NLD အစိုးရ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတွင် ပူးပေါင်းပါဝင်မည်ဟု ကရင်ပြည်သူ့ပါတီ ထုတ်ပြန်

NLD အစိုးရ အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတွင် ပူးပေါင်းပါဝင်မည်ဟု ကရင်ပြည်သူ့ပါတီ ထုတ်ပြန်
Published 1 December 2020
ဉာဏ်လင်းထွန်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးနှင့် တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်ရေး လုပ်ငန်းစဉ်များတွင် နိုင်ငံတော်၏ငြိမ်းချမ်းရေးကို ရှေးရှု၍ ပူးပေါင်းပါဝင်မည်ဟု ကရင်ပြည်သူ့ပါတီ (KPP) က ထုတ်ပြန်သည်။

အနာဂတ် မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စဆိုသည့် ခေါင်းစဉ်ဖြင့် NLD ပါတီ၏ အိတ်ဖွင့်ပေးစာအပေါ် အထက်ပါအတိုင်း နိုဝင်ဘာ ၂၈ ရက်က အကြောင်းပြန်စာပေးပို့ခြင်းဖြစ်ကြောင်း KPP ပါတီက ထုတ်ပြန်သည်။

“ ကျွန်တော်တို့ တိုင်းရင်းသားတွေက ဖက်ဒရယ် သွားချင်တဲ့သဘော ရှိတယ်လေ။ အဲဒီတော့ ဒီနေရာမှာ ဒီမိုကရေစီ ဖက်ဒရယ် သွားမယ်လို့လည်း ပြောလာတဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ ဘာမှ စောဒကတက်စရာမလိုပါဘူး။ ဒါကျွန်တော်တို့သွားချင်တဲ့လမ်းကြောင်းပဲလေ” ဟု ကရင်ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

အနာဂတ်တွင် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး မမှိတ်မသုန်ကြိုးပမ်းသွားမည်နှင့် တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားဆောင်ရွက်သွားမည့်အချက်များ ဖော်ပြပါရှိသည့် နိုဝင်ဘာ ၁၁ ရက် ရက်စွဲဖြင့် ပေးစာကို တိုင်းရင်းသားပါတီ ၄၈ ပါတီထံ NLD ပါတီက ပေးပို့ခဲ့သည်။

NLD ပါတီ၏ပေးစာသည် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို များစွာအထောက်အကူပြုစေမည်ဟု နားလည်ရသဖြင့် အားရဝမ်းသာဖြစ်ကြောင်း KPP ပါတီ အကြောင်းပြန်စာတွင် ဖော်ပြပါရှိသည်။

“ ကျွန်တော် ထင်တယ်လေ။ သူတို့ ငြိမ်းချမ်းရေးကတော့ မလွဲမသွေ ဖော်ဆောင်ရမှာပဲ။ အဲဒီတော့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုရင် အစိုးရသစ်အနေနဲ့ကတော့ မူတစ်ခုကတော့ သူတို့ချရမှာပေါ့။ ဘယ်လိုမူနဲ့ ရှေ့ဆက်သွားမယ်ဆိုတာ ချပြရမှာပေါ့။ အဲဒီတော့ အခုလည်း ဒါ စပြီးတော့ ချပြတဲ့ သဘောလို့ပဲ မြင်တာပေ့ါ။ ဒီအတိုင်းသာ သွားမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်က အလားအလာကောင်းပါတယ်လို့ ပြောရမှာပေါ့နော်” ဟု ဦးစောထွန်းအောင်မြင့်က ပြောကြားသည်။

ကရင်ပြည်သူ့ပါတီ (KPP) သည် ၂၀၂၀ ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းနှင့် ကရင်ပြည်နယ် အပါအဝင် တိုင်းဒေသကြီး ပြည်နယ်အချို့တွင် ကိုယ်စားလှယ်လောင်း ၇၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲဆန္ဒနယ်တစ်နေရာ အနိုင်ရခဲ့သည်။

NLD ပါတီပေးစာနှင့် စပ်လျဉ်း၍ အကြောင်းပြန်ကြားသည့် တိုင်းရင်းသားပါတီအချို့ရှိသလို ကြိုဆိုသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသည့် ပါတီအချို့လည်း ရှိသည်။

ကရင်ပြည်သူ့ပါတီမတိုင်မီ ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က NLD ပါတီ ပေးစာအပေါ် အကြောင်းပြန်ကြားခဲ့ကြောင်း ယင်းပါတီများ၏ ထုတ်ပြန်ချက်အရသိရပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ မွန်ညီညွတ်ရေးပါတီတို့က ပေးစာအပေါ် ကြိုဆို၊ အကောင်းမြင်သော်လည်း အကြောင်းပြန်ကြားမည် မဟုတ်ကြောင်း ပြောကြားသည်။

Most Read

Most Recent