ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရသည့် နယ်မြေများတွင် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်ရေး သက်ဆိုင်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ မေတ္တာရပ်ခံ

ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရသည့် နယ်မြေများတွင် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်ရေး သက်ဆိုင်သည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ မေတ္တာရပ်ခံ
ဓာတ်ပုံ - Myanmar President Office
ဓာတ်ပုံ - Myanmar President Office
Published 15 December 2020
ပြည့်ဖြိုးအောင်

ရခိုင်ပြည်နယ်ရှိ ရွေးကောက်ပွဲရွှေ့ဆိုင်းခဲ့ရသည့် နယ်မြေများတွင် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်ရေး သက်ဆိုင်သည့်ပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ကူညီဆောင်ရွက်ပေးရန် မေတ္တာရပ်ခံကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ကျရောက်သည့် (၄၆) ကြိမ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတက လွတ်လပ်၍ တရားမျှတသည့်ရွေးကောက်ပွဲများ ကျင်းပနိုင်သည့် လုံခြုံရေး အခြေအနေမရှိသဖြင့် ရွေးကောက် ပွဲရွှေ့ဆိုင်းခဲ့ရသော ရခိုင်ပြည်နယ်ရှိ နယ်မြေဒေသများ၊ ယင်းနယ်မြေဒေသများရှိ ပြည်သူများအားလုံး အတွက်လည်း အထူးပင် စိတ်မကောင်းဖြစ်ရကြောင်း၊ ယင်းနယ်မြေဒေသများ တည်ငြိမ်အေးချမ်းပြီး လွတ်လပ်၍ တရား မျှတသည့် ရွေးကောက်ပွဲများ အမြန်ဆုံးကျင်းပနိုင်သည့် အခြေအနေရောက်ရှိအောင် သက်ဆိုင်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအားလုံးက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်လည်း အထူး မေတ္တာရပ်ခံအပ်ကြောင်း ပြောကြားသည်။

ထို့ပြင် မိမိတို့ အစိုးရအဖွဲ့ အနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကို အလေးထားဆောင်ရွက် လျက်ရှိပြီး ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရေးနှင့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေး အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ( ၂၁) ရာစု ပင်လုံအစည်းအဝေးများကို လေးကြိမ်တိုင်ကျင်းပခဲ့ပြီး  ၂၀၂၀ အလွန် ဆက်လက် လျှောက်လှမ်းမည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် အဆင့်လိုက်အကောင်အထည် ဖော် မှုများ သဘောတူညီနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်၍လည်း အပြန်အလှန်ယုံကြည်မှု ၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် အမျိုးသားညီညွတ်ရေးကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက်ကာ ငြိမ်းချမ်းသာယာ ဝပြောသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီးကို ပြည်သူ့အင်အားဖြင့် မလွဲမသွေတည်ဆောက်နိုင်မည်ဟု ယုံကြည် ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ထိုသို့ ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရန် အခြေအနေကောင်းများ ရရှိ နေသည့်အချိန်တွင် ယခင် ဆယ်စုနှစ်ပေါင်း များစွာ အေးချမ်းတည်ငြိမ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ တစ်ဖန် ဖြစ်ပွားနေသည်မှာ များစွာစိတ်မကောင်းဖွယ်ရာဖြစ်ပြီး ရခိုင်ပြည်နယ်သည် ဆန် ၊ ရေ၊ စပါး၊ သား၊ ငါးနှင့် သယံဇာတများ ပေါများကြွယ်ဝသော်လည်း မြန်မာနိုင်ငံ၏အခြား တိုင်းဒေသကြီး/ပြည်နယ်များနည်းတူ ဘက်စုံဖွံ့ဖြိုးရန် လိုအပ်ချက်များ ရှိနေ ဆဲဖြစ်ကြောင်း၊ ထိုသို့ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်ချက်များရှိနေဆဲကာလတွင် လက်နက်ကိုင်ပဋိပက္ခကြောင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ များစွာနှောင့်နှေးရသလို ဒေသခံပြည်သူအချို့မှာ မိမိတို့ ဒေသတွင်ပင် ဆက်လက်နေထိုင်ရန်ခက်ခဲသည့်အတွက် စစ်ဘေးရှောင်များဖြစ်နေရသည်မှလည်း များစွာဝမ်းနည်းဖွယ်ရာဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ဒီမိုကရေစီအသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းနေသည့် မိမိတို့ နိုင်ငံတွင် တိုင်းရင်းသားအားလုံး မိမိတို့လိုလား ချက်များကို ရွေးချယ်ခံကိုယ်စားလှယ်များမှ တစ်ဆင့် လွှတ်တော်အသီးသီးတွင် တင်ပြတောင်းဆိုနိုင်သလို ပြည်ထောင်စု ငြိမ်း ချမ်းရေး ညီလာခံ -(၂၁) ရာစု ပင်လုံအစည်းအဝေးများတွင်လည်း တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်သည့် နိုင်ငံရေးလမ်းကြောင်းများ ဖွင့်ထားပြီးဖြစ်ကြောင်း၊ မိမိတို့တိုင်းရင်းသားများ အခွင့်အရေး အတွက် လက်နက်ကိုင်နည်းလမ်းဖြင့် တောင်းဆိုခြင်းသည် ဒေသခံပြည်သူများအား အထိခိုက် အနစ်နာဆုံးဖြစ်စေသည်ကို သက်ဆိုင်သူများအားလုံး သတိပြုသင့် နိုင်ငံတော်သမ္မတက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း စစ်တွေခရိုင်၊ မောင်တောခရိုင် ၊ မြောက်ဦးခရိုင် ၊ ကျောက်ဖြူ ခရိုင်များရှိ တိုက်ပွဲရှောင်ပြည်သူများအား ၂၀၁၉ခုနှစ် အောက်တိုဘာ ၁ ရက် မှ ၂၀၂ဝခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဆန်၊ ဆီ၊ ပဲ၊ ဆား စသည့်ရိက္ခာတန်ဖိုး ငွေကျပ် ၃ ဒသမ ၇၃၉ ဘီလီယံကျော် ထောက်ပံ့ပေးခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲရှောင်ပြည်သူများ ယာယီခိုလှုံနိုင်ရေးအတွက် ပုဏ္ဏားကျွန်း၊ ကျောက်တော် မင်းပြား၊ ရသေ့တောင် ၊ မြောက်ဦး၊ ၊ ဘူးသီးတောင်နှင့် မြေပုံစသည့် မြို့နယ် ၇ ခု၌ ယာယီခိုလှုံရာစခန်း၈ ခုကို ကျပ် ၂ ဒသမ ၀၃၇ ဘီလီယံ အကုန်အကျ ခံ တည်ဆောက်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆက်လက်ပြီး  အမ်းမြို့နယ်၌ ယာယီခိုလှုံရာစခန်း ၁ ခုကို ကျပ် ၂၃၃ ဒသမ ၄၅၀ သန်း အကုန်အကျခံ၍ တည်ဆောက်လျက်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း (COVID-19) ကပ်ရောဂါဖြစ်ပွားနေချိန်ကာလ ပုံမှန်ဝင်ငွေ မရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများ အား ပြည်ထောင်စုမှ အခြေခံစားသောက်ကုန် ပစ္စည်း ၅ မျိုးအပါအဝင် ငွေသားထောက်ပံ့ခြင်းအတွက် ငွေကျပ် ၃၃ ဘီလျံကျော် နှင့် ပြည်နယ်အစိုးရအဖွဲ့ မှ ဆန်ရိက္ခာအပါအဝင် ငွေသားထောက်ပံ့ခြင်းအတွက် ငွေကျပ် ၂ ဒသမ၂၉ ဘီလျံကျော် ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။

 

 

Most Read

Most Recent