တပ်မတော်အနေဖြင့် အရေအတွက်ပိုမိုများပြားသည့် နောက်ဆုံးမဲစာရင်းကိုစိစစ်ရန် ပို၍ပင်ဆန္ဒရှိပြီး သံသယများ ကင်းရှင်းစေလိုလျှင် နောက်ဆုံးမဲစာရင်း ပုံစံ (၁) ကို ပွင့်လင်းမြင်သာစွာ ပံ့ပိုးပေးနိုင်မည့် မည်သည့်အဖွဲ့၊ ပုဂ္ဂိုလ်မဆို ကြိုဆိုကြောင်း ထုတ်ပြန်

တပ်မတော်အနေဖြင့် အရေအတွက်ပိုမိုများပြားသည့် နောက်ဆုံးမဲစာရင်းကိုစိစစ်ရန် ပို၍ပင်ဆန္ဒရှိပြီး သံသယများ ကင်းရှင်းစေလိုလျှင် နောက်ဆုံးမဲစာရင်း ပုံစံ (၁) ကို ပွင့်လင်းမြင်သာစွာ ပံ့ပိုးပေးနိုင်မည့် မည်သည့်အဖွဲ့၊ ပုဂ္ဂိုလ်မဆို ကြိုဆိုကြောင်း ထုတ်ပြန်
Published 31 December 2020
မင်းနိုင်စိုး

တပ်မတော်အနေဖြင့် အရေအတွက် ပိုမိုများပြားသည့် နောက်ဆုံးမဲစာရင်းကို စိစစ်ရန် ပို၍ပင်ဆန္ဒရှိပြီး သံသယများကင်းရှင်းစေလိုလျှင် တပ်မတော်ကစိစစ်ပေးရန် ဆန္ဒရှိသည့် နောက်ဆုံးမဲစာရင်းပုံစံ (၁)ကို ပွင့်လင်းမြင်သာစွာ ပံ့ပိုးပေးနိုင်မည့် မည်သည့်အဖွဲ့အစည်း၊ မည်သည့်ပုဂ္ဂိုလ်မဆို ကြိုဆိုကြောင်း ဒီဇင်ဘာ ၃၁ ရက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တပ်မတော်သားများမဲပေးခဲ့သည့် မြို့နယ် ၂၀၀ ကျော်တွင် တပ်မတော်က မဲစာရင်းများ ကို စိစစ်လျက်ရှိရာ ဒီဇင်ဘာ ၃၁ ရက်တွင် စတုတ္ထအကြိမ်အဖြစ် မြို့နယ်ငါးမြို့နယ်တွင် စိစစ်တွေ့ရှိချက်များကို ထုတ်ပြန်ရာ၌ ယင်းသို့ ထည့်သွင်းရေးသားထားခြင်း ဖြစ်သည်။

တပ်မတော်ကထုတ်ပြန်ခဲ့ပြီးသည့် မြို့နယ်များအနက် နောက်ဆုံးမဲစာရင်း (ပုံစံ-၁) ရရှိခဲ့သည့် မြို့နယ်များရှိသကဲ့သို့ နောက်ဆုံးမဲစာရင်းမရရှိသဖြင့် ဒုတိယအကြိမ် မဲစာရင်း (ပုံစံ-၁) ဖြင့် စိစစ်ခဲ့ရသည့် မြို့နယ်များလည်း ပါဝင်ကြောင်း၊ ထုတ်ပြန်ချက်ပါ ကိန်းဂဏန်းများကို ကြည့်ခြင်းအားဖြင့် နောက်ဆုံးမဲစာရင်းပါဝင်သည်ကို တွေ့မြင်နိုင်ကြောင်း၊ ဒုတိယအကြိမ်နှင့် နောက်ဆုံးအကြိမ် မဲစာရင်းများ၏ စိစစ်တွေ့ရှိချက်များကို နှိုင်းယှဉ်ကြည့်သည့်အခါ ကိန်းဂဏန်းအရေအတွက်သာ အနည်းငယ်ကွာပြီး တွေ့ရှိချက်များမှာ အလားတူပင်ဖြစ်ကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့ပြင် စိစစ်တွေ့ရှိချက်များသည် မဲစာရင်းမှားယွင်းမှုမဟုတ်ဘဲ သာမန်အားဖြင့် မသိနိုင်သည့် ထပ်နေသောမဲစာရင်းနှင့် အထောက်အထားများဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်သော မဲစာရင်းများဖြစ်ပြီး မှားယွင်းမှုများကိုပါ စိစစ်မည်ဆိုပါက အချက်အလက် ပိုမိုများပြားနိုင်ကြောင်း တပ်မတော်၏ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်က ထုတ်ပြန်နေသည့် မဲစာရင်းမှာ နိုဝင်ဘာ ၈ ရက်တွင် မဲပေးသည့် နောက်ဆုံးမဲစာရင်းမဟုတ်ကြောင်းနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ် ပျက်ပြားစေရန်နှင့် ရွေးကောက်ပွဲရလဒ်ကို လက်မခံသည့် သဘောသက်ရောက်သော သဘောထားထုတ်ပြန်ချက်များ၊ ဆောင်ရွက်ချက်များကို နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခြင်းမပြုကြရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာ ၃၀  ရက်တွင် ကြေညာချက်ထုတ်ပြန်ပြီးနောက် ယခုကဲ့သို့ တပ်မတော်ကလည်း ကြေညာချက် ထွက်လာခြင်းဖြစ်သည်။

တပ်မတော်က မဲစာရင်းများ စိစစ်တွေ့ရှိချက် ထုတ်ပြန်ခဲ့ပြီးသည့် မြို့နယ်များမှာ အောင်မြေသာစံ၊ ရမည်းသင်း၊ ပျော်ဘွယ်၊ တနိုင်း၊ မြစ်ကြီးနား၊ စေတုတ္တရာ၊ လယ်ဝေး၊ ပုဗ္ဗသီရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနား၊ တံတားဦး မြို့နယ်တို့ဖြစ်သည်။

တပ်မတော်၏ ယခုစတုတ္ထအကြိမ် ထုတ်ပြန်သည့် မြို့နယ်ငါးမြို့နယ်မှာ မုံရွာ၊ အရာတော်၊ ထားဝယ်၊ လောင်းလုံနှင့် ပုလောမြို့နယ်တို့ဖြစ်ပြီး မုံရွာမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၂၉၃၁၇၆ ဦးရှိပြီး တပ်မတော်က စိစစ်ခဲ့သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၂၈၉၅၆၉ ဦးဖြစ်ကာ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၉၇၆၁ ဦးနှင့် မဲမသမာမှုဖြစ် နိုင်သည့် အခြားသောမဲစာရင်း ၂၆၈၉၂ ဦးရှိကြောင်း ဖော်ပြထားသည်။

ထို့အတူ အရာတော်မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၁၄၂၃၆၆ ဦးဖြစ်ပြီး တပ်မတော်က စိစစ်ခဲ့သည့် မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၁၃၇၇၈၈ ဦးဖြစ်ကြောင်း၊ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၈၂၈၇ ဦးနှင့် မဲမသမာမှုဖြစ်နိုင်သည့် အခြားမဲစာရင်း ၁၃၅၁၈ ဦးရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထားဝယ်မြို့နယ်တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၁၃၄၇၂၃ ဦးဖြစ်ပြီး တပ်မတော်က စိစစ်ခဲ့သည့် မဲပေးပိုင်ခွင့်ရှိ သူစာရင်းမှာ ၁၂၄၂၈၂ ဦးဖြစ်ကြောင်း၊ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၁၄၄၀ နှင့် မဲမသမာမှုဖြစ်နိုင်သော အခြားမဲစာရင်း ၁၆၀၉၆ ဦးရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

လောင်းလုံမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၁၂၇၅၇၄ ဦးဖြစ်ပြီး တပ်မတော်ကစိစစ်ခဲ့သည့် မဲပေးပိုင်ခွင့် ရှိသူစာရင်းမှာ ၁၂၅၀၁၁ ဦးဖြစ်ကြောင်း၊ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၁၅၂၂၀ ဦးနှင့် မဲမသမာမှုဖြစ်နိုင်သောအခြား မဲစာရင်း ၁၁၃၉၀ ရှိကြောင်း တပ်မတော်က ထုတ်ပြန်သည်။

ပုလောမြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော မဲပေးပိုင်ခွင့်ရှိသူစာရင်းမှာ ၁၁၄၀၂၃ ဦးဖြစ်ပြီး တပ်မတော်က စိစစ်ခဲ့သော မဲပေးပိုင်ခွင့် ရှိသူစာရင်းမှာ ၁၁၄၄၈၈ ဦးဖြစ်ကြောင်း၊ မဲမသမာမှုပြုနိုင်သည့် ထပ်နေသော မဲစာရင်း ၉၀၀၈ ဦးနှင့် မဲမသမာမှုဖြစ်နိုင်သော အခြားမဲစာရင်း ၁၆၉၉၃ ဦးရှိကြောင်း တပ်မတော်၏ ထုတ်ပြန်ချက်အရ သိရသည်။    

 

Most Read

Most Recent