မြန်မာနိုင်ငံ၏ ပဋိပက္ခများအကြားမှ စီးပွားရေးအသွင်ကူးပြောင်းမှုအတွက် ကမ္ဘာ့ဘဏ်က လေ့လာဆန်းစစ်ထားသည့် လမ်းကြောင်းသုံးခုနှင့် အဓိကအာရုံစိုက်ရမည့်နယ်ပယ်တစ်ရပ်

မြန်မာနိုင်ငံ၏ ပဋိပက္ခများအကြားမှ စီးပွားရေးအသွင်ကူးပြောင်းမှုအတွက် ကမ္ဘာ့ဘဏ်က လေ့လာဆန်းစစ်ထားသည့် လမ်းကြောင်းသုံးခုနှင့် အဓိကအာရုံစိုက်ရမည့်နယ်ပယ်တစ်ရပ်
စျေးသည်တစ်ဦး ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုအတွင်း စျေးလှည့်လည်ရောင်းချနေစဉ် (ဓာတ်ပုံ- ကြည်နိုင်)
စျေးသည်တစ်ဦး ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုအတွင်း စျေးလှည့်လည်ရောင်းချနေစဉ် (ဓာတ်ပုံ- ကြည်နိုင်)
Published 29 November 2020
စည်သူအောင်

၂၀၁၉ ခုနှစ်တွင် ပြုစုခဲ့သည့် ကမ္ဘာ့ဘဏ်အုပ်စု၏ ပဋိပက္ခများအကြားမှ စီးပွားရေးအသွင်ကူးပြောင်းမှုဟု အမည်ပေးထားသည့် နိုင်ငံဆိုင်ရာ စနစ်တကျလေ့လာ ဆန်းစစ်မှုအစီရင်ခံစာတွင် မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုအား တိုက်ဖျက်နိုင်ပြီး ပြည်သူအားလုံးပါဝင်နိုင်သည့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုများကို ဖော်ဆောင်နိုင်စေရန် လမ်းကြောင်းသုံးခုနှင့် အဓိကအာရုံစိုက်ဆောင်ရွက်သင့်သည့် နယ်ပယ်တစ်ရပ်ရှိသည်ဟု ဖော်ထုတ်ထားသည်။ လမ်းကြောင်းသုံးခုမှာ (၁) စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ စီမံအုပ်ချုပ်မှုကို အားကောင်းအောင် ဆောင်ရွက်ရန်၊ (၂) ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးကို ဦးတည်ကာ လူသားအရင်းအမြစ်နှင့် အားကောင်းသည့် အင်စတီကျူးရှင်းများအား တည်ဆောက်ရန်၊ (၃) သဘာဝပတ်ဝန်းကျင်အား ရေရှည်တည်တံ့စေရေး သဘာဝဘေးအန္တရာယ်များမှ ကာကွယ်နိုင်ရေးအတွက် စွမ်းဆောင်ရည် တည်ဆောက်ရန်နှင့် အားလုံးနှင့်သက်ဆိုင်သည့် အဓိကနယ်ပယ်မှာ မျှတသည့် မူဝါဒများ ရေးဆွဲအကောင်အထည်ဖော်ရန်အတွက် အားကောင်းလာစေရန် အစိုးရဌာနများအား ပြုပြင်ပြောင်းလဲရေးတို့ ဖြစ်သည်။

အားကောင်းသော စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ရရှိရန်အတွက် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ပိုမိုနက်ရှိုင်းစွာ ပြုလုပ်ရန်လိုအပ်နေသည့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံအနေဖြင့် အားကောင်းသည့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ရရှိရန်အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ပိုမိုနက်ရှိုင်းစွာပြုလုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ပဋိပက္ခကြားမှ စီးပွားရေးအသွင်ကူးပြောင်းမှု အစီရင်ခံစာတွင် သုံးသပ်ထားသည်။

မြန်မာနိုင်ငံသည် စဉ်ဆက်မပြတ်သော ဖွံ့ဖြိုးတိုးတက်မှုရရှိရန်နှင့် အလုပ်အကိုင်များ ဖန်တီးပေးနိုင်ရန်အတွက် စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍစီမံအုပ်ချုပ်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရမည်ဖြစ်ပြီး ယခုအချိန်အထိ မြန်မာနိုင်ငံသည် အခြေခံအကျဆုံးသောအပိုင်းများတွင် တည့်မတ်လာအောင် မှန်ကန်စွာ ဦးတည်စူးစိုက်ဆောင်ရွက်လာနိုင်ခဲ့သည်။ ယင်းက အကျိုးရလဒ်များကို ချက်ချင်းလက်ငင်း ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

ဘဏ္ဍာရေးလိုငွေပြမှုများကို လျှော့ချခြင်းနှင့် အဆိုပါလိုငွေပြမှု များအား လျော့နည်းအောင် သီးခြားလွတ်လပ်မှုရှိသည့် ဗဟိုဘဏ်က ပံ့ပိုးဆောင်ရွက်ခြင်းများက ငွေကြေးဖောင်းပွမှုကို လျော့နည်းစေပြီး ငွေလဲနှုန်း တည်ငြိမ်စေသည်။ ဆက်သွယ်ရေးနှင့် ကုန်ထုတ်လုပ်မှု ကဲ့သို့သောကဏ္ဍများအား ရင်းနှီးမြှုပ်နှံမှုများ အထူးသဖြင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများကို ဖွင့်ပေးခြင်းနှင့် ကုန်သွယ်ရေး ကန့်သတ်ချက်များကို ဖြေလျှော့ပေးခြင်းတို့သည် ကုန်သွယ်ရေးလိုငွေပြမှုကို လျော့နည်းစေခဲ့ပြီး အလုပ်အကိုင်ရရှိမှု တိုးပွားလာကာ အမျိုးအစားပိုမိုများပြားစုံလင်သော ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအား ပိုမိုသက်သာသော စျေးနှုန်းများဖြင့် ရရှိအောင် ပြုလုပ်ပေးနိုင်ခဲ့သည်။

သို့သော် ရေရှည်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စဉ်ဆက်မပြတ် ဆက်လက်ရရှိသွားစေရန်အတွက် အဆိုပါ အခြေခံအုတ်မြစ်များကို ပိုမိုခိုင်မာအောင် တည်ဆောက်ကာ ထိုအုပ်မြစ်များပေါ်တွင် အားပြု၍ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်သည်။ အခြေခံအဆောက်အအုံပံ့ပိုးမှုနှင့် ထိရောက်သော စျေးကွက်များအတွက် ဒုတိယမျိုးဆက် ပြုပြင်ပြောင်းလဲရေးများသည် ပိုမိုခက်ခဲမည်ဖြစ်သည်။ သို့သော် ရရှိမည့်အကျိုးကျေးဇူးများမှာလည်း ပို၍ရေရှည်ခံနိုင်မည် ဖြစ်သည်။

ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ရန်၊ သာယာဝပြောမှုများကို ခွဲဖြန့်မျှဝေပေးနိုင်ရန်နှင့် ဆင်းရဲမှုကိုလျှော့ချရန် အားလုံးပါဝင်နိုင်ရေးကို ပိုမိုအလေးထား ဆောင်ရွက်ရန် လိုအပ်နေသည့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ရန်၊ သာယာဝပြောမှုများကို ခွဲဖြန့်မျှဝေပေးနိုင်ရန်နှင့် ဆင်းရဲမှုကို လျှော့ချရန် အားလုံးပါဝင်နိုင်ရေးကို ပိုမိုအလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံပဋိပက္ခကြားမှ စီးပွားရေးအသွင်ကူးပြောင်းမှု အစီရင်ခံစာတွင် သုံးသပ်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်ရန်နှင့် သာယာဝပြောမှုများကို ခွဲဖြန့်မျှဝေပေးရန်အတွက် အားလုံး ပါဝင်နိုင်သော အဖွဲ့အစည်းများနှင့် အားလုံးအတွက် လူသားအရင်းအနှီးများကို စုဆောင်း တည်ဆောက်ရမည်ဖြစ်သည်။ အသွင်ကူးပြောင်းမှုမှရရှိလာသည့် အကျိုးကျေးဇူးများအား နေရာအနှံ့သို့၊ ဝင်ငွေအုပ်စုအားလုံးထံသို့ ပိုမိုကျယ်ပြန့်စွာမျှဝေပေးခြင်းသည် ဆင်းရဲမှုလျှော့ချရေးအတွက် အဓိကအချက် ဖြစ်ရုံသာမက ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဆက်လက်ဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာများကို တိုးပွားစေမည်ဖြစ်သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရှိန်တန့်သွားမှုနှင့် ရခိုင်ပြည် အကျပ်အတည်းကို ကြုံတွေ့နေရချိန်တွင် အဆိုပါကွာဟချက်များကို ကိုင်တွယ်ဖြေရှင်းရန် ပို၍ပင် အရေးကြီးနေသည်။ နိုင်ငံ၏မတူကွဲပြားမှုများကို ပိုမိုကိုယ်စားပြုနိုင် သော အဖွဲ့အစည်းများ၊ ဗဟိုနှင့် ပြည်နယ်များ/တိုင်းဒေသကြီးများကြား လုပ်ပိုင်ခွင့်အာဏာနှင့် တာဝန်များကို ဘက်ညီမျှတစေမည့် ဘဏ္ဍာရေးအစီအစဉ်များ၊ ပဋိပက္ခ ဒဏ်သင့်ဒေသများတွင် အစိုးရ မဟုတ်သော ဝန်ဆောင်မှုပေးသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို အထောက်အကူ ပြုနိုင်သည်။

သဘာဝက ပေးအပ်ထားသော အဖိုးတန် အရင်းအမြစ်များ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းနှင့် ရေရှည်သာယာဝပြောရေးအတွက် ဘေးဒဏ်ရင်ဆိုင်တုံ့ပြန် နိုင်စွမ်းတည်ဆောက်ရမည့် မြန်မာနိုင်ငံ

မြန်မာနိုင်ငံရှိ သဘာဝမှ ပေးအပ်ထားသော အဖိုးတန်အရင်း အမြစ်များ ရေရှည်တည်တံ့စေရန် စီမံအုပ်ချုပ်လုပ်ကိုင်ခြင်းနှင့် ရေရှည်သာယာဝပြောရေးအတွက် ဘေးဒဏ်ရင်ဆိုင်တုံ့ပြန်နိုင်စွမ်း တည်ဆောက်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ပဋိပက္ခကြားမှ စီးပွားရေးအသွင်းကူးပြောင်းမှု အစီရင်ခံစာတွင် အကြံပြုသုံးသပ်ထားသည်။

ဖွံ့ဖြိုးတိုးတက်မှုသည် အနာဂတ်မျိုးဆက်များအတွက် ဆုံးရှုံးနစ်နာမှုများဖြစ်စေပြီးမှ ရရှိခြင်းမျိုး မဖြစ်သင့်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်သည်။ ထို့ပြင် ယနေ့ခေတ် ပြည်သူများ အထူးသဖြင့် အဆင်းရဲဆုံးသူများ၏ အသက်မွေးဝမ်းကျောင်းများကို ထိခိုက်စေပြီး ဘေးကင်းလုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့်နည်းလမ်းဖြင့် သဘာဝသယံဇာတများ ကုန်ခမ်းသွားအောင်၊ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးအောင် လုပ်ဆောင်ပြီးမှ ဖွံ့ဖြိုးတိုးတက်ခြင်းမျိုးလည်း မဖြစ်သင့်ကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

မြန်မာနိုင်ငံသည် နိုင်ငံ၏ ကြွယ်ဝလှသော အဖိုးတန်သဘာဝအရင်းအမြစ်များအား စီမံခန့်ခွဲအုပ်ချုပ်ပုံ၊ စောင့်ကြည့်လေ့လာပုံနှင့် အသုံးပြုပုံနည်းလမ်းကို ပြောင်းလဲရန် လိုအပ်နေသည်။ မြေယာ၊ သစ်တောများနှင့် ငါးလုပ်ငန်းများ အသုံးပြုမှုအတွက် ပိုမိုသာတူညီမျှသော ဥပဒေမူဘောင်များ လိုအပ်နေသည်။

ထို့ပြင် မြန်မာနိုင်ငံသည် တဖြည်းဖြည်းတိုးပွားလာသော မြို့ပြဖြစ်ထွန်းမှုများနှင့် ဆက်နွှယ်နေသည့် ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများနှင့် ဘေးအန္တရာယ်များကို စီမံကိုင်တွယ်ဖြေရှင်းရန်လည်း ယခုထက်ပို၍ လုပ်ဆောင်နိုင်သည်။ ဥပမာ မြို့ပြစီမံကိန်း ရေးဆွဲခြင်းနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုတို့ကို တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ခြင်းဖြစ်သည်။ ပျက်စီးဆုံးရှုံးမှု၏ အကျိုးသက်ရောက်များကို စီမံကိုင်တွယ်ဆောင်ရွက်ခြင်းသာမက မူလအခြေအနေသို့ ပြန်ရောက်စေရန် ကြိုးပမ်းနိုင်သည်။ ဥပမာ မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမျိုး ဖြစ်သည်။ အလားတူပင် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုနှင့်ဆက်စပ်နေသော ရုတ်တရက် ကျရောက်လာနိုင်သည့် ဘေးအန္တရာယ်များနှင့် ငလျင်ကဲ့သို့ အခြားသော သဘာဝဘေးများအတွက် ၎င်းတို့၏ နောက်ဆက်တွဲဆိုးကျိုးများ လျော့ပါးအောင် ဆောင်ရွက်ခြင်းအပြင် ကြိုတင်ပြင်ဆင်မှုများကို တိုးမြှင့်ပြုလုပ်ရန် လိုအပ်လျက်ရှိသည်။

ကဏ္ဍပေါင်းစုံကိစ္စရပ်များ၊ မူဝါဒများ အကောင်အထည်ဖော်ရာတွင် ထိရောက်မှု ရှိစေရန်နှင့် သာတူညီမျှစွာအကောင်အထည်ဖော်နိုင်စေရန် အစိုးရအဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲရန် လိုအပ်နေသည့် မြန်မာနိုင်ငံ

နိုင်ငံ့ကဏ္ဍပေါင်းစုံကိစ္စရပ်များ၊ မူဝါဒများ အကောင်အထည်ဖော်ရာတွင် ထိရောက်မှုရှိစေရန်နှင့် သာတူညီမျှစွာ အကောင်အထည်ဖော်နိုင်စေရန် အစိုးရအဖွဲ့အစည်းများကို ပြုပြင်ပြောင်းလဲရန်လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ ပဋိပက္ခကြားမှ စီးပွားရေးအသွင်ကူးပြောင်းမှု အစီရင်ခံစာတွင် အကြံပြုသုံးသပ်ထားသည်။

ကဏ္ဍပေါင်းစုံနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ မူဝါဒများအကောင်အထည်ဖော်ရာတွင် ကြီးမားကျယ်ပြန့်၍ စိန်ခေါ်မှုများ ပြည့်နှက်နေသော လုပ်ငန်းစဉ်အား ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ခိုင်မာ အားကောင်းသော အဖွဲ့အစည်းများ လိုအပ်နေခြင်း ဖြစ်သည်။

ဤလေ့လာဆန်းစစ်မှုတွင် ဖော်ပြထားသော ဦးစားပေးဆောင်ရွက်ရမည့် ပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်နိုင်ရန်၊ ယင်းတို့နှင့် ကိုက်ညီသည့် MSDP ၏ မျှော်မှန်းချက်ပြည့်မီနိုင်စေရန်အတွက် မူဝါဒရေးဆွဲမှုနှင့် အကောင်အထည်ဖော်မှုများကို ပေါင်းစပ်ညှိနှိုင်း၊ စောင့်ကြည့်လေ့လာရသော အစိုးရအဖွဲ့အစည်းများထံမှ ပိုမိုထိရောက်ကောင်းမွန်သော လုပ်ငန်းစွမ်းဆောင်မှုများ လိုအပ်မည်ဖြစ်သည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ အားကောင်းခိုင်မာသော ပုဂ္ဂလိကစီးပွားရေး ကဏ္ဍတစ်ရပ် ဖြစ်ထွန်းလာနိုင်ရန်၊ ပြည်သူ့ရေးရာ ဝန်ဆောင်မှုများ ထိရောက်စွာ ပေးအပ်နိုင်ရန်နှင့် သဘာဝအရင်းအမြစ်များအား ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် အနာဂတ်အား ဦးတည်ထားသည့် မူဝါဒများ ရေးဆွဲချမှတ် အကောင်အထည်ဖော်နိုင်ရန်အတွက် ဗဟိုနှင့် ဒေသန္တရာ အဆင့်နှစ်ဆင့် စလုံး၏ ဆောင်ရွက်ပုံ နည်းလမ်းဟောင်းများနှင့် ဌာနတွင်း စီမံခန့်ခွဲမှုများအား ခေတ်မီစေရန် ပံ့ပိုးပေးရမည် ဖြစ်သည်။ ကိုယ်စားပြုမှု၊ ထိရောက်မှုနှင့် စွမ်းဆောင်ရည်ပြည့်ဝမှု ပိုရှိသော အများပြည်သူဆိုင်ရာ/ အစိုးရ ကဏ္ဍတစ်ရပ်ပေါ်ထွန်းလာရေးသည် လက်တစ်ကမ်းတွင် ရောက်ရှိနေပြီဖြစ်သည်။

မြန်မာနိုင်ငံသည် နိုင်ငံတော် စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ (National Economic Coordination Committee) အား လုပ်ပိုင်ခွင့်နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးရန်၊ ခေတ်မီ ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှုစနစ်တစ်ခုကို ထူထောင်ရန်၊ အချက်အလက် ပြုစုထုတ်ပြန်မှုနှင့် သက်သေအထောက်အထား အခြေခံသော မူဝါဒချမှတ်မှုများကို တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ရန်နှင့် အုပ်ချုပ်ရေးလုပ်ငန်းစဉ် နှင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမှုတို့တွင် အခက်အခဲများအား ဖြေရှင်းနိုင်မည့် ဒစ်ဂျစ်တယ်နည်းလမ်းများ၏ အလားအလာကို ဖော်ထုတ်အသုံးပြုရန်တို့အတွက် လုပ်ငန်းအဆင့်ဆင့်ကို လုပ်ဆောင်နေပြီဖြစ်ရာ ထိုလုပ်ဆောင်ချက်များပေါ်တွင် အခြေပြုကာ ရှေ့ဆက်တိုးတက်အောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။        

Most Read

Most Recent