NLD ပါတီနှင့် ဆွေးနွေးချိန်တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့၌ ပါဝင်ရေးကိစ္စကို စတင်တောင်းဆိုရန် မရှိဟု SNLD ပါတီပြောကြား

NLD ပါတီနှင့် ဆွေးနွေးချိန်တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့၌ ပါဝင်ရေးကိစ္စကို စတင်တောင်းဆိုရန် မရှိဟု SNLD ပါတီပြောကြား
Published 16 December 2020
ဉာဏ်လင်းထွန်း

NLD ပါတီနှင့် ဆွေးနွေးချိန်တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့၌ ပါဝင်ရေးကိစ္စကို စတင်တောင်းဆိုမည် မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD)  အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောကြားသည်။

မကြာမီကာလအတွင်း တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ပြီး တိုင်းရင်းသားပါတီများဘက်မှလည်းအစိုးရအဖွဲ့တွင် ပါဝင်သင့်သူများအားတင်ပြနိုင်ကြောင်း NLD ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဒီဇင်ဘာ ၁၂ ရက် ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် မီဒီယာများကိုပြောကြားခဲ့သည်။

NLD ပါတီက တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းလာလျှင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်နှင့် တန်းတူညီမျှရေးကို အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးအ အချက်အပေါ်သာ မူတည်ဆွေးနွေးမည်ဟု ဦးစိုင်းလိတ်က ပြောကြားသည်။

“ကျွန်တော်တို့ဘက်က စပြီးပြောဖို့ (အစိုးရအဖွဲ့တွင် ပါဝင်ရေး) မရှိဘူးဗျ။ အဲဒီ စကားလုံးမျိုးကိုလေ။ ကျွန်တော်တို့ကအစပြု ပြီး တောင်းဆိုဖို့မရှိဘူးလို့ ဆိုလိုတာ။ ကိုယ်ကစပြီးတော့မှ ဒါတော့ ပေးပါဆိုတာမျိုး လုပ်မှာမဟုတ်ဘူးဆိုလိုတာပါ” ဟု SNLD ပါတီအထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်ကပြောကြားသည်။

တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေး နွေးမည့် အဖွဲ့တစ်ခုကိုပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာအောင်မိုးညို၊ ဒေါ်နန်းခင်ထွေးမြင့်နှင့် ဦးအင်ထုံခါးနော်ဆမ်တို့ဖြင့် ဒီဇင်ဘာ ၁၂ ရက် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတွင် ဖွဲ့စည်းခဲ့သည်။

တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေး နွေးမှုသည် အစိုးရဖွဲ့စည်းရေးထက် အနာဂတ်  ပြည်ထောင်စုသစ် ပုံသဏ္ဌာန်ကိုသဘော တူညီမှုရရှိရန်ဖြစ်ကြောင်း၊ သို့သော် တိုင်း ရင်းသားပါတီများဘက်က ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့များတွင် ပါဝင်သင့်သူများကိုတင်ပြခြင်းများရှိလာလျှင် ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး တစ်ခါတည်းပယ်ချမည်မဟုတ်ကြောင်းNLD ပါတီဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ဒီဇင်ဘာ ၁၂ ရက် ဗဟိုအလုပ်အမှု ဆောင် အစည်းအဝေးအပြီး မီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားထားသည်။

NLD ပါတီသည် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးတွင် ပူးပေါင်းပါဝင်ရန် တိုင်းရင်းသားပါတီ ၄၈ ပါတီ ကို နိုဝင်ဘာ ၁၁ ရက်နေ့စွဲဖြင့် စာပေးပို့ဖိတ် ခေါ်ခဲ့ပြီးနောက် တိုင်းရင်းသားပါတီများနှင့် တွေ့ဆုံဆွေးနွေးမည့်အဖွဲ့ ဖွဲ့စည်းလာခြင်း ဖြစ်သည်။

ယင်းအဖွဲ့သည် တိုင်းရင်းသားပါတီ ၄၀ ကျော်ထံပေးပို့ထားသည့်    အိတ်ဖွင့်ပေးစာနှင့်ပတ်သက်၍ ချိတ်ဆက်ဖွဲ့စည်းသည့် အဖွဲ့ တစ်ခုဖြစ်ပြီးတွေ့ဆုံဆွေးနွေးမှုများကို ဇန်နဝါရီလအတွင်း ပြုလုပ်သွားဖွယ်ရှိသည်။

အဆိုပါအဖွဲ့အနေဖြင့် တိုင်းရင်းသား ပါတီများနှင့် တွေ့ဆုံရာတွင် ၎င်းတို့၏ လိုလားချက်များနှင့် သဘောထားများကို မေးမြန်းကာ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ထံ ပြန်လည်တင်ပြမည်ဖြစ်ပြီး တစ်ထိုင်တည်းအဆုံးအဖြတ်ပေးမည်မဟုတ်ဟု ဒေါက်တာအောင်မိုးညိုက မီဒီယာအချို့က ဖြေကြား ထားသည်။

NLD ပါတီ၏ ပေးပို့စာကို တရားဝင် အကြောင်းပြန်ကြားသည့် ပါတီများနှင့် ပေးပို့ စာအပေါ် ကြိုဆိုကြောင်းထုတ်ဖော်ပြောကြားသည့် ပါတီများကိုဦးစွာတွေ့ဆုံဆွေးနွေး သွားမည်ဟု NLD ပါတီ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က ပြော ကြားထားသည်။

SNLD ပါတီသည် NLD ပါတီပေးပို့စာ အပေါ် တရားဝင်အကြောင်းပြန်ခြင်းမရှိသော်လည်း စာပါအကြောင်းအရာများနှင့် ပက်သက်၍ ကြိုဆိုကြောင်းထုတ်ဖော်ပြောကြားထားရာ နှစ်ပါတီကြားတွေ့ဆုံဆွေးနွေး ဖွယ်ရှိကြောင်း ယူဆရသည်။

အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းမည်ဟုပြောကြားထားသည့် အဖွဲ့အစည်း တစ်ခုအနေဖြင့် အမျိုးသားညီညွတ်ရေး လက္ခဏာနှင့် ပြည့်စုံရန် မည်သူကမည်သည့် နေရာတွင် ပါဝင်သင့်သည်ဆိုသောစဉ်းစားထားချက်ကိုဆွေးနွေးချိန်တွင် ဦးစွာချပြသင့်ကြောင်း ဦးစိုင်းလိတ်က ပြောကြားသည်။

“အဲဒါမှပဲ ဆွေးနွေးပုံစံက ပိုပြီးတော့မှ အဓိပ္ပာယ်ရှိမယ်လို့ မြင်တယ်လေ။ အဲဒီတော့ သူတို့တွေတောင်းဆိုတာကဘာလဲ၊ နင်တို့ တွေ ဘာပေးနိုင်မလဲဆိုတဲ့ အခင်းအကျင်းမျိုးနဲ့က အထက်အောက်ဆန်လွန်းပါတယ်ဗျာ” ဟု ၎င်းက ပြောကြားသည်။

SNLD ပါတီသည် ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲတွင် လွှတ်တော် မဲဆန္ဒနယ် ၄၂ နေရာအနိုင်ရရှိပြီး တတိယအများဆုံး အနိုင်ရပါတီဖြစ်သည်။

 

Most Read

Most Recent