတွင်း အမြန်ဆုံးဖြစ်လာသည်။ ၂၀၁၈ ခုနှစ် သြဂုတ်လမှစပြီး အားအကောင်းဆုံးဦးမော့ လာမှုက ယင်းတိုးတက်မှုကို ပံ့ပိုးပေးခဲ့သည်။ အခြေအနေများ ပိုကောင်းခြင်းကလည်း စတုတ္ထသုံးလပတ် အဆုံးပိုင်းတွင် လုပ်ငန်းများ၏ ယုံကြည်မှုကို တိုးမြှင့်ပေးလိုက်သည်။ အပြုသဘောမြင်မှုမှာ ဇန်နဝါရီလတွင် ကပ်ရောဂါဖြစ်စမှစပြီး အမြင့်ဆုံးဖြစ်သည်။

အာဆီယံ PMI အညွှန်းကိန်းသည် ဒီဇင်ဘာတွင် ၅၀ ဒသမ ၈ ဖြင့် နိုဝင်ဘာ ၅၀ ဒသမ ၀ မှ မြင့်တက်လာကာ အာဆီယံ ထုတ်လုပ်ရေးကဏ္ဍ အခြေအနေသည် ဖေဖော်ဝါရီနောက်ပိုင်း တိုးတက်လာမှုကို ပထမအကြိမ် အချက်ပြ လိုက်သော်လည်း အညွှန်းကိန်းမှာ အသင့်အတင့် တိုးတက်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံအလိုက်ကြည့်လျှင် စင်ကာပူမှာ ထုတ်လုပ်ရေး အခြေအနေများ အမြန်ဆုံး တိုးတက်လာမှုကို မြင်နေရပြီး အညွှန်းကိန်း ၅၅ ဒသမ ၀ မှာ ခုနစ်နှစ်အတွင်း အမြင့်ဆုံးဖြစ်သည်။ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့လည်း တိုးတက်ခဲ့ပြီး အင်းဒိုနီးရှားက အညွှန်းကိန်း ၅၁ ဒသမ ၃ နှင့် ထိုင်းက အညွှန်းကိန်း ၅၀ ဒသမ ၈ ရှိခဲ့သည်။ တိုးတက်မှုရှိခဲ့သည့် နောက်တစ်နိုင်ငံမှာ ဗီယက်နမ်ဖြစ်ပြီး အညွှန်းကိန်း ၅၁ ဒသမ ၇ မှာ အသင့်အတင့် ဦးမော့လာမှုကို အချက်ပြနေသည်။

ဖိလစ်ပိုင်နိုင်ငံမှာ အခြေအနေများ သုံးလဆက်တိုက် ဆုတ်ယုတ်မှုကို မှတ်တမ်းတင်ခဲ့ပြီး အညွှန်းကိန်း ၄၉ ဒသမ ၂ မှာ အကျဘက်ကို ဦးတည်နေခြင်းဖြစ်သည်။ မလေးရှားနိုင်ငံလည်း ကုန်ထုတ်လုပ်ငန်းများ ကျဆင်းနေဆဲဖြစ်ပြီး အညွှန်းကိန်း ၄၉ ဒသမ ၁ သာရှိခဲ့သည်။ နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံသည် အောက်တိုဘာလ၏ မကြုံစဖူး ကျဆင်းပြီးသည့်နောက်တွင် ကျဆင်းမှုနှုန်း ညင်သာလာသော်လည်း အညွှန်းကိန်း ၄၄ ဒသမ ၇ ဖြင့် စစ်တမ်းတွင် ပါဝင်သည့် အာဆီယံနိုင်ငံများအနက် အောက်ဆုံးတွင် ရပ်တည်နေပြီး ထုတ်လုပ်ရေးကဏ္ဍ တစ်ခုလုံး၏ အခြေအနေ ပြင်းထန်စွာ ဆုတ်ယုတ်မှုကို အချက်ပြနေသည်။

အာဆီယံ ကုန်ထုတ်ကဏ္ဍ၏ ဒီဇင်ဘာတွင် အခြေအနေများ တိုးတက်လာမှုကို အဓိက ပံ့ပိုးပေးခဲ့သည်မှာ ထုတ်လုပ်မှု နှစ်လဆက်တိုက် တိုးလာခြင်းဖြစ်သည်။ အသင့်အတင့်သာ ရှိခဲ့သော်လည်း တိုးတက်မှုနှုန်းမှာ နှစ်နှစ်ခွဲ ကာလအတွင်း အများဆုံး ဖြစ်ခဲ့သည်။ ဝယ်လိုအား အခြေအနေများမှာ သိသာစွာ အားကောင်းလာခဲ့ပြီး အော်ဒါမှာယူမှု ပမာဏများလည်း ၂၀၁၈ ခုနှစ် သြဂုတ်လမှစပြီး အမြန်ဆုံးနှုန်းဖြင့် တိုးလာခဲ့သည်။ သို့သော်လည်း ပြည်ပမှရရှိသည့် အော်ဒါမှာယူမှုအသစ်များ ဆက်လက်ကျဆင်းလာသည်။

ရောင်းအားမြင့်မား ခဲ့သည့်တိုင်အောင် ကုန်စည်ထုတ်လုပ်သူတို့သည် ဒီဇင်ဘာတွင် ထည့်သွင်းကုန် ဝယ်ယူမှုများကို လျှော့ချခဲ့ကြသော်လည်း နှုန်းမှာ ဖေဖော်ဝါရီမှစပြီး အညင်သာဆုံးဖြစ်ခဲ့၍ ထည့်သွင်းကုန် သိုလှောင်ထားမှု ထပ်မံလျော့နည်းသွားသည်။ ပစ္စည်းပေးသွင်းမှု ကွင်းဆက်များထဲ ပြတ်တောက်မှုများ ရှိနေသေးရာ လုပ်ငန်းပြီးဆုံးရန် ကြာမြင့်ချိန်များမှာ မေလမှစပြီး အကြာရှည်ဆုံး ဖြစ်လာသည်။

ရလဒ်အဖြစ် ကုမ္ပဏီများသည် ဒီဇင်ဘာတွင် ၎င်းတို့၏ လုပ်သားဦးရေကို ဖြတ်တောက်ခဲ့ကြသော်လည်း အလုပ်နေရာ လျှော့ချခံရမှုနှုန်းမှာ ၁၀ လအတွင်း အနည်းဆုံးဖြစ်သည်။ ထို့ပြင် အာဆီယံ ထုတ်လုပ်သူတို့ထံတွင် လက်ကျန်အလုပ်များ ထပ်မံအသင့်အတင့် ကျဆင်းလာခဲ့ရာ ကုန်ထုတ်စွမ်းအား မသုံးဘဲ လွတ်ကျန်နေသည့် အထောက်အထားများကို မြင်နေရဆဲဖြစ်သည်။

 

Most Read

Most Recent