အုပ်ချုပ်ရေးစနစ်အဆင့်ဆင့်တွင် စီးပွားရေးနယ်ပယ်မှစ၍ ပြည်သူ့ရေးရာဝန်ဆောင်မှုအဆုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို စံနမူနာပြလုပ်ဆောင်ပြပြီး လုပ်နည်းလုပ်ဟန်အရ စနစ်ဟောင်းခေတ်ဟောင်းနှင့် လမ်းခွဲရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

အုပ်ချုပ်ရေးစနစ်အဆင့်ဆင့်တွင် စီးပွားရေးနယ်ပယ်မှစ၍ ပြည်သူ့ရေးရာဝန်ဆောင်မှုအဆုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို စံနမူနာပြလုပ်ဆောင်ပြပြီး လုပ်နည်းလုပ်ဟန်အရ စနစ်ဟောင်းခေတ်ဟောင်းနှင့် လမ်းခွဲရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Photo - Myanmar State Counsellor Office
Photo - Myanmar State Counsellor Office
Published 1 January 2021
မင်းနိုင်စိုး

အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးနှင့် အုပ်ချုပ်ရေးစနစ်အဆင့်ဆင့်တွင် စီးပွားရေးနယ်ပယ်မှစ၍ ပြည်သူ့ရေးရာဝန် ဆောင်မှုအဆုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို စံနမူနာပြလုပ်ဆောင်ပြပြီး လုပ်နည်းလုပ်ဟန်အရ စနစ်ဟောင်းခေတ်ဟောင်းနှင့် လမ်းခွဲရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၂၁ ခုနှစ် နိုင်ငံတကာနှစ်သစ်ကူး အထိမ်းအမှတ်မိန့်ခွန်းတွင် ထိုသို့ ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

စနစ်ဟောင်း ခေတ်ဟောင်းနှင့်လမ်းခွဲသည့်အခါ အခြေခံဥပဒေအရသာမဟုတ်ဘဲ ပြုမူလုပ်ကိုင်ပုံ၊ လုပ်နည်းလုပ်ဟန်များအရလည်း လမ်းခွဲရန် လိုအပ်ကြောင်း၊ တစ်နည်းအားဖြင့် မူဝါဒကောင်းများ၊ လုပ်ထုံးလုပ်နည်းကောင်းများဖြင့် ခေတ်ဟောင်းစနစ်ဟောင်း ကို လမ်းခွဲရခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ဒီနေရာမှာ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးနဲ့ အုပ်ချုပ်ရေးစနစ်အဆင့်ဆင့်မှာ စီးပွားရေးနယ်ပယ်ကစလို့ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေအဆုံး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို စံနမူနာပြလုပ်ဆောင်ပြပြီး လုပ်နည်းလုပ်ဟန်အရစနစ်ဟောင်း ခေတ်ဟောင်းနဲ့ လမ်းခွဲရမယ်ဆိုတာ အလေးအနက်ပြောကြားလိုပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ၂၀၂၀ အလွန် ရှေ့ဆက်သွားမည့် လမ်းကြောင်းသည် အထင်အရှား အဆင်သင့်ရှိနေပြီးဖြစ်ချိန်တွင် NCA စာချုပ် လက်မှတ်ရေးထိုးထားသောအဖွဲ့များအပြင် NBCA လက်မှတ်မထိုးရသေးသောအဖွဲ့များ ပူးပေါင်းပါဝင်လာရန်အတွက် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ချဉ်းကပ်မှုအသစ်များဖြင့် ဘက်စုံထောင့်စုံ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖော်ဆောင်ရာတွင်လည်း မူဘောင်လမ်းညွှန်မှု၊ လိုအပ်သော စုဖွဲ့မှု၊ စနစ်နှင့် ယန္တရားတည်ဆောက်မှုစသည့် ဒီဇိုင်းပိုင်းကိုလည်း အာရုံစိုက်ရကြောင်း၊ ထိုသို့ဦးတည်ချက်ထားပြီး လုပ်ငန်း စဉ်ပိုင်း၊ ဒီဇိုင်းပိုင်းနှင့် ပါဝင်သူများအားလုံး အကျုံးဝင်စေခြင်းအပိုင်းများကို လာမည့်ငါးနှစ်တာကာလတွင် လက်တွေ့အသက်ဝင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် ပညာရပ်ဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ၊ အထောက်အကူပြုအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေကအစ ပြည်သူတွေအပါအဝင် အဓိကအင်အားစုတွေအဆုံး အကျေအလည် ဆွေးနွေးညှိနှိုင်းနိုင်မယ့် ပြည်လည်သုံးသပ်ရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် ဘက်စုံစဉ်းစားပြီး ကိုယ်စားပြုမှုနဲ့ ထိရောက်မှု ဟန်ချက်ဘက်ညီမျှတစေမယ့် ၂၀၂၀ အလွန် ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ် (New Peace Architecture) ကို အရှိန်အဟုန်နဲ့ ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ပင်လုံစာချုပ် လက်မှတ်ရေးထိုးမှု နှစ် ပေါင်း ၇၅ နှစ် ပြည့်မြောက်မည့် စိန်ရတုနှစ်ဖြစ်သော ၂၀၂၂ ခုနှစ်တွင် ပြည်ထောင်စု၏ ပန်းတိုင်ကို အတူတကွ ဆက်ပြီးလျှောက်လှမ်းသွားမည့် လမ်းကြောင်းများ ခိုင်မာထင်ရှားစွာ လှမ်းမြင်နေရသော အားတက်ဖွယ်ရာအခြေအနေတစ်ရပ်ကိုရောက်ရှိလာရန် ရည်မှန်းချက်ထားပြီး ၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှုအသစ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ ဦးတည်ချက်ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပေါ်ထွန်းရေးအတွက် မဖြစ်မနေ လိုအပ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးပဲဖြစ်ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ထို့ပြင် ရရှိမည့် ငြိမ်းချမ်းရေးသဘောတူညီချက်များ၊ နိုင်ငံ၏ ရေရှည်လိုအပ်ချက်များ၊ ပြည်သူလူထု၏ လိုလားတောင့်တချက်များနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွန်းရေးအတွက် အားလုံးက ဉာဏ်စွမ်း၊ ကိုယ်စွမ်းရှိသမျှ ကြိုးပမ်းသွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နိုင်ငံလွတ်လပ်ရေးရပြီးသည်မှာ ၇၅ နှစ်ပြည့်ရန် နှစ်နှစ်သာလိုတော့ကြောင်း၊ မည်သည့်နိုင်ငံမျိုးတွင် နောင်လာနောက်သားများ နေထိုင်ရှင်သန်သွားရမည်ဆိုသည်ကို ပုံဖော်ရန် ယခုနှစ်များအတွင်း အထူးဂရုပြုဆောင် ရွက်ရေးကို နိုင်ငံတော်အစိုးရ၏ အဓိကလုပ်ငန်းစဉ်တစ်ရပ်အဖြစ် သတ်မှတ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

 

Most Read

Most Recent