ပထမလှိုင်းထက် အဆ ၃၀၀ ခန့် ကူးစက်ခံနေရသည့် COVID-19 ဒုတိယလှိုင်း ရိုက်ခတ်မှုကို အရှုံးပေးရတော့မလား

ပထမလှိုင်းထက် အဆ ၃၀၀ ခန့် ကူးစက်ခံနေရသည့် COVID-19 ဒုတိယလှိုင်း ရိုက်ခတ်မှုကို အရှုံးပေးရတော့မလား
COVID-19 ကုသရေးဌာန၊ ဖောင်ကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် လူနာများကို ကုသမှုပေးနေပုံ  (ဓာတ်ပုံ- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)
COVID-19 ကုသရေးဌာန၊ ဖောင်ကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် လူနာများကို ကုသမှုပေးနေပုံ  (ဓာတ်ပုံ- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန)
Published 1 December 2020
ဇော်မင်းနိုင်

“ကျွန်တော့်အမြင်ပြောရရင် COVID-19 Second Wave မှာ ကျွန်တော်တို့ ရှုံးသွားခဲ့ပါပြီ။ လူနေထူထပ်တဲ့ မြို့ကြီးတွေ ဆက်တိုက်တိုး ဖြစ်လာပါပြီ။ လူသေနှုန်း တက်လာပါပြီ” ဟု မြဝတီဆေးရုံအုပ်ကြီး ဒေါက်တာနန္ဒဝင်း (ဆေး- ၁) က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။

ဒေါက်တာနန္ဒဝင်းမှာ ကရင်ပြည်နယ် မြဝတီခရိုင်မှ ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူးဖြစ်ပြီး မြဝတီဆေးရုံ၏ ဆေးရုံအုပ်တာဝန်အား ပူးတွဲထမ်းဆောင်လျက်ရှိသူဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တစ်လကြာ လာရောက်ကူညီကုသခဲ့သူ ဖြစ်ကာ လက်ရှိတွင် COVID-19 ကူးစက်ခံရသဖြင့် တောင်ဥက္ကလာပမြို့နယ်ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသူတစ်ဦး ဖြစ်သည်။

တရုတ်နိုင်ငံမှ အစပြုကူးစက်လာခဲ့ပြီး  ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် သတ်မှတ်ထားသည့် COVID-19 ရောဂါမှာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်မှာ ကိုးလနီးပါးအထိ ကြာမြင့်လာပြီ ဖြစ်သည်။

COVID-19 ပထမလှိုင်းဟု ဆိုနိုင်သည့် မတ်လမှ မေလအထိဟု သတ်မှတ်နိုင်ပြီး ဒုတိယလှိုင်းကိုမူ သြဂုတ်လမှ စတင်ပြီး လက်ရှိအချိန်အထိဟု သတ်မှတ်နိုင်သည်။

ပထမလှိုင်းတွင် ရောဂါကူးစက်ခံရသူ ၃၀၀ ကျော်နှင့် သေဆုံးသူ ရှစ်ဦးအထိသာ ရှိခဲ့သော်လည်း ဒုတိယလှိုင်းတွင်မူ ကူးစက်သူ အရေအတွက်မှာ တစ်ရက်လျှင် တစ်ထောင် ကျော်ရှိနေသည်ဟု ဆိုရမည် ဖြစ်သည်။

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဘဏ်ဝန်ထမ်းတစ်ဦးမှ စတင်ကူးစက်ခဲ့သည့် COVID-19 ရောဂါပိုးမှာ ဒုတိယလှိုင်းအစဟု ဆိုရမည်ဖြစ်ပြီး ရောဂါပိုးအမျိုးအစားမှာလည်း မျိုးဗီဇ ပြောင်းလဲလာသဖြင့် ကူးစက်မှုနှုန်းမှာ ဆယ်ဆခန့်အထိ မြန်ဆန်သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။

ရခိုင်တွင် ရောဂါဖြစ်ပွားမှုစတင်သည့် အချိန်ကတည်းက ရောဂါကူးစက်ခံရသူနှင့် ထိတွေ့ခဲ့သူများကို လိုက်လံစုံစမ်းမှုများ ပြုလုပ်ခဲ့သော်လည်း အချိန်မမီခဲ့သည့် ဆိုးကျိုးကို ရန်ကုန်တိုင်းဒေသကြီး စတင်ခံစားခဲ့ရသည်ဟု ဆိုနိုင်သည်။

“Case-375 က ရှစ်လပိုင်းလောက်မှာ တွေ့တယ်။ သူ့ရှေ့တပတ်မှာ ရခိုင်ပြည်နယ်က ထွက်သွားတဲ့ စာရင်းကို ကောက်လိုက်တဲ့အချိန်မှာ လေကြောင်းခရီးနဲ့တင် ရန်ကုန်မြို့ကို ရောက်လာတာ လူဦးရေ ငါးထောင်ကျော် ရောက်လာတယ်။ အဲဒါတွေကတော့ သိမှာပေါ့။ အဲဒီလူတွေထဲမှာ တကယ်တမ်း ပိုးပါသွားရင် သူတို့ထဲက ၈၅ ရာခိုင်နှုန်း၊ ၉၀ ရာခိုင်နှုန်းက လက္ခဏာမပြဘဲနဲ့ ပိုးရှိနေတယ်ဆိုရင် ဆက်ကူးမယ်။ ကျွန်တော်တို့ Call Center တွေကနေ သတင်းစာတွေကနေ ခေါ်တယ်။ ဆရာဝန်တွေ ကိုယ်တိုင်ဖုန်းဆက်ပြီး ခေါ်တယ်။ အဲဒီတုန်းကပေါ့။ တစ်ဝက်လောက်တော့ ရလိုက်တယ်။ ကျန်တဲ့ တစ်ဝက်လောက်က မရလိုက်ဘူး။ အဲဒီကနေ ရောဂါကူးစက်မှုက ဖြစ်သွားတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေက နှစ်မျိုးပေါ့။ ရန်ကုန်မှာ ငုပ်လျှိုးနေလို့ ပြတ်နေတာလား၊ ရခိုင်ဘက်က ဝင်ရောက်လာတာလား။ ဒါကတော့ ကျွန်တော်တို့ အပြစ်တင်တဲ့ စကားတော့ မပြောလိုဘူးပေါ့။ ဒါပေမဲ့ အဲဒီဖြစ်ရပ်တွေနဲ့ မရှေးမနှောင်းမှာပဲ ရန်ကုန်မှာ အများအပြား ဖြစ်လာတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

လက်ရှိ COVID-19 ကူးစက်မှုမှာ ပထမလှိုင်းထက် အဆသုံးရာခန့် ပိုများလာသည်ဟု ဆိုနိုင်ပြီး ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများလည်း ရောဂါကူးစက်ခံရမှု ပိုများလာသည်ကို တွေ့ရသည်။

နိုဝင်ဘာ လလယ်ပိုင်းအထိ သိရှိရသည့် စာရင်းအရ ရောဂါကူးစက်ခံရသည့် ဆရာဝန်၊ ဆရာမ အစရှိသည့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း တစ်ထောင်ကျော်ရှိပြီး သေဆုံးသူ တစ်ဦးရှိခဲ့သည်။ သေဆုံးသူမှာ တာမွေမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးနေလင်းဦး ဖြစ်ပြီး အောက်တိုဘာလအတွင်းက အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

ရောဂါကူးစက်ခံရသူများတွင် ဆရာဝန်၊ သူနာပြု၊ သူနာပြုအကူ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန အစရှိသည့် ကျန်းမာရေးဝန်ထမ်းများဖြစ်ပြီး ပထမလှိုင်းတွင် ကူးစက်ခံရသူ ၁၀၀ ကျော်သာ ရှိခဲ့သော်လည်း ဒုတိယလှိုင်းတွင် ကူးစက်ခံရသူ များလာခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ထမ်း အများဆုံး ကူးစက်ခံရသည့် တိုင်းဒေသကြီးမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး ကျန်သည့် ဒေသများ၌လည်း ကူးစက်ခံရမှု ရှိသော်လည်း နည်းပါးကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

ကူးစက်ခံရသည့် အခြေအနေမှာ နှစ်မျိုးရှိပြီး လုပ်ငန်းခွင်အတွင်း ကူးစက်ခံရသည့်ဖြစ်စဉ် နည်းပါးသည်ဟု ဆိုနိုင်ကြောင်း ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

“ အမှုမဲ့ အမှတ်မဲ့နဲ့ Mask ချွတ်ပြီး စကားပြောမိတာနဲ့ ထမင်းအတူစားတဲ့ အချိန်တွေရယ် ပြီးတော့ Duty Off တဲ့အချိန်မှာ ကူးစက်တာကို တွေ့ရတယ်။ လုပ်ငန်းခွင်ထဲမှာ ကူးစက်ခံရတာတော့ တော်တော့်ကို ရှားတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

ဒုတိယလှိုင်းအစတွင် ကူးစက်မှုအများဆုံး ဖြစ်ခဲ့သည့် ရခိုင်ပြည်နယ်တွင် စတင်ဖြစ်ပွားစဉ်က စစ်တွေဆေးရုံရှိ ဆရာဝန်၊ သူနာပြု အစရှိသည့် ကျန်းမာရေးဝန်ထမ်းများ၌ ရောဂါကူးစက်ခံရမှုများရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်၊ သူနာပြု အစရှိသည့် ကျန်းမာရေးဝန်ထမ်းများ ကူးစက်ခံရမှုမှာ အများဆုံးဟု ဆိုနိုင်ပြီး ၂၀၀ ကျော် ကူးစက်ခံရခဲ့ရသည်ဟု ပြည်တွင်းမီဒီယာအချို့တွင် ဖော်ပြချက်များအရ သိရသည်။

  COVID-19 ရိုက်ခတ်မှုအခံရဆုံး ရန်ကုန်တိုင်း

ဒုတိယလှိုင်း၏ ရိုက်ခတ်မှုကို အများဆုံး ခံစားနေရသည့်ဒေသမှာ ရန်ကုန်တိုင်းဒေသကြီးဖြစ်ပြီး နေ့စဉ် ပိုးတွေ့လူနာများ၏ ရာခိုင်နှုန်း ၆၀ ခန့်မှာ ရန်ကုန်တိုင်းဒေသကြီး ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုး ကူးစက်ခံရသူများအနက် တောင်ဥက္ကလာပမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ် စသည့်မြို့နယ်များ ဖြစ်သည်။

လက်ရှိ COVID-19 ကူးစက်မှုမှာ ပထမလှိုင်းထက် အဆ သုံးရာခန့် ပိုများလာသည်ဟု ဆိုနိုင်ပြီး ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများလည်း ရောဂါကူးစက်ခံရမှု ပိုများလာသည်ကို တွေ့ရသည်။

နိုဝင်ဘာ လလယ်ပိုင်းအထိ သိရှိရသည့် စာရင်းအရ ရောဂါကူးစက်ခံရသည့် ဆရာဝန်၊ ဆရာမ အစရှိသည့် ကျန်းမာရေးဝန်ထမ်း စုစုပေါင်း တစ်ထောင်ကျော်ရှိပြီး သေဆုံးသူ တစ်ဦးရှိခဲ့သည်။ သေဆုံးသူမှာ တာမွေမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးနေလင်းဦး ဖြစ်ပြီး အောက်တိုဘာလအတွင်းက အသက်ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းတွင် COVID-19 နှင့် ပတ်သက်ပြီး လာရောက်ပြသသူ နည်းပါးသွားသော်လည်း ရောဂါပိုးတွေ့ရှိမှုမှာ ကျဆင်းခြင်း မရှိသေးကြောင်း အင်းစိန်ပြည်သူ့ဆေးရုံမှ ပါမောက္ခဒေါက်တာ မာမာကြည်က ပြောကြားသည်။

“ အခုလက်ရှိမှာ COVID လူနာက နည်းနည်းတော့ နည်းသွားတာပေါ့။ နည်းသွားတယ် ဆိုတာက အရင်တုန်းက လူနာက ၃၀၀ လောက်ရှိခဲ့တာဆိုတော့ အခုကအကြမ်းဖျဉ်းဆိုရင် တစ်ဝက်လောက်တော့ လျော့သွားတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ကဆို တစ်ရက်ကို ၁၀၉ ယောက်လောက် လာတယ် ။ ဒါပေမယ့် ပိုးတွေ့နှုန်းက မကျဘူး။ လူ ၇၀ ကို စစ်တာ ၄၄ ယောက်လောက် Positive တွေ့တယ်ဆိုတော့ ရာခိုင်နှုန်းနဲ့ဆို ၆၀ ရာခိုင်နှုန်းလောက် က ရှိနေသေးတယ်။ ရောဂါဖြစ်နှုန်း ကျသွားလို့ လူနာနည်းသွားတာမျိုး မဟုတ်ဘူး။ အစောပိုင်းမှာတုန်းကတော့ အရမ်းကြောက်ကြတယ်။ အနံ့ပျောက်ရုံနဲ့လည်း ဆေးရုံလာပြတာပဲ။ ကြိုပြီးလာပြတဲ့ သူတွေတောင် ရှိခဲ့တယ်။  အခုကျတော့ တော်တော်ကြီးဖြစ်မှ လာတော့တဲ့လူတွေ ဖြစ်လာတယ်။ တကယ်ဖြစ်နေတာတောင် ဖျားနေတာတောင် လေး ငါးရက်လောက် မသက်သာမှ လာတော့တာ။ အချုပ်ပြောရရင် အခုက လူနာလာတဲ့ နှုန်းကတော့ အရင်ကထက်စာရင် တစ်ဝက်လောက် ကျသွားတယ် ဒါပေမယ့် ပိုးတွေ့နှုန်းကတော့ လုံးဝမကျဘူး။ အရမ်းကြီး သိသိသာသာ ကျမသွားဘူး” ဟု ပါမောက္ခ ဒေါက်တာမာမာကြည်က ပြောကြားသည်။

COVID-19 ဒုတိယလှိုင်းတွင် ကျန်းမာရေးကဏ္ဍအတွက် အကြီးမားဆုံး စိန်ခေါ်မှုမှာ သုံးခုရှိပြီး ယင်းသုံးခုမှာ ခုတင်များ မလုံလောက်မှု ပြသာနာ၊ အောက်ဆီဂျင် ပြသာနာနှင့် ဆေးဝါး မလုံလောက်မှု ပြသာနာများ ဖြစ်လာမည်ကို ကျန်းမာရေးဝန်ထမ်းများက ပူပန်နေရသည့် အခြေအနေများပင် ဖြစ်သည်ဟု ဆိုနိုင်သည်။

ပထမလှိုင်းထက် ဒုတိယလှိုင်းတွင် အောက်ဆီဂျင် အကူအညီပေးရသည့်လူနာ များလာသည့်အတွက် ဆေးရုံအချို့၌ အောက်ဆီဂျင်အိုးများအပြင် ပိုက်လိုင်းများနှင့် ချိတ်ဆက်ကာ ပေးနေရသည့် အခြေအနေမှာ ရှိနေသည်။

“ ကျွန်မတို့ အင်းစိန်ဆေးရုံကြီး အပါအဝင် မြောက်ဥက္ကလာ၊ ရန်ကုန်ဆေးရုံကြီး၊ အရှေ့ပိုင်း၊ အနောက်ပိုင်း ဆေးရုံကြီးတွေမှာလည်း လူနာတွေက ကျမသွားသေးဘူး။ အခုထိ လက်ခံပေးနေရဆဲပဲ။ လာတဲ့ လူနာတွေထဲမှာလည်း ရောဂါဆိုးတာတွေ ရှိတာပဲ။ အခုဆိုရင် အရေအတွက်အရ ပိုတောင်များလာတယ်လို့ ယူဆရတယ်။ အဲဒီလိုလူတွေက အောက်ဆီဂျင်လိုတယ်။ ၂၄ နာရီ အောက်ဆီဂျင်ကို လိုင်းတစ်ခုတောင် မဟုတ်ဘူး။ Double လိုင်း ပေးရတာတွေတောင် ရှိပါတယ်။ အဲဒီအခါ အောက်ဆီဂျင် ဆလင်ဒါတွေ အရမ်းသုံးရတယ်” ဟု ပါမောက္ခဒေါက်တာ မာမာကြည်က ပြောကြားသည်။

  နယ်ဒေသတွေမှာရော ကိုဗစ်ကူးစက်မှု ဘယ်လိုရှိသလဲ

ရန်ကုန်တိုင်းဒေသကြီးတွင် ကူးစက်မှု အရှိန်မရပ်တန့်သေးသည့် အခြေအနေတွင် နယ်မြို့ဒေသများ၌ ရောဂါကူးစက်မှု မြင့်တက်လာသည့် အခြေအနေမှာ စိုးရိမ်စရာကောင်းလာသည်ဟု ဆိုနိုင်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် နေ့စဉ်ရောဂါပိုးတွေ့လူနာ ခြောက်ရာကျော်ခန့် တွေ့ရှိနေသည့်အချိန်တွင် နယ်မြို့ဒေသများ၌ ရောဂါကူးစက်မှု သိသိသာသာ မြင့်တက်လာခြင်း မရှိသေးသော်လည်း နိုဝင်ဘာ လဆန်းပိုင်းမှ စတင်ပြီး မန္တလေး၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့တွင် ရောဂါပိုးတွေ့ရှိရမှု မြင့်တက်လာသည်ကို တွေ့ရသည်။

“ ဒီနေ့ (နိုဝင်ဘာ ၃၀ ရက်) ဆိုရင် တော်တော်ဆိုးတယ်။ Fever Clinic မှာ ပြည့်နေလို့ Swab တောင် မယူနိုင်တော့ဘူး။ ကျွန်တော်တို့ဆိုလည်း ခဏနား။ ပြီးရင် အဲဒီထဲက ပိုးတွေ့တဲ့ သူတွေနဲ့ မတွေ့တဲ့သူတွေကို ခွဲထား လုပ်ရတာပေါ့။ အခုက စစ်ထားတဲ့ ဟာတွေကိုတောင်မှ ခွဲတာ မလုပ်ရသေးဘူး။ အဲဒီလိုမျိုး ဖြစ်နေတယ်” ဟု မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် COVID-19 ကာကွယ်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် မဟာလူမှုကယ်ဆယ်ရေးအသင်းမှ ကိုသက်ကြီးက ပြောကြားသည်။

လတ်တလောတွင် မန္တလေးတိုင်းဒေသကြီးအတွင်း ရောဂါပိုးတွေ့ရှိမှု နေ့စဉ်များလာသကဲ့သို့ Quarantine စင်တာများတွင် ထားရှိရန် လုံလောက်မှုမရှိရန် စိုးရိမ်ရကြောင်း၊ ယင်းအပြင် အနံ့ပျောက်သူ များလာသည့်အတွက် ၎င်းတို့ကို စစ်ဆေးရန် Test များ လုံလောက်မှု မရှိမည်ကို စိုးရိမ်ရကြောင်း ကိုသက်ကြီးက ဆက်လက် ပြောကြားသည်။

“ မန္တလေးတက္ကသိုလ်ထဲမှာတော့ လူ ၆၀၀ လောက် ဆန့်တယ်။ အဲဒီမှာပြည့်ဖို့ကတော့ အများကြီး လိုသေးတယ်လေ။ ထည့်လို့ရသေးတယ်။ ဒါပေမဲ့ဘယ်လောက်ပဲ ထည့်လို့ရရ၊ လောလောဆယ်က အနံ့ပျောက်တာတို့ ဘာတို့ကို စစ်ဖို့ဆိုတာတွေ၊ နောက်ပြီး Positive ဖြစ်တဲ့သူတွေနဲ့ ထိစပ်တွေကို တန်းပြီး စစ်ဖို့ဆိုတာတွေကတော့ အဆင်မပြေတော့ဘူး ဖြစ်နေတယ်။ အဓိက Test Kit တွေ မလုံလောက်တာတွေပေါ့” ဟု ကိုသက်ကြီးက ဆက်လက် ပြောကြားသည်။

ယင်းအခြေအနေများမှာ နယ်မြို့များတွင် ဖြစ်ပွားနေသည့် ရောဂါဖြစ်ပွားမှု မြင့်တက်နေသည့် မန္တလေးတိုင်းဒေသကြီးနှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင်မူ နှစ် ၇၀၀ ဘောလုံးကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံကို Quarantine စင်တာ ပြုလုပ်ရန် စီစဉ်နေကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ယင်း နှစ် ၇၀၀ ဘောလုံးကွင်းအတွင်း ယခင်က အိပ်ဆောင် သုံးဆောင်ကို Quarantine စင်တာ ပြုလုပ်ထားသော်လည်း Quarantine ဝင်ရောက်သူ များလာသဖြင့် ထပ်မံတိုးချဲ့ခဲ့ခြင်း ဖြစ်သည်ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

Quarantine ဝင်နေသူများမှှာ Stay at Home သတ်မှတ်ထားသော မြို့နယ်များမှ ပြန်လာသူများ၊ ပိုးတွေ့ လူနာများနှင့် ထိတွေ့မိသူများ ဖြစ်သည်ဟု သိရသည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်လည်း ပိုးတွေ့သူ များလာသဖြင့် နေရာအခက်အခဲများ ဖြစ်လာရာ သံဃာဒါနဆေးရုံအား ပိုးတွေ့ရှိသူများထားရှိရန် ယာယီ ဆောင်ရွက်ထားရကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်)မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

  ပိုးတွေ့လူနာ ထပ်တိုးဖို့ ရှိနိုင်သလား

လက်ရှိ အခြေအနေများအရ COVID-19 ကူးစက်မှု အခြေအနေမှာ ရပ်တန့်ခြင်း မရှိသေးဘဲ ပိုများလာနိုင်သည်ဟု ဆိုရမည် ဖြစ်သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲ မတိုင်မီတွင် ဒေသအသီးသီး၌ ပြုလုပ်ခဲ့သည့် ပါတီစည်းရုံးရေး လှည့်လည်မှုများ၊ ရွေးကောက်ပွဲ အပြီးတွင် လူစုလူဝေးဖြင့် အောင်ပွဲခံမှုများအပြင် နောက်ဆုံး ပြုလုပ်ထားသည်ဟု ဆိုနိုင်သည့် ရန်ကုန်တက္ကသိုလ် ရာပြည့်ပွဲသို့ လူအများအပြား လာရောက်ခဲ့မှု၏ နောက်ဆက်တွဲ ဖြစ်စဉ်များကြောင့် ရောဂါပိုးကူးစက်ခံရသူ အရေအတွက်မှာ ပိုများလာမည်မှာ မလွဲမသွေပင် ဖြစ်သည်။

လက်ရှိ အခြေအနေများအရ တစ်ရက်လျှင် ပိုးတွေ့လူနာ တစ်ထောင်ကျော် ရှိလာသည်ကို တွေ့နေရပြီး အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက သက်သာသည်ဟု ဆိုနိုင်သော်လည်း  ပိုးတွေ့လူနာ များလာမှုမှာ စိုးရိမ်ရသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

“ အခု ကိုးသောင်းနီးပါးကို ဖြစ်လာတာပေါ့။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ နှစ်ထောင်ကျော်အထိ တက်ခဲ့တာ ရှိပါတယ်။ နောက်ပိုင်းမှာ ရှစ်ရာ၊ တစ်ထောင်နဲ့ အကြာကြီး တန်းနေတာပေါ့။ အခု ဒီရက်ပိုင်းမှာဆိုရင် တစ်ထောင်ကျော် ဖြစ်လာပြီပေါ့။ အရင်ကထက်စာရင် ထပ်ကျိုးစေချင်တာ မကျိုးဘဲနဲ့ ထပ်ထောင်တက် လာတာပေါ့နော်။ အဲဒီသဘောရှိတယ်။ ဘယ်လိုပြောမလဲဆိုတော့ နိုင်ငံတကာမှာလည်း Flat term the curve ပေါ့။ ဒီ Curve ကို ပြားအောင် လုပ်တာပေါ့။ ပြားရာကနေ ပျောက်အောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ကိုဗစ် ဖြစ်ပွားတဲ့ အနေအထားနဲ့ လူနေမှုစနစ်တွေရဲ့ နေပုံထိုင်ပုံတွေပေါ့။ ခေတ်သစ် လူနေမှုစနစ်ပေါ့။ ကျွန်တော်တို့ဆီမှာကတော့ အတိုင်းအတာတစ်ခုအထိ လိုက်နာနေတာကိုတော့ ကျေးဇူးတင်ရမှာပေါ့။ တချို့နိုင်ငံကြီးတွေဆို Mask က တပ်တယ်ဆိုတာ ကိုယ့်ဆုံးဖြတ်ချက် ဖြစ်တယ်ပေါ့။ တပ်ချင်မှ တပ်မယ် မတပ်ချင် မတပ်ဘူးပေါ့။ အဲဒီတော့ ဒီလိုအနေအထားမျိုးကို တွေ့တဲ့အခါ လုံးဝကြီး ရပ်တန့်အောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ ဒါတောင်မှ သူတို့တောင် တတိယလှိုင်း ဘယ်တော့ဖြစ်မလဲ ဆိုတာကို ရင်တမမနဲ့ ကြည့်နေရတယ်။ ဒီဟာမျိုးကို ကျွန်တော်တို့မှာ အားသာချက်က ရှစ်ရာ၊ ကိုးရာ၊ တစ်ထောင် ပတ်လည်ကို ထိန်းနေရတာပေါ့။ ဒါလေးတော့ ရှိတယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

သို့သော် ယင်းသို့တွေ့ရှိမှုမှာ အချိန်ကြာမြင့်လာပါက မခံနိုင်ဖြစ်လာမည်ကို စိုးရိမ်ရမှုနှင့် ပတ်သက်ပြီး တောင် တစ်တောင် တက်ရသည့် အခြေအနေနှင့် ဥပမာပေး၍ ဒေါက်တာ သန်းနိုင်စိုးက ပြောကြားသည်။

“ တောင် တစ်တောင်ကို တက်သလိုပဲ။ တောင် တစ်တောင်က လူတက်လို့ မရအောင် မတ်စောက်နေရင် မဟုတ်သေးဘူး။ အဲဒါဆို ကြိုးအကူအညီတွေ ယူရမယ်။ ဒါမှမဟုတ် လမ်းလျှောက်ပြီး တက်လို့တဲ့ ဆင်ခြေလျောလို ဖြစ်နေရမယ်။ အဲဒီလို တက်ရင်တောင် တစ်ခုရှိတာက လူတိုင်းမှာ ခံနိုင်ရည်ရှိတယ်။ လူတက်လို့ရတဲ့ ဆင်ခြေလျောတော့ ရှိတယ်။ ဒါပေမဲ့ အရှည်ကြီးဖြစ်နေရင် အဲဒါကိုပဲ အကြာကြီး တက်နေရင်တော့ အားကုန်လာမယ်။ ခြေကုန်လက်ပန်း ကျလာမယ်။ ဒီနေအထားကတော့ ထိန်းထားနိုင်တာ တစ်ခုပဲ ရှိတယ်။ နောက်တစ်ခုက ဆပွားမဖြစ်အောင် ထိန်းထားနိုင်တာ။ နိုင်ငံတကာမှာတော့ ဆပွား တက်သွားတာ ရှိတယ်။ ကျွန်တော်တို့က တန်းနေအောင်တော့ လုပ်ထားနိုင်တယ်။ ခုနက ပြောသလိုပေါ့။ ကျွန်တော်တို့က ဆင်ခြေလျောတစ်ခုကို တက်နေရတယ်။ ကြာကြာတက်ရရင် ပန်းသွားလိမ့်မယ်” ဟု ဒေါက်တာ သန်းနိုင်စိုးက ပြောကြားသည်။

လက်ရှိ အခြေအနေများအရ ထိန်းထားနိုင်သည်ဟု ဆိုသော်လည်း ရင်တမမ ဖြစ်နေသည့် အခြေအနေတစ်ခု ဖြစ်နေသည်ဟု COVID-19 ဖြစ်စဉ်ကို လေ့လာစောင့်ကြည့်နေသူအချို့က ပြောကြားသည်။

“ ကျွန်မတို့အနေနဲ့ ဒီရောဂါကို တိုက်ဖျက်နိုင်ဖို့အတွက် ဘယ်လို ထိုးထွက် ဖောက်ထွက်ပြီး ဒီရောဂါကို ဘယ်လိုလုပ်မလဲ ဆိုတာတွေ စဉ်းစားနေရတာပေါ့။ လက်ရှိမှာ ဒီရောဂါကို ထိန်းချုပ်နိုင်ဖို့ ထိုးဖောက်ပြီး စဉ်းစားနေကြရတယ်။ သူများနိုင်ငံတွေရဲ့ အတွေ့အကြုံတွေလည်း ယူရတယ်။ စာတွေလည်း ဖတ်ရတယ်။ ကိုယ့်မှာရှိတဲ့ အင်အားနဲ့ ဘယ်လိုလုပ်မလဲပေါ့။ ဥပမာ- စစ်တိုက်သလိုပေါ့။ ဗျူဟာတွေ ချလိုက်နိုင်မယ် ဆိုရင်တော့လည်း နိုင်နိုင်သေးတယ်လို့ ယူဆလို့ရပါတယ်။ ကျွန်မအနေနဲ့ စဉ်းစားထားတာ တစ်ခုကတော့ ကျန်းမာရေးဝန်ထမ်းအင်အား နည်းသွားတယ်။ ပိုးထိသွားတယ်။ ဒီလိုလူတွေမှာ အခုလုပ်နေတဲ့ Community Fever Clinic လိုမျိုး Community ထဲကို ဝင်လိုက်လို့ရှိရင် Community ပြည်သူ လူထုက ကူညီတဲ့အခါမှာ ရောဂါကာကွယ်ရေး လက်နက်တွေဖြစ်တဲ့ PPE တို့ ဆေးဝါးတို့အပြင် သူတို့က လူအင်အားတွေ ပေးတယ်။ လူအင်အားကို ဆေးခန်းတွေအပြင် ၊ ဆေးခန်းတွေရဲ့အတွင်း၊ ဆေးဝါးပစ္စည်းတွေကို သတ်မှတ်တာ၊ ဆေးဝါးတွေ ပေးတာ၊ လိုအပ်တဲ့ ပစ္စည်းတွေ ဖြည့်ဆည်းပေးတာတွေကို အဲဒီလို နေရာတွေမှာ စေတနာ့ဝန်ထမ်း အင်အားတွေကို သုံးလိုက်လို့ရှိရင် လွယ်လွယ်ပြောရရင် ကျန်းမာရေးဝန်ထမ်းတွေကို Clone လုပ်လိုက်တာပေါ့နော်။ လူတစ်ယောက်ကို စေတနာ့ဝန်ထမ်း လေးယောက် ချိတ်လိုက်တဲ့ သဘောဖြစ်ပြီး လူဦးရေ လေးဆ ဖြစ်သွားတာပေါ့။ ဒီလိုလုပ်လို့ရမယ့် နည်းဗျူဟာတစ်ခုတော့ ရှိတယ်။ ဒါတွေကို ကျွန်မတို့ စဉ်းစားနေတာပေါ့။အဲဒီလို အင်အားနဲ့ ဖိုက်မလား။ ကျန်းမာရေးဝန်ထမ်းတွေကို မထိတဲ့ ပေါ်လစီတွေ Guide Line တို့ ပြင်ဆင်မယ် ဆိုရင်တော့ အောင်မြင်နိုင်သေးတယ်လို့ ထင်တယ်” ဟု ပါမောက္ခဒေါက်တာ မာမာကြည်က သုံးသပ်ပြောကြားသည်။

နိုဝင်ဘာ ၃၀ ရက် ညပိုင်း ထုတ်ပြန်ချက်အရ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာပေါင်းမှာ ၁၁၆၃၇၇၆ ခုဖြစ်ပြီး ရောဂါပိုး တွေ့ရှိသူ စုစုပေါင်းမှာ ၉၀၇၁၃ ဦးအထိရှိကာ သေဆုံးသူဦးရေမှာ ၁၉၄၁ ဦး ဖြစ်လာပြီ ဖြစ်သည်။

“ ကျန်းမာရေးဝန်ထမ်းတွေရဲ့ မိသားစုတွေ အမေတွေ အဖေတွေ ယောက္ခမတွေ ကလေးတွေ၊ ဦးကြီး၊ ဒေါ်လေး၊ ညီမ ကိုယ်ဝန်ဆောင်တွေ ကူးကုန်ပါပြီ။ ဘယ်လောက် သတိထားထား ဝန်နှင့်အား မမျှရင် အားနည်းချက်ဆိုတာ ပေါ်ပေါက်လာတတ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေ အိမ်တွင်းရော အလုပ်ခွင်မှာပါ ဗျာများရပါပြီ။ ပူပန်နေကြရပါပြီ။ ရွေးကောက်ပွဲ၊ ဆန့်ကျင်ပွဲ၊ ကထိန်၊ လပြည့်၊ ပံ့သကူ၊ ရာပြည့်၊ စတုဒီသာ လူစုလူဝေးတွေ အော်နေ ပျော်နေကြ ကူးကြ။ ဒါတောင် မလျော့ကြ။ ကျန်းမာရေးဝန်ထမ်း ခါးဆက် ပြတ်တော့မယ် အင်အားနည်းနေပါပြီ။ ဆေးရုံတွေ Duty မနိုင်တော့ပါဘူး။ နီးသယောင်နဲ့ လှမ်းနေသေးတဲ့ ကာကွယ်ဆေးကို မမျှော်ပါနဲ့ဦး။ မိဘပြည်သူလက်ထဲက ကံကြမ္မာကိုသာ သေချာဆုတ်ကိုင် ထားစေလိုပါတယ်” ဟု ဒေါက်တာနန္ဒဝင်းက သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ဆက်လက် ရေးသားထားသည်။

COVID-19 ရောဂါကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရသည့် ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံတွင် ယင်းရောဂါ ရိုက်ခတ်မှုကို ကြီးကြီးမားမား ခံစားနေရသည့် အခြေအနေလည်းဖြစ်ပြီး မဲဆွယ်၊ စည်းရုံးအောင်ပွဲခံမှုနှင့် ပျော်ပွဲရွှင်ပွဲများ၏ ဒဏ်ကိုလည်း မလွဲမသွေ ရိုက်ခတ်ခံရတော့မည် ဖြစ်သည်။

ကိုးလတာ ကာလအတွင်း ပထမလှိုင်းထက် ကူးစက်မှု အဆသုံးရာခန့် မြင့်တက်နေသည့် မြန်မာနိုင်ငံ၏ COVID-19 ကူးစက်မှု အခြေအနေမှာ အရှုံးပေးရတော့မည့် အခြေအနေမဖြစ်ရန် မည်သို့ ကိုင်တွယ်မည်ကို ဆက်လက် စောင့်ကြည့်ရတော့မည် ဖြစ်သည်။

Most Read

Most Recent