လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်တည်ဆောက်ခြင်းတို့ပါဝင်မည့် Amata Smart and Eco City စီမံကိန်းကို အိုး/အိမ်က ရာခိုင်နှုန်း ၂၀ နှင့် ထိုင်းနိုင်ငံ Amata က ရာခိုင်နှုန်း ၈၀ ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ

လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်တည်ဆောက်ခြင်းတို့ပါဝင်မည့် Amata Smart and Eco City စီမံကိန်းကို အိုး/အိမ်က ရာခိုင်နှုန်း ၂၀ နှင့် ထိုင်းနိုင်ငံ Amata က ရာခိုင်နှုန်း ၈၀ ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ
Amata Smart and Eco City တည်ဆောက်ရေးစီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-DICA)
Amata Smart and Eco City တည်ဆောက်ရေးစီမံကိန်းကို တွေ့ရစဉ် (ဓာတ်ပုံ-DICA)
Published 30 December 2020
နီလာ

လူနေအိမ်ခန်းများ၊ ရုံးခန်းများနှင့် စက်မှုဇုန် တည်ဆောက်ခြင်းတို့ ပါဝင်မည့် Amata Smart and Eco City စီမံကိန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရာခိုင်နှုန်း ၂၀ နှင့် Amata Asia (Myanmar) Limited က ရာခိုင်နှုန်း ၈၀ ဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

အဆိုပါ Yangon Amata Smart and Eco City စီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်း ပန္နက်တင်အခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

Yangon Amata Smart and Eco City သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် စီမံကိန်းဖြစ်ပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရာခိုင်နှုန်း ၂၀ နှင့် Amata Asia (Myanmar) Limited က ရာခိုင်နှုန်း ၈၀ တို့ဖြင့်ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

စီမံကိန်းဧရိယာဖြစ်သည့် ဧက ၂၀၀၀ တွင် လူနေအိမ်ရာများ၊ ရုံးခန်းများနှင့် စက်မှုဇုန်များ တည်ဆောက်ခြင်းတို့ ပါဝင်မည်ဖြစ်သည်။  စီမံကိန်းပြီးစီးပါက အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၃၀၀၀ ကျော် ဖန်တီးပေးနိုင်မည်ဖြစ်သည်။

Amata Smart and Eco City သည် စီမံကိန်းရေရှည်တည်တံ့မှုရှိစေရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစေရန် အခြေခံပြီး သင့်လျော်သည့် မြို့ပြဒီဇိုင်းတို့ကိုထည့်သွင်းရေးဆွဲထားသည့် စက်မှုဇုန်စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုရီးယား-မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု စီမံကိန်း (KMIC) ကို ဒီဇင်ဘာ ၂၄ ရက်တွင် စတင်တည်ဆောက်ပြီး Myanmar Singapore Industrial Park ကို ဆက်လက် အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

“ ရန်ကုန်တိုင်းဒေသကြီးရှိ သီလဝါအထူးစီးပွားရေးဇုန်ဟာ အောင်မြင်မှုရှိနေပြီး သာဓကကောင်းအနေနဲ့ တွေ့မြင်နိုင်ပါတယ်။ အလားတူစီမံကိန်းများကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ပထမဆုံးစီမံကိန်းအဖြစ် Korea-Myanmar Industrial Complex (KMIC) ကို ဒီဇင်ဘာ ၂၄ ရက်မှာ စတင်တည်ဆောက်နိုင်တော့မှာဖြစ်ပါတယ်။ အဲဒီနောက် ထိုင်းနိုင်ငံမှ AMATA Smart and Eco City နဲ့ မြန်မာနဲ့စင်ကာပူတို့ ဖက်စပ်ဆောင်ရွက်မယ့် Myanmar Singapore Industrial Park ကို ဆက်လက် အကောင်အထည်ဖော်သွားမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောကြားသည်။

ဒေါ်လာ သန်း ၁၂၀ ရင်းနှီးမြှုပ်နှံမည့် မြန်မာ-ကိုရီးယားစီးပွားရေးပူးပေါင်းမှု စက်မှုဇုန်စီမံကိန်းတွင် မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀၊ ကိုရီးယားက ရာခိုင်နှုန်း ၆၀ ဖြင့် တည်ဆောက်မည်ဖြစ်ပြီး တည်ဆောက်ရေးကာလ သုံးနှစ်ကြာမြင့်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

“ ဒီစီမံကိန်းမှာ ကိုရီးယားက ရာခိုင်နှုန်း ၆၀၊ မြန်မာနိုင်ငံက ရာခိုင်နှုန်း ၄၀ နဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်။ ကိုရီးယားက Korea Land and Housing Corporation နဲ့မြန်မာနိုင်ငံက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက Developer အနေနဲ့ ဖက်စပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

Most Read

Most Recent