တရုတ်အတိုးမဲ့ချေးငွေဖြင့် ဝယ်ယူထားသော လေအိတ်ရထားတွဲဆိုင်းများကို မြန်မာ့မီးရထားသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ခရီးသွားလာမှုများသည့် လမ်းပိုင်းများတွင် ထည့်သွင်းပြေးဆွဲမည်

တရုတ်အတိုးမဲ့ချေးငွေဖြင့် ဝယ်ယူထားသော လေအိတ်ရထားတွဲဆိုင်းများကို မြန်မာ့မီးရထားသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ခရီးသွားလာမှုများသည့် လမ်းပိုင်းများတွင် ထည့်သွင်းပြေးဆွဲမည်
တရုတ်အတိုးမဲ့ချေးငွေဖြင့် ဝယ်ယူထားသော လေအိတ်ရထားတွဲဆိုင်းများ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာစဉ်
တရုတ်အတိုးမဲ့ချေးငွေဖြင့် ဝယ်ယူထားသော လေအိတ်ရထားတွဲဆိုင်းများ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာစဉ်
Published 6 January 2021
ရွှန်းလဲ့ဝင်း

တရုတ်အတိုးမဲ့ချေးငွေဖြင့် ဝယ်ယူထားသော လေအိတ်ရထားတွဲဆိုင်းများအား မြန်မာ့မီးရထားသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး အဆိုပါရထားတွဲဆိုင်းများအား ခရီးသွားလာမှုများသည့် လမ်းပိုင်းများတွင် ထည့်သွင်းပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံမှ အတိုးမဲ့ချေးငွေဖြင့် ဝယ်ယူထားသော လေအိတ်ရထားတွဲဆိုင်း ၂၈ ဆိုင်းကို တင်ဆောင်လာသည့် DU JUAN SONG အမည်ရှိ သင်္ဘောသည် ရန်ကုန်သီလဝါ MITT ဆိပ်ကမ်းသို့ ဇန်နဝါရီ ၄ ရက်က ရောက်ရှိခဲ့ပြီး၊ ဇန်နဝါရီ ၅ ရက်တွင် သင်္ဘောပေါ်မှ ရထားတွဲဆိုင်းသစ်များအား ချယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်္ဘောပေါ်တွင် ရိုးရိုးတန်း ၁၄ တွဲနှင့် အထက်တန်း ၁၄ တွဲပါရှိပြီး လေအိတ်စနစ်သုံး တွဲဆိုင်းများဖြစ်ကာ ရိုးရိုးတန်းတွဲဆိုင်းတွင် ခရီးသည် ၆၈ ဦးလိုက်ပါ စီးနင်းနိုင်ပြီး အထက်တန်းတွဲဆိုင်းတွင် ခရီးသည် ၃၃ ဦး လိုက်ပါနိုင်မည်ဖြစ်သည်။

အဆိုပါတွဲဆိုင်းသစ်များသည် ၁၀၀ ကီလိုမီတာအမြန်နှုန်း ခုတ်မောင်းနိုင်သည့် စနစ်ကို အသုံးပြုထားခြင်းဖြစ်ကာ တွဲ၏ အလေးချိန်မှာ ၃၀ ဒသမ ၅ တန်အလေးချိန်ရှိပြီး တွဲတစ်တွဲ၏ အလျားမှာ ပေ ၆၀၊ အနံ ၉ ဒသမ ၃ ပေ၊ အမြင့် ၁၁ ဒသမ ၂ ပေရှိကာ ရထားလမ်းပိုင်းများတွင် အသုံးပြုမည့်စံများနှင့် ကိုက်ညီကြောင်း သိရသည်။

ခရီးသွားလာမှုများသည့် လမ်းပိုင်းများတွင် ထည့်သွင်းပြေးဆွဲမည်ဖြစ်ကြောင်း၊ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက အဆိုပါတွဲဆိုင်းများကို အဆင့်ဆင့် လက်ခံသယ်ယူကာ မြစ်ငယ်အလုပ်ရုံသို့ပို့ဆောင်၍ ရထားလမ်းပိုင်းတွင် မကြာမီကာလတွင် ပြေးဆွဲသွားနိုင်အောင် ဆက်လက်လုပ် ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲ များဝယ်ယူသည့် စီမံကိန်းသည် တရုတ်-မြန်မာနှစ်နိုင်ငံက မီးရထားကဏ္ဍတွင် အရေးပါသည့် ပူးပေါင်းဆောင်ရွက်မှုများထဲမှ တစ်ခုဖြစ်ကြောင်း သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ တရုတ်နိုင်ငံ သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း နှစ်ဦးနှစ်ဖက် စီမံကိန်းဖော်ဆောင်သည့် စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံက COVID-19 ကပ်ရောဂါ ထိခိုက်မှုကို ကျော်ဖြတ်ပြီး အချိန်မီရထားတွဲထုတ်လုပ်မှု၊ စမ်းသပ်မှုနှင့် ပို့ဆောင်မှုလုပ်ငန်းများကို လုပ်ဆောင်ခဲ့ရာ ပြည်သူများ အဆင်ပြေစွာ ခရီးသွားလာနိုင်ရန် မြန်မာ့မီးရထားအား ကူညီပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါစီမံကိန်းကို Hebei Machinery Import & Export Co.Ltd မှ ဦးဆောင်ဖော်ဆောင်ပြီး CRRC Qingdao Sifang Co., Ltd မှ ရထားတွဲထုတ်လုပ်မှုကို တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့မီးရထားက ပြည်ပချေးငွေများ ဖြင့် လူစီးတွဲသစ်များဝယ်ယူသည့် အစီအစဉ်တွင် ကိုရီးယားချေးငွေဖြင့် လူစီးတွဲသစ် ၁၀၀ နှင့် တရုတ်အတိုးမဲ့ချေးငွေဖြင့် တွဲသစ် ၂၈ တွဲ ဝယ်ယူထားပြီး ယင်းတွဲများအားလုံး  ယခုနှစ်အတွင်း ရရှိမည်ဖြစ်သည်။

မြန်မာ့မီးရထားက ကိုရီးယားနိုင်ငံ ချေးငွေ အမေရိကန်ဒေါ်လာ ၄၅ သန်းဖြင့် ဝယ်ယူသည့် ရထားတွဲ ၁၀၀ အနက် အထက်တန်းတွဲ ၄ဝမှာ ကိုရီးယားနိုင်ငံမှ မှာယူမည်ဖြစ်ပြီး ရိုးရိုးတန်းတွဲ ၆၀ မှာ မြစ်ငယ်ရှိ တွဲတည်ဆောက်ရေးစက်ရုံတွင် တည်ဆောက်သွားမည်ဖြစ်သည်။

မြန်မာ့မီးရထားက ကိုရီးယားနိုင်ငံမှ ချေးငွေအမေရိကန်ဒေါ်လာ ၄၅သန်းဖြင့် တွဲ ၁၀၀ ဝယ်ယူထားခြင်းဖြစ်ပြီး၊ ကိုရီးယားနိုင်ငံမှ ဝယ်ယူမည့် အထက်တန်းတွဲသစ် ၄၀ အနက် တွဲသစ် ၂၀ မှာ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ပြီးဖြစ်သည်။ 

 

Most Read

Most Recent