ရွေးကောက်ပွဲမတိုင်ခင် တစ်ရက်အလိုမှသာ ၎င်းယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်တွင် မဲစာရင်းများရရှိခဲ့ခြင်းကြောင့် မဲစာရင်းစစ်ဆေးရန် အချိန်မလုံလောက်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြောကြား

ရွေးကောက်ပွဲမတိုင်ခင် တစ်ရက်အလိုမှသာ ၎င်းယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်တွင် မဲစာရင်းများရရှိခဲ့ခြင်းကြောင့် မဲစာရင်းစစ်ဆေးရန် အချိန်မလုံလောက်ခဲ့ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပြောကြား
ဒီဇင်ဘာ ၁၁ ရက်က ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
ဒီဇင်ဘာ ၁၁ ရက်က ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Published 12 December 2020
အောင်မင်းသိန်း

ရွေးကောက်ပွဲမတိုင်ခင် တစ်ရက်အလိုမှသာ ၎င်းယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်တွင် မဲစာရင်းများရရှိခဲ့ခြင်းကြောင့် မဲစာရင်း စစ်ဆေးရန် အချိန်မလုံလောက်ခဲ့ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသောင်းအေးက ပြောကြားသည်။

ဦးသောင်းအေးသည် ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ လက်ရှိပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သည်။

ဒီဇင်ဘာ ၁၁ ရက် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းကျောင်းခန်းမဆောင်၌ ပြုလုပ်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲဆိုင်ရာရှင်းလင်းပွဲတွင် မဲစာရင်းများ လက်ထဲတွင် ရှိနေလျက်နှင့် မည်သည့်အတွက်ကြောင့် လက်ရှိအချိန်မှ မဲစာရင်းထပ်နေခြင်းများကို ရှာဖွေဖြစ်ခြင်းဖြစ်သနည်းဆိုသည့် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ဦးသောင်းအေးက အထက်ပါအတိုင်း ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

“ တကယ်တော့ မဲစာရင်းဆိုတာ UEC ကလည်းပဲ ဒီဇင်ဘာ ၇ ရက်နေ့ကလည်း အဲဒီမဲစာရင်းတွေ ဘယ်လိုပေးပါတယ်။ ဘယ်လိုထုတ်ပါတယ်။ ဘယ်လိုကူးပါတယ်နဲ့ရေးထားတယ်။ ကျွန်တော်ပြလိုက်တဲ့ Video File တစ်ခုမှာလည်းပဲ တွေ့ပါလိမ့်မယ်။ မဲစာရင်းဆိုတဲ့အထဲမှာ တစ်ချို့ကလည်း နားလည်လို့ ပြောတာရှိတယ်။ တစ်ချို့ကလည်း နားမလည်လို့ပြောတာရှိတယ်။ အခုကျွန်တော်ကိုင်ပြောတာက မဲစာရင်း ပုံစံ (၁)၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိတဲ့လူတွေရဲ့ စာရင်းပေါ့ဗျာ။ အဲဒီစာရင်းဟာ ကျွန်တော်တို့ဘယ်နေ့ရလဲလို့ပြောရင် ရွေးကောက်ပွဲမကျင်းပမီ တစ်ရက်အလိုမှာမှ ကျွန်တော်တို့ရတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့ဆီက မြို့နယ်က မဲရုံမှာတာဝန်ထမ်းဆောင်တဲ့ပုဂ္ဂိုလ်က ကျွန်တော်တို့မရဘူး၊ ဟိုပါတီကတော့ရနေတယ်ဆိုပြီးတော့ တရားစွဲတာပဲ။ ဒီ UEC ရဲ့ ထုတ်ပြန်ချက်ထဲမှတော့ ဘယ်တုန်းကတည်းက ပေးထားတယ်၊ ဘာတွေပေးထားတယ်။ ဘာညာနဲ့ရေးထားတာတွေရှိတယ်။ ဒါဟာ ဥပဒေအရတော့ မှန်တယ်။ ဒါပေမဲ့ တကယ်မြေပြင်မှာရလား။ မရလားဆိုတာ ကျွန်တော်တို့က တောင်းခံတဲ့ လူတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ သိတယ်။ ပြောရရင်မရဘူး။ အုပ်ချုပ်ရေးရုံးနဲ့ ခုနက ရွေးကော်မှာ ကပ်ထားတဲ့မဲစာရင်းလေးကတောင် ဓာတ်ပုံရိုက်ခွင့်မရှိဘူး။ အခု ဒီမဲစာရင်းဟာ ကျွန်တော်တို့ရွေးကောက်ပွဲ ၈ ရက်နေ့မတိုင်မီ တစ်ရက်အလိုမှ ကျွန်တော်တို့ ရတယ်။ အဲဒါကြောင့်မလို့ ခုနကမေးတဲ့ မေးခွန်းအရကျွန်တော်တို့က ကြိုပြီးတော့ ဒီဟာတွေ စစ်လို့မရဘူး။ စစ်ဖို့အချိန် မလုံလောက်ဘူးလို့ ကျွန်တော်တို့ဥက္ကဋ္ဌကိုယ်တိုင် ပြောထားတယ်” ဟု ဦးသောင်းအေးက ပြောကြားသည်။

မဲစာရင်းများထုတ်ပေးရာတွင်လည်း CD ခွေနှင့် ပေးခြင်းဖြစ်ပြီး PDF Format ဖြစ်ခြင်းကြောင့် ဖတ်၍သာရကြောင်း၊ မဲစာရင်း စစ်ဆေးရာတွင်လည်း ရိုးရိုးစစ်၍ မရဘဲ Format ပြောင်းလဲ၍ စစ်ဆေးရခြင်းဖြစ်ပြီး ခက်ခဲသည့် အလုပ်ကို လုပ်ထားခြင်းကြောင့် မတရားမှုကို ကြိုတင်ကြံစည်ထားသည်ဆိုခြင်းက ထင်ရှားနေကြောင်း ဦးသောင်းအေးက ပြောကြားသည်။

ဦးသောင်းအေးက “ အဲတော့ မဲစာရင်းကို ကျွန်တော်တို့က ကြိုမရပါဘူးလို့ ပြောချင်တာ။ အခုမှ ခင်ဗျားပြောချင်တဲ့ အဓိပ္ပာယ်ကတော့ နည်းနည်းလေး ခပ်နာနာလေး ပြောမယ်ဆိုရင်ခင်ဗျားတို့ကရှုံးမှ ဘာလို့လာတာလဲဆိုတဲ့မေးခွန်းမျိုးပါပဲ။ ကျွန်တော် ဒီလိုနားလည်လိုက်တယ်။ အဲတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ပျော်ဘွယ်မှာကျွန်တော်ပြောခဲ့တဲ့ စကားတွေ၊ Video File တွေရှိပါတယ်။ ကျွန်တော်တို့ရှုံးချင်၊ နိုင်ချင်လို့ ပြောနေတာမဟုတ်ဘူး။ တိုင်းပြည်ကောင်းဖို့အတွက် ပြောနေတာ။ ခင်ဗျားတို့ အားလုံးကလည်းပဲ အဲဒီလမ်းကြောင်းပေါ်မှာ ရပ်တည်စေချင်တယ်” ဟု ပြောကြားသည်။

ရွေးကောက်ပွဲရှုံးခြင်း၊ နိုင်ခြင်းသည် မဲစာရင်းအပေါ်တွင်မူတည်နေပြီး ဆန္ဒမဲတစ်ကြိမ်မက ပေးနိုင်ရန်လုပ်ထားခြင်းကြောင့် မဲများ အများအပြားဖောင်းပွသွားခြင်း၊ မြေပြင်တွင်ဖြစ်ပွားသည့် ဖြစ်စဉ်များတွင်လည်း သက်သေခံလက်မှတ်ထား ဖောင်းပွနေခြင်းနှင့် အသက်မပြည့်သေးသော မဲဆန္ဒရှင်များ မဲပေးနေသည့် ဖြစ်စဉ်များလည်း အများအပြားရှိကြောင်း ဦးသောင်းအေးက ပြောကြားသည်။

“ကိုယ့်တိုင်းပြည်နဲ့ကိုယ့်လူမျိုး ကောင်းစားစေချင်ရင်တော့ ကျွန်တော်တို့ ခုနက ပြောခဲ့တဲ့ ကျွန်တော်ဒါဟာတကယ်ကို အချိန်ရောလူရော အပင်ပန်းအဆင်းရဲခံပြီးတော့ သာမန် ဒီအတိုင်း ဖော်ထုတ်လို့ရတာမဟုတ်ဘူး။ နည်းပညာတွေသုံးပြီးတော့မှ ကျွန်တော်တို့ ဖော်ထုတ်ယူရတာ။ သူတို့ကလည်း နည်းပညာတွေသုံးပြီးတော့မှ ဒီလိုကွယ်ဝှက်ထားတာ။ ဒါကြောင့်မလို့ ဒါကိုရအောင်လုပ်ထားတဲ့ Result ကို ကျွန်တော်က ဒီနေ့ရှင်းပြတာ။ ဒီအပေါ်မှာ စိတ်ဝင်စားစေချင်တယ်။ အဲလို ဒီလိုဖြစ်တဲ့အတွက် ဒီမဲရလဒ်က ပြောင်းလဲသွားတာ။ နောက်ဆုံးနိဂုံးချုပ်မှာ ကျွန်တော် ရှင်းပြပြီးပြီ။ မဲ ၄၀၀၀၀ ကျော် ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ အဲတော့လူမရှိဘဲ မဲတွေရှိနေတဲ့ သဘောဖြစ်တယ်။ ဒါတွေကို နည်းနည်း စဉ်းစားပေးကြပါ” ဟု ဦးသောင်းအေးက ပြောကြားသည်။

ထို့ပြင် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး နောက်ပိုင်းရက်များမှသာ မဲစာရင်းရရှိမှုများရှိပြီး မဲစာရင်းမရရှိသည့် မြို့နယ်များလည်းရှိကြောင်း ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝေလွင်က ပြောကြားသည်။

Most Read

Most Recent