မဲဝိုင်စခန်းဖြစ်စဉ်သည် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် သွေဖည်နေသဖြင့် အောက်ခြေတပ်ဖွဲ့ဝင်များကို ထိန်းသိမ်းပေးရန် တပ်မတော်က KNU ထံ စာပို့ထား

မဲဝိုင်စခန်းဖြစ်စဉ်သည် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် သွေဖည်နေသဖြင့် အောက်ခြေတပ်ဖွဲ့ဝင်များကို ထိန်းသိမ်းပေးရန် တပ်မတော်က KNU ထံ စာပို့ထား
နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ဒီဇင်ဘာ ၃၀ ရက်က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ဒီဇင်ဘာ ၃၀ ရက်က တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
Published 30 December 2020
မင်းနိုင်စိုး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းရှိ မဲဝိုင်စခန်းကိစ္စသည် တပ်မတော်နှင့် ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ လက်တွဲဆောင်ရွက်နေသော ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် သွေဖည်နေသည့်အတွက် လက်အောက်တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းကြပ်မတ်ပေးရန် တပ်မတော်က KNU ထံ စာပေးပို့ထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ဒီဇင်ဘာ ၃၀ ရက်က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲတွင် လတ်တလောစစ်ရေးတင်းမာမှုဖြစ်ပွားနေသော မဲဝိုင်စခန်းနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ၎င်းက ထိုသို့ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ဖာပွန်ခရိုင်အတွင်း တပ်မတော်က တပ်စခန်းချထားသည့် မဲဝိုင်စခန်းအား ဖယ်ရှားပေးရန် KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNLA) က တောင်းဆိုနေပြီး အဆိုပါတပ်စခန်း ဖယ်ရှားပေးရေးနှင့်ပတ်သက်၍ တပ်မတော်နှင့် KNLA အကြား ပစ်ခတ်မှုများရှိခဲ့သကဲ့သို့ စစ်ရေးတင်မာမှုများလည်းရှိနေကာ KNU တပ်မဟာ (၅) ကလည်း တပ်မတော်ထံ ကန့်ကွက်စာများ ပေးပို့ထားကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“ အဲဒါတွေသည် ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုနဲ့ တပ်မတော်နဲ့ လက်တွဲဆောင်ရွက်နေတဲ့ ထာဝရငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ သွေဖည်လျက်ရှိတဲ့အတွက်ကြောင့် လက်အောက်တပ်ဖွဲ့ဝင်တွေကို ထိန်းသိမ်းကြပ်မတ်ပေးဖို့ဆိုပြီးတော့ KNU ကရင်အမျိုးသားအစည်းအရုံးဗဟိုကို တပ်မတော်အနေနဲ့ ဒါအကြောင်းကြားထားတယ်။ အကြောင်းကြားထားလျက်ရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ တွေ့ဆုံတဲ့အခါမှာ ဒီဟာသည် ဖြေရှင်းသွားနိုင်မယ်လို့ပဲ သွားနိုင်လိမ့်မယ်လို့ပဲ မျှော်လင့်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

တပ်မတော်နှင့် KNU တပ်မဟာ (၅) အကြား အငြင်းပွားမှုဖြစ်ပေါ်နေသော မဲဝိုင်စခန်းသည် ၁၉၈၃ ခုနှစ်မတိုင်မီကတည်းက ပင်ရှိနေခဲ့သော စခန်းတစ်ခုဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် အဆိုပါစခန်းဟောင်းမှ တပ်မတော်က ဆုတ်ခွာခဲ့ကာ လက်ရှိတည်ရှိနေသော မဲဝိုင်စခန်းတွင် ၁၉၉၅ ခုနှစ်ကတည်းက တပ်မတော်အနေဖြင့် လုံခြုံရေးဆောင်ရွက်ခဲ့ကြောင်း ၎င်းက ရှင်းလင်းသည်။

လက်ရှိ မဲဝိုင်စခန်းရွှေ့ပြောင်းရေးနှင့် ပတ်သက်၍ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နှင့် KNU တပ်မဟာ (၅) အကြား ညှိနှိုင်းဆွေးနွေးပြီးနောက် ရွှေ့ပြောင်းပေးရန် တပ်မတော်ဘက်က သဘောထားရှိခဲ့ကြောင်း KNU တပ်မဟာ (၅) ဘက်ကပြောကြားသော်လည်း အဆိုပါ စခန်းရွှေ့ပြောင်းရေးကိစ္စသည် အောက်ခြေတပ်ဖွဲ့ဝင်များအကြား ညှိနှိုင်းဖြေရှင်းရမည့်ကိစ္စ မဟုတ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

“ ဒီဟာနဲ့ပတ်သက်ပြီးတော့ စခန်းကိုရုပ်သိမ်းပေးခဲ့ဖို့ပြောဆိုခဲ့တယ်ဆိုပြီး ပြောဆိုခဲ့တာရှိတယ်။ ဒါတွေသည် အောက်ခြေကနေ ဖြေရှင်းဆောင်ရွက်ရမယ့်ကိစ္စ မဟုတ်ဘူး။ တရားဝင်နှစ်ဖက်ခေါင်းဆောင်တွေရဲ့ တရားဝင် ဆွေးနွေးပွဲကနေတစ်ဆင့် ညှိနှိုင်းဆောင်ရွက်ရမယ့်ကိစ္စတွေဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။

ဖာပွန်ခရိုင်အတွင်းရှိ မဲဝိုင်စခန်းအနီးတွင် တပ်မတော်စစ်ကြောင်းနှင့် KNU တပ်မဟာ (၅) အကြား ယခုလအတွင်း ပစ်ခတ်မှုများနှင့် စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကြောင့် ဒေသခံအချို့ နေရပ်စွန့်ခွာ ထက်ပြေးတိမ်းရှောင်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် မဲဝိုင်စခန်းအပါအဝင် တပ်မတော်တပ်စခန်းများ ရုပ်သိမ်းပေးရေးနှင့်ပတ်သက်၍လည်း ဖာပွန်ခရိုင်တွင် ဒီဇင်ဘာ ၃၀ ရက်က တပ်မတော်ကို ဒေသခံများက ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မဲဝိုင်စခန်းအပါအဝင် ဖာပွန်ခရိုင်အတွင်းရှိ တပ်မတော်၏တပ်စခန်းများအား ယခုနှစ်ကုန်ပိုင်းအတွင်း အပြီးတိုင်ရုပ်သိမ်းပေးရန် KNLA က ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုထားပြီး စခန်းပြောင်းရွှေ့ခြင်း မရှိပါက နောက်ဆက်တွဲဖြစ်ပေါ်လာမည့် ပြဿနာများသည် အစိုးရနှင့် တပ်မတော်တို့၏ တာဝန်သာဖြစ်ကြောင်း KNLA က ကြေညာချက်ထုတ်ပြန်ထားသည်။

Most Read

Most Recent