ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် အစိုးရနှင့် KHCC တို့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ပြီးအိမ်ထောင်စုပေါင်း ၁၀၀၀ ကျော် နေရပ်ပြန်ရန် သဘောထားရရှိ

ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် အစိုးရနှင့် KHCC တို့ အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ပြီးအိမ်ထောင်စုပေါင်း ၁၀၀၀ ကျော် နေရပ်ပြန်ရန် သဘောထားရရှိ
ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် အစိုးရနှင့် KHCC တို့ အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးမှု ပြုလုပ်နေစဉ်
ကချင်စစ်ဘေးရှောင်များ နေရပ်ပြန်ရေးအတွက် အစိုးရနှင့် KHCC တို့ အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးမှု ပြုလုပ်နေစဉ်
Published 17 December 2020
မင်းနိုင်စိုး

ကချင်စစ်ဘေးရှောင်များ နေရပ်ပြန် နိုင်ရေးအတွက် အစိုးရနှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့် ရှောက်ရေးကော်မတီ (KHCC) တို့ ဒီဇင်ဘာ ၁၆ ရက်တွင်  Video Conferencing စနစ်ဖြင့် ဆွေးနွေးခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲတွင် အိမ်ထောင်စုပေါင်း ၁၀၀၀ ကျော် နေရပ်ပြန် ရန်သဘောထားရရှိခဲ့ကြောင်း KHCC မှ ဦးခါးလီက ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကချင် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများပြန်လည် နေရာချထားမှု အကောင်အထည်ဖော်ရေး ဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် KHCC တို့၏ ယခုအစည်းအဝေးသည် စတုတ္ထအကြိမ်မြောက် အစည်းအဝေးဖြစ်ပြီး တတိယအကြိမ်အထိ ပြုလုပ်ခဲ့ပြီးသောအစည်းအဝေး၌ရွာ ၁ရရွာ နေရပ်ပြန်ရန်သဘောတူညီမှုရရှိထားခြင်း ဖြစ်သည်။

“မနေ့ကဆွေးနွေးတဲ့အထဲမှာတော့ အခုရွာကိုးရွာ၊ အိမ်ထောင်စု ၁၀၀၀ ကျော် ပြန်ဖို့ အိမ်ထောင်စု ၁၀၁၈ အိမ်ထောင်စုပေါ့။ သူတို့ ဒီနေရပ်ပြန်ဖို့အတွက် ကျွန်တော်တို့ ၁၇ ရွာကို ထပ်မံပြီးတော့ အရင်က ၁၇ ရွာ ဏူကျ ကိုးရွာပေါ့နော်။အဲဒီလိုမျိုး ကျွန်တော်တို့ ထပ်မံပြီးတော့ ဆွေးနွေးခဲ့ကြပါတယ်” ဟု KHCC မှ ဦးခါးလီက ပြောကြားသည်။

ထို့ကြောင့် အစိုးရနှင့် KHCCတို့၏ စတုတ္ထအကြိမ်အစည်းအဝေးအပြီး ကချင်စစ် ဘေးရှောင်၂၆ ရွာ နေရပ်ပြန်နိုင်ခြင်းဖြစ်ပြီး ထိုသို့နေရပ်ပြန်နိုင်သော ရွာများနှင့်ပတ် သက်၍ ဒေသခံများ၏တင်ပြချက်အပေါ် KHCC က အစိုးရထံတင်ပြပေးခြင်း သာဖြစ် ကြောင်း ဦးခါးလီက ပြောကြားသည်။

အစိုးရနှင့် KHCC တို့ တတိယအကြိမ်အစည်းအဝေးအပြီး နေရပ်ပြန်ရန်သဘော တူညီမှုရရှိထားသည့် ကျေးရွာ ၁၇ ရွာတွင် ဒေသခံများ လုံခြုံစွာ နေထိုင်နိုင်ရေးအတွက် မိုင်းရှင်းလင်းရန်လိုအပ်သော ကျေးရွာများတွင် တပ်မတော်က မိုင်းရှင်းလင်းရေး လုပ် ငန်းများဆောင်ရွက်ပေးခဲ့ပြီး ယခုအခါထပ်မံ၍ သဘောထားရရှိခဲ့သော ရွာပေါင်း ကိုးရွာတွင် မိုင်းရှင်းလင်းရန် လိုအပ်ပါက တပ်မတော်ကပင် မိုင်းရှင်းလင်းရေးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခု ဒီနေရပ်ပြန်ရေးမှာ အဓိက မိုင်း ရှင်းလင်းတာကို တပ်မတော်ဘက်ကပဲ ပထမ ရှင်းလင်းတာဆိုတော့ ဒါကိုတိုင်းစစ်ဌာနချုပ်က ထပ်မံပြီးတော့ တင်ပြတာ ရှိပါတယ်။ အဲဒါလည်း ကျွန်တော်တို့ နားလည်ထားတဲ့ သဘောထားတွေ ဖြစ်တဲ့အတွက် တပ်မတော်ကပဲ သူတို့တာဝန်ယူပြီးတော့ အခုလောလောဆယ် နေရပ်ပြန်ဖို့ ဆောင်ရွက်နေတဲ့ မိုင်းရှင်း လင်းဖို့ လိုအပ်နေတဲ့ ရွာတွေမှာ တပ်မတော် ကနေပြီးတော့ ဒါကိုကြိုရှင်းလင်းဖို့ဆိုတာ ဆွေးနွေးခဲ့ပါတယ်” ဟု ဦးခါးလီက ပြောကြားသည်။

ထို့ပြင်အခြားသော အထွေထွေဆွေးနွေး မှုများအဖြစ် နေရပ်ပြန်နိုင်သော ရွာများတွင် လိုအပ်သည့် ကျန်းမာရေး၊ ပညာရေး၊ လျှပ်စစ် မီးနှင့်လမ်းပန်းဆက်သွယ်ရေးများကို လိုအပ် သလို ညှိနှိုင်းဆောင်ရွက်ကြရန် အစိုးရနှင့် KHCC တို့ ဆွေးနွေးခဲ့ကြကြောင်း ဦးခါးလီက ပြောကြားသည်။

စစ်ဘေးရှောင်ပြည်သူများ ပြန်လည် နေရာချထားရေးနှင့် စစ်ရှောင်စခန်းများ ပိတ်သိမ်းရေးကို ဦးစားပေးဆောင်ရွက် နေခြင်းသည် ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေးကို ဦးတည်ခြင်းဖြစ်ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဒီဇင်ဘာ ၁၆ ရက်တွင် Video Conferencing စနစ်ဖြင့် ပြု လုပ်ခဲ့သော အစိုးရနှင့် KHCC တို့၏ စတုတ္ထ အကြိမ် အစည်းအဝေးတွင် ပြောကြားသည်။

အစိုးရအနေဖြင့် ပြည်တွင်းနေရပ် စွန့် ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးကို ဦးစား ပေး ဆောင်ရွက်နေခြင်းသည် တိုင်းရင်းသား အရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဆောင် ရွက်ခြင်း ဖြစ်ပြီး ထာဝရငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည် ဆောက်ရေးအတွက် ဦးတည်ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

တိုက်ပွဲရှောင်များသည် လူသားများ ဖြစ်ကြသည့်အတွက် လူတစ်ဦးချင်းစီ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန် အစိုးရက အဓိကရည်ရွယ်၍ အကောင်အထည်ဖော် နေခြင်းဖြစ်ပြီး အစိုးရအနေဖြင့် တိုင်းရင်း သားများနှင့် လက်တွဲဆောင်ရွက်မှုကို ပိုမို မြှင့် တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည် ထောင်စုဝန်ကြီးက ပြောကြားသည်။

ထို့ပြင် အမျိုးသားအဆင့် မဟာဗျူ ဟာ အရ လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်စွာသွားလာခွင့်ကဏ္ဍတွင် ပြန်လည်နေရာချထားမည့်နေရာများနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်ရမည့်နေရာများတွင် လူသားချင်း စာ နာထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းခြင်းလုပ်ငန်းများ (Humanitarian Demining)) ဆောင်ရွက်နိုင်ရန် ညှိနှိုင်းပေါင်းစပ်ပေးခြင်း အပါအဝင် ဘေးကင်းလုံခြုံရေးအစီအမံများ ကို တိုးမြှင့်ဆောင်ရွက်ပေးရန် အထူးလိုအပ် ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ထို့နောက် KHCC က တတိယအကြိမ် အစည်းအဝေးဆုံးဖြတ်ချက်များမှ လက်ရှိ အ ကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ နေရပ်ပြန်ကျေးရွာ ၁၇ ရွာ အကောင် အထည်ဖော်ရေး ဆိုင်ရာကိစ္စများ၊ ၀ိုင်းမော် - ကန်ပိုင် တီလမ်းမပေါ်ရှိ ကျေးရွာများနှင့် စိန်လုံ၊ လွယ်ဂျယ်လမ်းမပေါ်ရှိ ကျေးရွာများ နေရပ်ပြန်ရေး ကိစ္စများ၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ၏ နေအိမ်ပုံစံနှင့် ကုန်ကျစရိတ်ကိစ္စများနှင့် လူ သားချင်းစာနာထောက်ထားမှု မိုင်းအန္တရာယ်ဆိုင်ရာသင်တန်းကိစ္စများကို တင်ပြ ဆွေးနွေးခဲ့ကြောင်းသိရသည်။

အစည်းအဝေးသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ် ဌာနချုပ်မှ ဖိတ်ကြားထားသူများ၊ ကချင် ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs ) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ဝင်များနှင့်  KHCC အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။