COVID-19 ကို ရင်ဆိုင်ရန် အခြားတိုင်းနှင့် ပြည်နယ်များ အဆင်သင့်ဖြစ်ပြီလား

COVID-19 ကို ရင်ဆိုင်ရန် အခြားတိုင်းနှင့် ပြည်နယ်များ အဆင်သင့်ဖြစ်ပြီလား
မြိတ်မြို့တွင် COVID-19 ပိုးတွေ့လူနာများလာသည့်အတွက် သံဃာ့ဒါနဆေးရုံ၌ တိုးချဲ့စင်တာဆောင်ရွက်ပြီး ပိုးတွေ့လူနာများ ပြောင်းရွှေ့နေသည်ကို နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်
မြိတ်မြို့တွင် COVID-19 ပိုးတွေ့လူနာများလာသည့်အတွက် သံဃာ့ဒါနဆေးရုံ၌ တိုးချဲ့စင်တာဆောင်ရွက်ပြီး ပိုးတွေ့လူနာများ ပြောင်းရွှေ့နေသည်ကို နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ်
Published 22 November 2020
ဇော်မင်းနိုင်

ကမ္ဘာလုံးဆိုင်ရာကပ်ရောဂါ ဖြစ်သည့် COVID-19 မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်မှာ ကိုးလကျော် ကြာမြင့်လာပြီဖြစ်သည်။

ပထမလှိုင်းတွင် ကူးစက်ခံရသူ ၃၀၀ ကျော်သာရှိခဲ့ပြီး သေဆုံးသူ ဆယ်ဂဏန်းခန့်သာရှိခဲ့သော်လည်း ဒုတိယလှိုင်းအစဖြစ်သည့် ဇူလိုင်လနောက်ပိုင်းမှစ၍ ကူးစက်ခံရသူဦးရေမှာ တစ်ရက်လျှင် ၁၀၀၀ ကျော် ရှိလာခဲ့ရာ နိုဝင်ဘာ ၂၀ ရက်အထိ ကူးစက်ခံရသူ ၇၆၄၁၄ ဦးအထိရှိလာပြီး သေဆုံးသူအရေအတွက်မှာလည်း ၁၆၉၅ ဦးအထိရှိလာပြီဖြစ်သည်။

COVID-19 ကူးစက်မှုမှာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်မီကာလတွင် ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းတွင် ရောဂါကူးစက်မှုများခဲ့ခြင်းဖြစ်သော်လည်း ရွေးကောက်ပွဲအပြီးနောက်ပိုင်းတွင် မန္တလေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းအစရှိသည့် နယ်ဒေသများတွင်ပါ ရောဂါကူးစက်မှုများလာသည်ကို တွေ့ရသည်။

အထူးသဖြင့် မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဟု တင်စားခေါ်ဆိုနိုင်သည့် မန္တလေးတိုင်းဒေသကြီးတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောဂါကူးစက်မှုမှာ နေ့စဉ် ၁၀၀ ကျော် ရှိနေသည်ကို တွေ့ရသည်။ အလားတူ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း နေ့စဉ် ပျမ်းမျှ ၁၀၀ နှင့် ၈၀ ကြားတွင်လည်း ကောင်း၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေ့စဉ်ပျမ်းမျှ ဆယ်ဂဏန်းမျှ ရောဂါပိုးကူးစက်ခံရသူများ တွေ့ရှိလာခဲ့သည်။

ကျန်းမာရေးပြုစုစောင့်ရှောက်မှု အကောင်းဆုံးနေရာတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ဒုတိယလှိုင်းစတင်ဖြစ်ပွားစဉ်က လိုအပ်ချက်များရှိခဲ့သဖြင့် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

ယင်းကြောင့် ကျန်းမာရေး စောင့်ရှောက်မှုလက်လှမ်းမမီသည့် အခြားသောပြည်နယ်နှင့်တိုင်းများတွင် COVID-19 ဖြစ်ပွားမှုမြင့်တက်လာသည့်အချိန်တွင် မည်သို့ကိုင်တွယ်ဖြေရှင်းမည်ဆိုသည်မှာ ကျန်းမာရေးဌာနအတွက် စိန်ခေါ်မှုများ ရှိလာသည်ဟုဆိုရမည်ဖြစ်သည်။

ကိုဗစ်ကူးစက်မှု အဘယ်ကြောင့် များလာသနည်း

ရွေးကောက်ပွဲအပြီးတွင် မြန်မာနိုင်ငံ၌ ကိုဗစ်ကူးစက်မှုများလာသည့်အခြေအနေမှာ ငြင်းမရသည့် အခြေအနေဖြစ်ပြီး ယင်းသို့ဖြစ်လာမည်ကိုလည်း လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခဲ့သည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ထုတ်ဖော်ပြောကြားမှုများ ရှိခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီ ပါတီအချို့၏ ဝန်းရံသူဟုဆိုသူများက သက်ဆိုင်ရာဒေသများတွင် လူအင်အား ရာနှင့်ချီ၍ ဝန်းရံချီတက်မှုများ ပြုလုပ်ခြင်း၊ ရွေးကောက်ပွဲအပြီးတွင် အနိုင်ရပါတီ NLD ထောက်ခံသူများက လူစုလူဝေးဖြင့် အောင်ပွဲခံမှုများမှာ ရောဂါကူးစက်မှုအတွက် အဓိကလမ်းကြောင်းများဖြစ်သည်ဟု ဆိုနိုင်သည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါကူးစက်ခံရသူများ၏ ဖြစ်စဉ်ကို လိုက်လံစုံစမ်းရာတွင် အောင်ပွဲခံလူစုလူဝေးသို့ သွားရောက်ခဲ့သူများကို တွေ့ရှိခဲ့ရသည်ဟု ရန်ကုန်တိုင်းဒေသကြီး Commmunity Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

“ လူနာလာပြပြီဆိုရင်မေးလိုက်တယ်။ ဘယ်သွားထားလဲ။ Contact ရှိလား။ အနံ့ပျောက်တာ ဘယ်တုန်းကလဲ။ ဘယ်ကနေကူးစက်မှုတွေရှိခဲ့တာလဲဆိုတဲ့ မေးခွန်းကို လူနာတွေကိုမေးတဲ့အခါ သူတို့ကအပြင်မသွားဘူး။ ရွေးကောက်ပွဲရက်ပြီးတော့ အောင်နိုင်ရေးပွဲမှာ သူငယ်ချင်းတွေနဲ့ အပြင်သွားမိတယ်။ တချို့ကျတော့ အဖွဲ့နဲ့ အပျော်လွန်ပြီး ကားနဲ့အဲဒီလို သွားကြတယ်။ အဲဒီလိုလေးတွေပြောတာတွေရှိတယ်။ စစ်လိုက်ရင်သူတို့တွေမှာ Positive တွေ့တယ်။ ဆက်စပ်မှုတွေကို ပြန်ချိတ်တော့ တွေ့လာရတာပါ” ဟု ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

အလားတူ နယ်မြို့များတွင်လည်း ရောဂါကူးစက်ခံရသူများမှာ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဝန်းရံအင်အားပြသည့် လူစုလူဝေးသို့ လိုက်ပါရာမှ ကူးစက်ခံရသူများကိုလည်း တွေ့ရှိခဲ့သည်။

ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းတွင် ရွေးကောက်ပွဲနောက်ပိုင်းကာလတွင် လူစုလူဝေးဖြစ်မှုများကြောင့် လာမည့်တစ်ပတ်နှစ်ပတ်တွင် COVID ပြန့်ပွားမှုနှုန်း အနည်းငယ်တက်လာနိုင်ကြောင်း ပြောကြားခဲ့သည်။

“ ကျွန်မထပ်ပြီးတော့ ပြောပါရစေ။ အခုချိန်မှာ လူစုလူဝေးတွေ နည်းနည်းဖြစ်ခဲ့တာကြောင့် ကိုဗစ်ရောဂါပြန့်ပွားမှုနှုန်းလည်း နောက်တစ်ပတ် နှစ်ပတ်အတွင်းမှာ အနည်းငယ် တက်လာနိုင်တယ်ဆိုတာ အခုကတည်းကစပြီး သတိပြုရမှာ ဖြစ်ပါတယ်။ ဆက်ပြီးမဖြစ်အောင်လို့ လူစုလူဝေးတွေကိုရှောင်ပါ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း အထွေထွေရွေးကောက်ပွဲအကြိုကာလနှင့် နောက်ပိုင်းဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးများကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုတိုးမြင့်ခြင်း ရှိ မရှိ စောင့်ကြပ်ကြည့်ရှုနေပြီး ပြည်သူများအနေဖြင့် မိမိနေအိမ်၌သာ နေထိုင်ရန် နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် ပန်ကြားချက် ထုတ်ပြန်ခဲ့သည်။

ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ထပ်မံသတိပေးမှုများ ပြောကြားခဲ့သည်။

“ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ဒီရက်ပိုင်းအတွင်း ကြေညာချက် ထပ်ထုတ်ပြီးပါပြီ။ ဝန်ကြီးဌာနရဲ့ စည်းမျဉ်းစည်းကမ်းတွေကို မလိုက်နာရင် တည်ဆဲဥပဒေအရ အရေးယူရပါလိမ့်မယ်။ ပြည်သူတွေကို အရေးယူချင်လို့တော့မဟုတ်ဘူး။ ဒဏ်ပေးချင်လို့လည်း မဟုတ်ဘူး။ ဒီရောဂါဘေးမှ ကာကွယ်ချင်လို့ပဲ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

သို့သော်ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအပြီး အောင်ပွဲခံလူစုလူဝေးများ ပြုလုပ်မှုများကိုမူ အစိုးရက လျစ်လျူရှုခဲ့သည်ဟု ဆိုရမည်ဖြစ်ပြီး တစ်ဦးတစ်ယောက်မျှ အရေးယူခံရခြင်းမရှိခဲ့ပေ။ ယင်းမတိုင်မီကလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက COVID-19 မကူးစက်စေရန် လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများ ချမှတ်ထားပြီး မလိုက်နာပါက အရေးယူမည်ဟု ထုတ်ပြန်ထားပြီးဖြစ်သည်။

နယ်မြို့များတွင် COVID-19 ရင်ဆိုင်ရန် မည်သည့်အရာများ ရှိနေသနည်း

နယ်မြို့များတွင် ရောဂါကူးစက်ခံရမှုများ မြင့်တက်လာသည့်အချိန်တွင် အများဆုံးတွေ့ရှိရသည့် ရောဂါလက္ခဏာမှာ အနံ့ပျောက်သူ များလာသည့်အခြေအနေဖြစ်သည်ဟု မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် COVID-19 ကာကွယ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မဟာလူမှုကယ်ဆယ်ရေးအသင်းမှ ကိုသက်ကြီးက ပြောကြားသည်။

“ ဒီနေ့ဆို အနံ့ပျောက်တဲ့သူ ကျွန်တော်ပို့နေတာ ၁၈ ယောက်ရှိသွားပြီ။ အဲဒီလူတွေရဲ့ Result တွေ ကမနက်ဖြန်ဆိုကြားရပြီ။ မနက်ပိုင်း မဟုတ်ရင် နေ့လယ်ပိုင်း ဒါမှမဟုတ်ရင်  ညနေစောင်းပေါ့။ Positive ဖြစ်ပြီဆိုရင် သူနဲ့ထိစပ်တွေကို တစ်ခါလိုက်ရပြန်ရော” ဟု ကိုသက်ကြီးက ဆက်လက်ပြောကြားသည်။

COVID-19 ရောဂါမှာ ကာလတစ်ခုအတွင်း မျိုးဗီဇပြောင်းလဲမှုများရှိနေသဖြင့် ရောဂါကူးစက်ခံရသူမှာ မည်သည့်လက္ခဏာမျှမပြဘဲ ရောဂါပိုးသယ်ဆောင်သူဖြစ်နိုင်သည့်အခြေအနေများတွင်လည်းရှိနေကာ လိုအပ်သည့်ညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များကို ထုတ်ပြန်ပေးမည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းတင်က ပြောကြားထားသည်။

“COVID-19 က ရောဂါလက္ခဏာမပြဘဲ ခန္ဓာကိုယ်ထဲမှာရောဂါပိုးကို သယ်ဆောင်ပြီး အခြားသူတွေကို ကူးစက်စေနိုင်တဲ့ Asymptomatic Carrier ပေါ့။ ဒီကနေတစ်ဆင့် အခြားသူတွေကို ကူးစက်ဖြစ်ပွားစေနိုင်ပါတယ်။ လက်ရှိတွေ့ရှိချက်အရ Asymptomatic Carrier က ၆၅ ရာခိုင်နှုန်း ရှိပါတယ်။ ဆိုလိုတာက လူ ၁၀ ယောက်မှာ ခြောက်ယောက်၊ ခုနစ်ယောက်က ရောဂါလက္ခဏာ မပြဘဲ ရှိနေနိုင်တော့ သူတို့ကတစ်ဆင့် အခြားသူတွေကို ကူးစက်မှုတွေ ရှိပါတယ်” ဟု ဒေါက်တာထွန်းတင်က ပြောကြားသည်။

COVID-19 ရောဂါမှာ ပိုးတွေ့ရှိသူတစ်ဦးနှင့် ထိစပ်မိသူများကိုပါ Quarantine ထားရှိပြီး စောင့်ကြည့်ရခြင်းများရှိသဖြင့် အချို့သောနယ်မြို့ဒေသများတွင် Quarantine များ၌ လူပြည့်နေမှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

တစ်နိုင်ငံလုံး၌ Quarantine စင်တာ ခြောက်ထောင်ကျော်ရှိနေပြီး ယင်းတို့အနက် ဧရာဝတီတိုင်းဒေသကြီးမှာ Quarantine ဝင်နေသူအများဆုံးဖြစ်ကာ လူဦးရေ ၁၆၀၀၀ ကျော်ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၂၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ Quarantine နေရာ ၃၁၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၉၁၀၀၀ ကျော်၊ ပဲခူးတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၁၀၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၇၃၀၀ ကျော်၊ ဧရာဝတီတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၄၀၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၆၀၀၀ ကျော်၊ မကွေးတိုင်းဒေသကြီးရှိ Quarantine နေရာ ၄၄၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၂၃၀၀ ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးရှိ Quarantine နေရာ ၈၆၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၄၂၀၀ ကျော်၊ ကချင်ပြည်နယ်ရှိ Quarantine နေရာ ၁၈၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၁၇၀၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၉၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၄၀၀၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေရာ ၃၀၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၂၂၀၀ ကျော်၊ ရခိုင်ပြည်နယ်ရှိ Quarantine နေရာ ၂၉၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၁၉၀၀ ကျော်၊ ရှမ်း (တောင်ပိုင်း) ရှိ Quarantine နေရာ ၁၁၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၂၀၀၀ ကျော်၊ တနင်္သာရီတိုင်းဒေသကြီးရှိ Quarantine နေရာ ၁၅၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၁၅၀၀ ကျော်၊ မွန်ပြည်နယ်ရှိ Quarantine နေရာ ၃၀ ကျော်၌ အသွားအလာကန့်သတ်ထားသူ ၂၀၀၀ ကျော်၊ ရှမ်း (မြောက်ပိုင်း) ရှိ Quarantine နေရာ ၄၂၀ ကျော်တွင် အသွားအလာကန့်သတ်ထားသူ ၇၈၀ ကျော်၊ နေပြည်တော်ရှိ Quarantine နေရာ ခြောက်ခုတွင် အသွားအလာကန့်သတ်ထားသူ ၁၇၀၀ ကျော်၊ ရှမ်း (အရှေ့) ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၂၂၀ ကျော်၊ ကရင်ပြည်နယ်ရှိ Quarantine နေရာ ၃၀၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၂၂၀၀ ကျော်၊ ချင်းပြည်နယ်ရှိ Quarantine နေရာ ၂၀ ကျော်တွင် အသွားအလာ ကန့်သတ်ထားသူ ၃၅၀ ကျော်ရှိကြောင်း သိရသည်။

သို့သော် နယ်မြို့ဒေသများမှာ  ရန်ကုန်တိုင်းဒေသကြီးထက် အားသာချက်တစ်ခုမှာ လူဦးရေထူထပ်မှု မရှိခြင်းနှင့် နေအိမ်ခြံများမှာ ကျယ်ဝန်းခြင်း စသည့်အားသာချက်ကြောင့် မိမိနေအိမ်များတွင် Home Quarantine နေထိုင်နိုင်သည့်အချက်ဖြစ်သည်။

Quarantine Centre ပြုလုပ်ရန် ပြင်ဆင်နေသည်ကို နိုဝင်ဘာ ၁၉ ရက်က တွေ့ရစဉ်

“ ထိစပ်လိုက်ကောက်တဲ့အခါမှာ မနေ့ကစပြီး သတ်မှတ်လိုက်တာကတော့ ထွေအုပ်က နေအိမ်ဝင်းခြံ တစ်ဝင်းတည်းဆိုရင် Home Quarantine ပေးဖို့လုပ်နေပြီ။ Quarantine စင်တာတွေ ပြည့်လာတဲ့ အတိုင်းအတာမှာ အခုတော့နည်းနည်းချောင်သွားတယ်လို့ ပြောရမှာပေါ့။ ဒါပေမဲ့ တော်ရုံတန်ရုံ ကိုယ့်အိမ်မှာ Home Quarantine ပေးလို့ရမယ့် အခြေအနေဆိုရင် Home Quarantine စီစဉ်ပေးနေတယ်။ ရန်ကုန်ကကျတော့ လူနေထူတယ်။ ကျွန်တော်တို့ ဒီဘက် (မန္တလေး) မှာကျတော့ သူ့ဝင်းသူ့ခြံနဲ့ဆိုတော့ Home Quarantine နဲ့လောက်မှာပါ” ဟု မဟာလူမှုကယ်ဆယ်ရေးအသင်းမှ ကိုသက်ကြီးက ပြောကြားသည်။

ရောဂါဖြစ်ပွားမှု မြင့်တက်နေသည့် မန္တလေးတိုင်းဒေသကြီးနှင့် ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးတွင်မူ နှစ် ၇၀၀ ဘောလုံးကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံကို Quarantine စင်တာပြုလုပ်ရန် စီစဉ်နေကြောင်း စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

ယင်း နှစ် ၇၀၀ ဘောလုံးကွင်းအတွင်း ယခင်က အိပ်ဆောင်သုံးဆောင်ကို Quarantine စင်တာ ပြုလုပ်ထားသော်လည်း Quarantine ဝင်ရောက်သူများလာသဖြင့် ထပ်မံတိုးချဲ့ခဲ့ခြင်းဖြစ်သည်ဟု စစ်ကိုင်းမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းနိုင်က ပြောကြားသည်။

“ နှစ် ၇၀၀ ကွင်းအတွင်းမှာ ရှိတဲ့ ဖူဆယ်အားကစားရုံမှာ လူဦးရေ ၂၀ ထားလို့ရအောင် အခန်းဖွဲ့စည်း ဆောင်ရွက်နေပါပြီ။ နဂိုမူလအားက စားအိပ်ဆောင်တွေရှိတယ်။ အဲဒီမှာလည်း Quarantine ဝင်နေသူတွေ ရှိတယ်။ အခုဟာက ဖူဆယ်ရုံမှာ ထပ်ပြီးတော့ လူ ၂၀ ထားလို့ရအောင် ထပ်ပြီးတော့ ပြင်ဆင်ဖွဲ့စည်းတာပေါ့” ဟု ၎င်းက ပြောကြားသည်။

Quarantine ဝင်နေသူများမှှာ Stay at Home သတ်မှတ်ထားသော မြို့နယ်များမှပြန်လာသူများ၊ ပိုးတွေ့လူနာများနှင့် ထိတွေ့မိသူများဖြစ်သည်။

ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင်လည်း ပိုးတွေ့သူများလာသဖြင့် နေရာအခက်အခဲများဖြစ်လာရာ သံဃာဒါနဆေးရုံအား ပိုးတွေ့ရှိသူများထားရှိရန် ယာယီဆောင်ရွက်ထားရကြောင်း မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ Positive လူနာတွေက မထင်မှတ်ဘဲ များလာတယ်။ မြိတ်ပြည်သူ့ဆေးရုံကြီးမှာလည်း လူနာတွေထားဖို့ နေရာအနည်းငယ်အခက်အခဲ ဖြစ်လာတဲ့အတွက် မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်) ကလည်း လိုအပ်ချက် အရပြည်သူ့ဆေးရုံကြီးနဲ့ ပူးပေါင်းပြီး သံဃာ့ဆေးရုံကိုတိုးချဲ့ COVID-19 စင်တာအဖြစ်ဖွင့်မယ်ဆိုပြီး တိုင်ပင်ဆုံးဖြတ်လိုက်တယ်။ ပရဟိတအသင်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်ဖြစ်တယ်။ မောတောင် ဆရာတော်ကြီးရဲ့လမ်းညွန်မှုကို ခံယူပြီး သံဃာ့ဆေးရုံရဲ့စက္ခုဒါနအဆောင်မှာ သုံးဖို့သင့်တော်မယ်ဆိုပြီး ဆုံးဖြတ်လိုက်တဲ့အတွက် COVID-19 စင်တာအဖြစ် ဆောင်ရွက်ဖို့ ဖြစ်လာပါတယ်။ ခုတင်အနေအထားအရ လူနာ ၆၅ ဦးအထိ လက်ခံဆောင်ရွက်ဖို့ပြင်ဆင်ထားတယ်” ဟု မြန်မာနိုင်ငံဆရာဝန်အသင်း (မြိတ်) မှ ဒုတိယဥက္ကဋ္ဌ ဒေါက်တာအေးအေးသိန်းက ပြောကြားသည်။

အလားတူ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြရှိ လူ ၅၀၀ ကျော်ဆံ့သည့် Quarantine စင်တာ၌လည်း Quarantine ဝင်နေသူပြည့်သွားသဖြင့် အခြားနေရာတစ်ခုတွင် ထပ်မံဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ဧရာဝတီတိုင်းဒေသကြီးရှိ Weekly Eleven သတင်းထောက်က သတင်းပေးပို့သည်။

“ အစိုးရက ဘယ်နေရာထပ်ပေးမလဲဆိုတာတော့ မသိရသေးဘူး။ တခြားနေရာမှာ ထပ်ဖွင့်ဖို့လုပ်နေကြတယ်လို့ ပြောပါတယ်” ဟု Weekly Eleven သတင်းထောက်က ပြောကြားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး/ပြည်နယ်များရှိ နေအိမ်တွင် နေထိုင်ရေးအစီအစဉ်၌ မပါဝင်သော မြို့နယ်အားလုံး၌ COVID-19 ရောဂါဓာတ်ခွဲစစ်ဆေးခြင်းနှင့် ပတ်သက်၍ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူများအား သတ်မှတ်ထားသောနေရာတွင် အသွားအလာကန့်သတ်ထားရှိခြင်း ဆောင်ရွက်ရာ၌ ဓာတ်ခွဲအတည်ပြုလူနာနှင့် နောက်ဆုံးအကြိမ် ထိတွေ့သည့်ရက်မှ သုံးရက်မြောက်နေ့တွင် ပထမအကြိမ်ဓာတ်ခွဲနမူနာယူ၍ COVID-19 Antigen Test (Rapid test kit) ဖြင့် ဓာတ်ခွဲစစ်ဆေးရန်၊ ပထမအကြိမ်စစ်ဆေးခြင်း Negative ဖြစ်ပါက ဓာတ်ခွဲအတည်ပြုလူနာနှင့် နောက်ဆုံးအကြိမ် ထိတွေ့သည့် ရက်မှ ၁၁ ရက်မြောက်နေ့တွင် ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ ထပ်မံရယူပြီး RT-PCR နည်းပညာဖြင့် ဓာတ်ခွဲစစ်ဆေးရန်၊ ဓာတ်ခွဲစစ်ဆေးခြင်း နှစ်ကြိမ်စလုံးတွင် Negative ဖြစ်သော်လည်း သံသယရောဂါလက္ခဏာများ စတင်တွေ့ရှိပါက ကုသခြင်းလုပ်ငန်းကို ချက်ချင်းဆောင်ရွက်နိုင်ရန်နှင့် ပိုမိုစိတ်ချစေရန်အတွက် အနီးကပ်ထိတွေ့ဆက်စပ်ခဲ့သူဟု စတင်သတ်မှတ်သည့်ရက်မှ ၁၄ ရက်တိတိ မဖြစ်မနေသတ်မှတ်ထားသောနေရာတွင် အသွားအလာ ကန့်သတ်ထားရှိခြင်း ဆောင်ရွက်ရမည်ဖြစ်သည်။

ယင်းကြောင့် အသွားအလာ ကန့်သတ်ခံရသူများအနေဖြင့် Quarantine ၁၄ ရက်တိတိနေထိုင်ရမည်ဖြစ်သည်။ ယင်း၁၄ ရက်အတွင်း သက်ဆိုင်ရာမြို့များမှ တာဝန်ရှိသူများမှ တာဝန်ယူစောင့်ကြည့်ရမည် ဖြစ်ပြီး အခက်အခဲများ ပေါ်ပေါက်လာမည်ဖြစ်သည်။

နယ်မြို့များနှင့် COVID-19 စိန်ခေါ်မှုများ

ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 စတင်ကူးစက်မှုဖြစ်ပွားလာသည့်အချိန်မှစပြီး မြို့နယ်တိုင်းနီးပါးတွင် Fever Clinic များ ဖွင့်လှစ်၍ ရောဂါလက္ခဏာပြသသူများအား စစ်ဆေးပေးမှုများရှိခဲ့သော်လည်း နယ်မြို့များတွင်မူ ဖွင့်လှစ်နိုင်ခြင်းမရှိသေးပေ။

COVID-19 ရောဂါ၏ လက္ခဏာရပ်တစ်ခုဖြစ်သည့် အနံ့ပျောက်သူ များလာသော်လည်း ၎င်းတို့အား စစ်ဆေးရာတွင် ဆေးရုံများ၌သာ စစ်ဆေးနိုင်ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအနေဖြင့် Fever Clinic ဖွင့်လှစ်ခြင်းကို တားဆီးထားခြင်း မရှိကြောင်း၊ လမ်းညွန်ချက်များကို လိုက်နာပါက အကောင်းဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

“ ကျွန်တော်တို့က ပိတ်ပင်မထားဘူး။ ကိုယ့်ဒေသအခြေအနေနဲ့ လိုအပ်မယ်ဆိုရင် ဖွင့်လို့ရတယ်။ ဒါပေမဲ့ ဖွင့်တဲ့ Fever Clinic က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ လမ်းညွန်ချက်တွေပေါ့နော်။ အထူးသဖြင့် အနံ့ပျောက်တဲ့သူတွေ ပိုးရှိတဲ့သူတွေကို အိမ်ပြန်လွှတ်တာတို့ဘာတို့ မလုပ်ဖို့လိုတယ်။ ကျွန်တော်တို့ ဆီမှာ သိတဲ့အတိုင်းပဲ။ လှိုင်သာယာတို့ ဘာတို့မှာဆို အိမ်လေးကျဉ်းကျဉ်းလေးမှာ မိသားစုတွေစုပြီးနေကြတာ။ တစ်ယောက်လောက်ပိုးရှိပြီဆို အကုန်ကူးပြီ။ ဒါမျိုးတွေပေါ့။ လိုက်နာဖို့လိုပါတယ်။ လူတွေရဲ့ အခြေအနေကိုလည်း နားလည်ရမယ်။ အနံ့ပျောက်နေပြီဆို ပိုးကကျိန်းသေသလောက်ရှိနေပြီ။ ခင်ဗျားအိမ်မှာ Mask တပ်ပြီးနေပါဆိုပြီး ပြောလိုက်လို့မရဘူး။ ဟိုကလည်း ဟုတ်ကဲ့ဆိုပြီး ပြန်သွားမှာပဲ။ ဒါပေမဲ့ နေထိုင်ရတဲ့အနေအထား။ ကျွန်တော်တို့တောင်မှ Mask ကို တစ်နေကုန်မနေနိုင်တဲ့အနေအထားမှာ။ ၁၀ ပေပတ်လည်လောက် မိသားစုသုံးလေးယောက်စုနေရတဲ့အနေအထားမှာ Mask တပ်ဖို့ဆိုတာ မလွယ်ဘူးလေ” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

လတ်တလော ရောဂါပျံ့နှံ့မှုများနေသည့် မန္တလေးတိုင်းဒေသကြီးတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ Fever Clinic တစ်ခုသာရှိပြီး အခြားမြို့နယ်များတွင် ဖွင့်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ ဖွင့်ခွင့်ရမယ်ဆိုရင်တော့ မိုဘိုင်းပုံစံမျိုးနဲ့ လုပ်မယ်။ မီနီဘတ်တစ်စီးက အဆင်သင့်ရှိတယ်။ အဲဒီမှာ ကျန်းမာရေးက သတ်မှတ်တဲ့ စည်းမျဉ်းတွေအတိုင်းလုပ်မယ်။ စစ်ဆေးပေးတဲ့ဆရာဝန်၊ ဗော်လံတီယာ တွေကိုလည်း ချိတ်ထားတယ်။ လုပ်ဖို့တော့ စီစဉ်နေတယ်” ဟု မဟာအောင်မြေမြို့နယ် COVID-19 ကာကွယ်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မဟာလူမှုကယ်ဆယ်ရေးအသင်းမှ ကိုသက်ကြီးက ပြောကြားသည်။

Fever Clinic ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လိုအပ်သည့်လမ်းညွှန်ချက်များကို ထုတ်ပြန်ထားပြီး ဝန်ထမ်းမဟုတ်သည့် ဆရာဝန်များက Volunteer များအဖြစ် ဆောင်ရွက်ပေးခြင်းဖြစ်သည်။ နယ်မြို့များတွင် Fever Clinic ဖွင့်လှစ်ပြီး လက္ခဏာပြသူများကို စစ်ဆေးရန် စီစဉ်ပါက အဓိက အခက်အခဲဖြစ်လာမည့်အရာမှာ ဆရာဝန်အခက်အခဲပင်ဖြစ်သည်။

ထို့ပြင် COVID-19 ဒုတိယလှိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် အဓိကကြုံတွေ့ခဲ့သည့်အရာမှာ အောက်ဆီဂျင်အခက်အခဲဟု ဆိုရမည်ဖြစ်သည်။

ဆေးရုံတက်ရောက်ရသူများတွင် အောက်ဆီဂျင်လိုအပ်ချက်များ ရှိခဲ့သဖြင့် ပရဟိတအသင်းများ၊ လူမှုကူညီရေးအသင်းများ၊ အလှူရှင်များက ၀ိုင်းဝန်းကူညီမှုများရှိခဲ့သော်လည်း သေဆုံးမှုများကိုလည်း ကြုံတွေ့ခဲ့ရသည်ကို တွေ့ရသည်။

COVID-19 ကြောင့်သေဆုံးမှု နေ့စဉ် ပျမ်းမျှ ၂၀ ကျော်တွင်ရှိနေပြီး သေဆုံးသူအများစုမှာလည်း ရန်ကုန်တိုင်းဒေသကြီးမှ ဖြစ်သည်။

သေဆုံးသူများမှာ ဆီးချို၊ သွေးတိုးစသည့် ရောဂါအခံရှိသူအများစုဖြစ်ပြီး အသက်အရွယ်ကြီးရင့်သူများမှာ သေဆုံးမှုအများဆုံးရာခိုင်နှုန်းတွင် ပါဝင်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးကဲ့သို့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်သည့်ဒေသမှာပင် အသက်ဆုံးရှုံးခြင်းများ ရှိနေရာ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်ဒေသများတွင် အောက်ဆီဂျင်အလုံအလောက်ရှိမှု၊ လူနာအား မြန်မြန်ဆန်ဆန်ပို့နိုင်ရန် စီစဉ်ထားမှု အစရှိသည်တို့မှာ စိန်ခေါ်မှုများဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကမူ ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ရောဂါနှင့် ပတ်သက်ပြီး ကြုံတွေ့ခဲ့ရ သည့်အခြေအနေများကို အခြားတိုင်းနှင့် ပြည်နယ်များကို မျှဝေခြင်းများ ဆောင်ရွက်ထားသည်ဟု ပြောကြားသည်။

“ ရန်ကုန်တိုင်းရဲ့အတွေ့အကြုံတွေ၊ သင်တန်းတွေ အများကြီး Share လုပ်ပေးထားတာတွေရှိတယ်” ဟု ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

Most Read

Most Recent