အမိန့်နှင့် စည်းကမ်းများ မလိုက်နာမှု၏ အကျိုးဆက်ကြောင့် ပြန်လည်မြင့်တက်လာသည့် COVID လူနာဦးရေ

အမိန့်နှင့် စည်းကမ်းများ မလိုက်နာမှု၏ အကျိုးဆက်ကြောင့် ပြန်လည်မြင့်တက်လာသည့် COVID လူနာဦးရေ
နိုဝင်ဘာ ၈ ရက် ညပိုင်းက မန္တလေးတိုင်း NLD ရုံးရှေ့တွင် ရွေးကောက်ပွဲရလဒ် လာရောက်စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
နိုဝင်ဘာ ၈ ရက် ညပိုင်းက မန္တလေးတိုင်း NLD ရုံးရှေ့တွင် ရွေးကောက်ပွဲရလဒ် လာရောက်စောင့်ဆိုင်းနေသူများကို တွေ့ရစဉ်
Published 22 November 2020
အိသဥ္ဇာကျော်

နိုဝင်ဘာ ဒုတိယပတ်မှစ၍ ရန်ကုန်အပါအဝင် ပဲခူး ၊ မန္တလေး၊ ဧရာဝတီတိုင်းဒေသကြီးတို့တွင် COVID-19 ပိုးတွေ့လူနာ သိသိသာသာ ပြန်လည်များပြားလာခဲ့သည်။ မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့နှုန်းမှာ အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၂ ရက်ကာလအတွင်း ရှစ်၊ ကိုး၊ ၁၀၊ ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး နိုဝင်ဘာ ၂ ရက်နောက်ပိုင်း အချို့ရက်များမှ လွဲ၍ အများစုမှာ ပိုးတွေ့နှုန်း ခုနစ် ရာခိုင်နှုန်းဝန်းကျင်အထိ ကျဆင်းခဲ့သည်။

လက်ရှိ နိုဝင်ဘာလတတိယပတ်မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိုးတွေ့နှုန်း ပြန်လည်မြင့်တက်လာရာ နိုဝင်ဘာ ၁၇ ရက်မှစ၍ တစ်နေ့လျှင် ပိုးတွေ့လူနာ ၁၅၀၀ ကျော်အထိ မြင့်တက်လာခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးတွင်သာမက အခြားပြည်နယ်နှင့် တိုင်းများ၌ပါ COVID-19 ကူးစက်မှု မြင့်တက်လာခြင်းဖြစ်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကူးစက်ခံရသူ အများဆုံးဒေသဖြစ်ပြီး နိုဝင်ဘာလဆန်းပိုင်းမှစ၍ အခြားသောဒေသများဖြစ်သည့် မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် ရောဂါကူးစက်မှု များလာသည်ကို တွေ့ရသည်။

“ ရန်ကုန်က များနေတုန်း ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက ကျွန်တော်တို့က ရန်ကုန်ပြီးရင်ဘာလာမလဲပေါ့။ စဉ်းစားတဲ့အခါမှာ ရန်ကုန်နဲ့ဆက်စပ်မှု များပြားတဲ့နေရာတွေက နေပြည်တော်ရှိမယ်။ ပဲခူးရှိတယ်။ မန္တလေးရှိတယ်။ ဧရာဝတီရှိတယ်။ မော်လမြိုင်ရှိတယ်။ ဒီလိုနေရာမှာလည်း ကူးနိုင်တယ်လို့ ကျွန်တော်တို့ တွက်ထားတယ်။ ခုနကပြောသလိုပေါ့။ တိုင်းနဲ့ ပြည်နယ်တွေက ထွက်သွားနိုင်တာကိုး။ အဲဒီတော့ ဒီဟာတွေအတွက်က Stay at Home အစီအစဉ်တွေ ကြေညာခဲ့တယ်” ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားသည်။

ရောဂါပိုးတွေ့ရှိမှုအနေဖြင့် သိသိသာသာ မြင့်တက်လာသည့် ဒေသမှာ မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး ရွေးကောက်ပွဲအပြီး တစ်ပတ်ခန့်အကြာတွင် ရောဂါပိုးတွေ့ရှိသူ ၆၃၀ ကျော်အထိ ရှိလာခဲ့သည်ကို တွေ့ရသည်။ အလားတူ စစ်ကိုင်းတိုင်းဒေသကြီး၌လည်း ရောဂါဖြစ်ပွားမှုများရှိပြီး စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၀ ရက်မှ နိုဝင်ဘာ ၁၆ ရက်အထိ ရောဂါပိုးတွေ့ရှိသူ ၅၁၂ ဦးရှိခဲ့ပြီး ကုသမှုခံယူဆဲ ၁၄၉ ဦးရှိသည်ဟု ဆိုသည်။

“ စစ်ကိုင်းတစ်မြို့တည်းမှာတင် လူ ၅၀  လောက်ရှိတယ်။ ဒီနေ့ တစ်ရက်တည်းတောင်မှ ၁၂ ဦးရှိတယ်။ ဘယ်ကနေ ဘယ်လိုကူးသလဲဆိုတာ မလိုက်နိုင်တော့ဘူး။ အဓိက ကူးတာကတော့ မန္တလေးဘက်က ကူးကြတာ များတယ်” ဟု စစ်ကိုင်းမြို့ပေါ်ရှိ လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

COVID-19 ရောဂါ စတင်ဖြစ်ပွားစဉ်မှ နိုဝင်ဘာလတတိယပတ်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် လူနာ ၅၆၀၀၀ ကျော် တွေ့ရှိထားပြီး တစ်နိုင်ငံလုံး ရောဂါဖြစ်ပွားမှု၏ ရာခိုင်နှုန်း ၈၀ ကျော်အထိ ရှိနေသည်။

“ ရန်ကုန်တိုင်းဒေသကြီးမှာ Positive လူနာ ၅၀၀၀၀ ကျော်ရှိပါတယ်။ ဒီအထဲမှာ ၁၄၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ရန်ကုန်တိုင်းရဲ့ Positive လူနာ ၅၀၀၀၀ ကျော်က တစ်နိုင်ငံလုံး COVID-19 ရောဂါ ဖြစ်ပွားမှုရဲ့ ရာခိုင်နှုန်း ၈၀ ကျော်ရှိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ဆိုသည်။

ရန်ကုန်တိုင်းအတွင်းရှိ Fever Clinic များသို့ လာရောက်ပြသူအများစုတွင် COVID-19 ရောဂါပိုးတွေ့ရှိမှု ယခင်ထက်ပိုများလာပြီး ရွေးကောက်ပွဲအောင်ပွဲခံ လူစုလူဝေး၌ ကူးစက်ခံရသူများလည်း ပါဝင်လာသည်ဟု ရန်ကုန်တိုင်းဒေသကြီး Community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ဆိုသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ Fever Clinic များသို့ လာရောက်ပြသသူများမှာ ရာသီအကူးအပြောင်းကြောင့် ဖြစ်ပွားသည့် ရောဂါများကို လာရောက်ပြသသူများလည်း ပါဝင်ခဲ့သော်လည်း လက်ရှိတွင် လာရောက်ပြသသူ နည်းလာကြောင်း၊ သို့သော် COVID-19 လက္ခဏာပြသူ အများစုဖြစ်လာကြောင်း ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

“ ဆေးခန်းလာပြတဲ့နှုန်းမှာတော့ ကျသွားတယ်။ အရင်တုန်းက ဆိုလာပြတဲ့လူနာတွေထဲမှာ ဒုတိယလှိုင်းအစမှာက မိုးတွင်းကာလလည်း ဖြစ်ခဲ့တော့ မိုးတွင်းမှာဖြစ်တဲ့ ဖျားနာတုပ်ကွေးလူနာတွေလည်း ရှိခဲ့တယ်။ လာပြတယ်။တခြားမိုးတွင်းမှာ ဖြစ်တဲ့ရောဂါတွေနဲ့ ဆက်စပ်တဲ့လူနာတွေလည်း လာပြကြတယ်။ အခု မိုးတွင်းလည်းပြီးရော ဒီကာလမှာ လာပြတဲ့လူနာတွေက COVID သီးသန့်ပဲ လာပြတဲ့ လူနာတွေ ဖြစ်လာတယ်။ အခုကတော့ လူနာလာပြနှုန်းကကျသွားပေမဲ့ COVID သီးသန့်လိုဖြစ်သွားတယ်။ လာပြတဲ့ လူနာတိုင်းက COVID သီးသန့် ဖြစ်သွားတဲ့ သဘောပေါ့” ဟု ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း Fever Clinic ၂၅ ခုရှိပြီး လာရောက်ပြသသူ အရေအတွက်မှာ ဆေးခန်းတစ်ခုလျှင် ပျမ်းမျှလူနာ ၅၀ ခန့် လာရောက်ပြသကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ တစ်ပတ်ကို Fever Clinic တစ်ခုစီမှာ သုံးရက်ဖွင့်တာရှိတယ်။ နှစ်ရက်ဖွင့်တာ ရှိတယ်။ တချို့ကျ တစ်ပတ်လုံးဖွင့်တာလည်း ရှိတယ်။ အဲဒီမှာ တစ်ရက်ကို ၃၀ နဲ့ ၅၀ ကြား လာပြတာတွေရှိတယ်။ တချို့မြို့နယ်တွေ ဥပမာ အင်းစိန်တို့၊ ရွှေပြည်သာတို့၊ လှိုင်သာယာတို့ဆိုရင် လူနာများတယ်။ အဲဒီဘက်တွေမှာ စက်ရုံ၊ အလုပ်ရုံတွေများတော့ လူနာများတယ်။ တစ်ရက်ကို လူနာ ၁၀၀ ဝန်းကျင် ၂၀၀ ကြားမှာရှိတယ်။ ဒီဘက်ခြမ်း တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ရန်ကင်း၊ တောင်ဥက္ကလာတို့ ဘာတို့က လူနာ ၃၀ နဲ့ ၅၀ ကြားမှာတော့ လက်ရှိပုံမှန်ရှိနေတုန်းပဲ။အခုချိန်မှာတော့ မိုးရာသီနဲ့ ဆက်စပ်တဲ့လူနာက သိပ်မရှိတော့ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး Community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

လက်ရှိတွင် Fever Clinic သို့ လာရောက်ပြသသူ နည်းလာသော်လည်း ရောဂါပိုးတွေ့ရှိနှုန်း ကျဆင်းခြင်း မရှိသေးကြောင်း ဒေါက်တာကျော်မင်းထွန်းက ဆက်လက်ပြောကြားသည်။

“ လာပြတဲ့နှုန်းက ကျလာတာပါ။ လာပြတဲ့နှုန်းကျသွားပေမဲ့ စစ်လိုက်ရင် ပိုးတွေ့နှုန်းကတော့ လူနာတွေက များတုန်းပဲ။ ရှိတုန်းပဲ။ လာပြတဲ့လူတွေမှာလည်း COVID လက္ခဏာရှိတဲ့သူတွေချည်းပဲ သူတို့ကို ရှာထုတ်တယ်။ စစ်တဲ့အထဲမှာ အနည်းဆုံး တစ်ဝက်လောက်က Positive ရှိတုန်းပဲ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နိုဝင်ဘာ ၉ ရက် ညပိုင်းက ရန်ကုန်မြို့ NLD ရုံးချုပ်ရှေ့တွင် NLD ထောက်ခံသူများ စုရုံးအောင်ပွဲခံနေစဉ်

ယင်းအပြင် ရွေးကောက်ပွဲအပြီးတွင် လူစုလူဝေးဖြင့် အောင်ပွဲခံမှုများကြောင့် ရောဂါကူးစက်ခံရမှုများ ရှိလာကြောင်း၊ ကူးစက်ခံရသူများကို မေးမြန်းကြည့်ပါက အောင်နိုင်ရေးအတွက် ပြင်ပသို့ သွားရောက်ခဲ့သူများ ဖြစ်နေသည်ကို တွေ့ရကြောင်း ဒေါက်တာကျော်မင်းထွန်းက ဆိုသည်။

“ လူနာလာပြပြီဆိုရင် မေးလိုက်တယ်။ ဘယ်သွားထားလဲ။ Contact ရှိလား။ အနံ့ပျောက်တာ ဘယ်တုန်းကလဲ။ ဘယ်ကနေ ကူးစက်မှုတွေရှိခဲ့တာလဲဆိုတဲ့ မေးခွန်းကို လူနာတွေကိုမေးတဲ့အခါ သူတို့က အပြင် မသွားဘူး။ ရွေးကောက်ပွဲ ရက်ပြီးတော့ အောင်နိုင်ရေးပွဲမှာ သူငယ်ချင်းတွေနဲ့အပြင် သွားမိတယ်။ တချို့ကျတော့ အဖွဲ့နဲ့ အပျော်လွန်ပြီး ကားနဲ့အဲဒီလို သွားကြတယ်။ အဲဒီလိုလေးတွေ ပြောတာတွေရှိတယ်။ စစ်လိုက်ရင်သူတို့တွေမှာ Positive တွေ့တယ်။ ဆက်စပ်မှုတွေကို ပြန်ချိတ်တော့ တွေ့လာရတာပါ။ အခုချိန်အထိ ကူးစက်မှုတွေက ရှိနေဆဲပဲ။ အခုလည်း အပြင်တွေ သွားနေကြတယ် လာနေကြတယ်ဆိုတော့ Contact တွေကတော့ ရှိနေတာပဲ။ အရင်က ဘယ်မှ မသွားတဲ့သူတွေတောင် ဒီရက်ပိုင်း အပြင်သွားဖြစ်တယ်။ နှစ်ရက်လောက်တော့ အပြင်ထွက်ဖြစ်တယ်။ အပြင်ဘာလို့ထွက်လဲ မေးရင် သူငယ်ချင်းတွေနဲ့ အသိမိတ်ဆွေနဲ့အမျိုးတွေနဲ့ ကားနဲ့ ညဘက် ခဏအပြင် ထွက်တာတွေ ရှိခဲ့တယ်ဆိုတာမျိုးတွေကို ဖြေကြတယ်။ Mask တွေ မတပ်မိလိုက်ဘူး။ မုန့်တွေအတူတူစုစားမိလိုက်တယ်စတဲ့ ဒါမျိုးတွေကို လုပ်ဆောင်ခဲ့တာတွေ တွေ့လာရတယ်” ဟု ဒေါက်တာကျော်မင်းထွန်းက ပြောကြားသည်။

ယင်းအပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောဂါကူးစက်ခံရသူ အရေအတွက်မှာ တစ်ရက်လျှင် ၇၀၀ ကြားရှိသော်လည်း အခြားတိုင်းဒေသကြီးများတွင် ရောဂါကူးစက်ခံရသူများလာသည်ကို တွေ့ရသည်။ 

လူနာဦးရေ မြင့်တက်လာမှုနှင့်အတူ COVID ရောဂါလက္ခဏာပြင်းထန်၍ အထူးကြပ်မတ်ကုသနေရသူ ဦးရေမှာလည်း မြင့်တက်နေကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

“ အခုလက်ရှိမှာ  ပြီးခဲ့တဲ့အပတ်တွေထက်စာရင် ဒီရက်ပိုင်းမှာ ICU ကိုရောက်တဲ့ လူဦးရေ အရေအတွက်ကဆိုရင် ၁၂၈ ယောက် ရှိပြီဖြစ်ပါတယ်။ ICU ထဲရောက်ပြီဆိုကတည်းက သူ့ရဲ့ ရောဂါလက္ခဏာက တော်တော်ကြီးကို စိုးရိမ်ရတဲ့အခြေအနေမို့ ရောက်တာဖြစ်ပါတယ်။ ICU ထဲကနေ ထွက်နိုင်ဖို့ဆိုရင် နှစ်ခုပဲရှိပါတယ်။ အရှင်ထွက်မလား။ အသေထွက်မလားပဲ ရှိပါတယ်။ ICU ထဲကနေ ပြန်ကောင်းသွားမယ် သက်သာသွားမယ် စိတ်ချရတဲ့ အခြေအနေတစ်ခုရောက်ပြီဆိုရင်တော့ သာမန် လူနာဆောင်ထဲမှာ ပြန်ရောက်နိုင်တဲ့ လူနာလည်း ရှိပါတယ်။ ဒါလည်း ရာခိုင်နှုန်းများပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ဆိုသည်။

လက်ရှိ လူနာဦးရေ စာရင်းမှာ လတ်တလောကူးစက်ခံရသူများကို စစ်ဆေးခဲ့ခြင်းမျိုးမဟုတ်ဘဲ ယခင်နိုဝင်ဘာလပထမပတ်အတွင်းက ရောဂါလက္ခဏာပြ၍ စစ်ဆေးခဲ့သည့် လူနာများဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ အခု အောင်ပွဲခံတယ် စုဝေးတယ် စတုဒီသာကျွေးတယ်။ အကြောင်းကြောင်း အမျိုးစုံမှာ ဒီနိုဝင်ဘာ ၉ ရက်၊ ၁၀ ရက်လောက်က စတဲ့ဟာက အခုနိုဝင်ဘာ ၁၇ ရက်နောက်ပိုင်း Case တွေ ၁၆၀၀ ဝန်းကျင်အထိ တက်လာတယ်ဆိုတာ ၁၇ ရက်မှ တက်တာမဟုတ်ပါဘူး။ ဒါဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁ ရက်၊ ၂ ရက်လောက်ကတည်းက လူနာတွေရဲ့ အခြေအနေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့စမ်းသပ်၊ ဒီနေ့ပိုးတွေ့တဲ့ စာရင်းထဲ မပါနိုင်ပါဘူး။ စမ်းတဲ့အခါမှာလည်း အချိန်ယူရပါတယ်။ ပို့ဆောင်တဲ့အခါမှာလည်း အချိန်ယူရပါတယ်။ ဒီသဘောကို သိစေချင်ပါတယ်။ ဒါကြောင့် နိုဝင်ဘာ ၁၅ ရက်ကတည်းက တက်တယ်လို့ ယူဆမယ်ဆိုရင် ယူဆလို့ရမှာ ဖြစ်ပါတယ်။ ဒါဟာ ရောဂါလက္ခဏာပြနေတဲ့သူတွေက ချက်ချင်း သတင်းပို့ကုသမှုခံယူတဲ့ စာရင်းပါ။ ဒီလူနာတွေကိုတော့ ပိုးတွေ့တဲ့လူနာအဖြစ်နဲ့ ဖော်ထုတ်နိုင်ပါတယ်။ သို့သော် ရောဂါလက္ခဏာမပြဘူး။ လူကောင်းလိုပဲရှိနေမယ်။ ဒါပေမဲ့ ရောဂါကသူ့ထဲကို ဝင်သွားပြီး ရောဂါက အထဲမှာ စမ်းမယ်ဆို ရှိနေတဲ့ အနေအထားနဲ့ ကျွန်မတို့နိုင်ငံမှာ ရောဂါလက္ခဏာ မပြတဲ့ ရောဂါပိုးတွေ့လူနာက ၆၄ ရာခိုင်နှုန်းရှိပါတယ်။ ဒီလူတွေက ပေါ့ပေါ့ဆဆနေမယ်ဆိုရင်တော့ အခွင့်အရေးယူစောင့်နေတဲ့ ရောဂါက ဝင်လာနိုင်ပါတယ်” ဟု ဒေါက်တာခင်ခင်ကြီးက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကူးစက်မှုဖြတ်တောက်ရန် Community Based COVID-19 Control Project ရေးဆွဲလုပ်ဆောင်လျက်ရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ဆိုသည်။

“ ရန်ကုန်တိုင်းမှာ COVID-19 ကူးစက်မှုတွေဖြတ်တောက်နိုင်ဖို့အတွက် ဆောင်ရွက်နေတာတွေရှိပါတယ်။ ဒါကို အရှိန်မြှင့်ဆောင်ရွက်ဖို့ C သုံးလုံး Project တစ်ခု ရေးဆွဲထားတာရှိပါတယ်။ ဒါသည် ပြည်သူလူထုကြားထဲမှာ ကူးစက်မှုကို ဖြတ်တောက်ဖို့အတွက် အကောင်းဆုံးနည်းလမ်းနဲ့ ဆောင်ရွက်ဖို့ရှိပါတယ်။ ဒါက ပြည်သူလူထုကို အခြေပြုပါတယ်။ Community Based COVID-19 Control Project လို့ခေါ်တဲ့ ပြည်သူလူထုအခြေပြု COVID-19 ရောဂါကာကွယ်ထိန်းချုပ် ကုသရေးစီမံချက်ဆိုပြီး ကျွန်တော်တို့ ရေးဆွဲပြီး ဆောင်ရွက်ဖို့ရှိပါတယ်။ ဒီမှာ ကျွန်တော်တို့ T သုံးလုံး လုပ်ကြမယ်။ ပထမ T တစ်ခုကတော့ Tracing သူက စောစောရှာ၊ နောက် T တစ်လုံးကတော့ Testing စောစောစီးစီး စစ်ဆေးမယ်။ နောက် T တစ်လုံးကတော့ Treatment စောစောစီးစီး ကုသမယ်။ အရည်အသွေး ပြည့်ဝတဲ့ ကုသမှုရရှိအောင်ဒီစီမံချက်ကို ရေးဆွဲထားပြီး ပြည်သူလူထုကြားထဲမှာ အရှိန်မြှင့်ပြီး ဆောင်ရွက်နေပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ပြောကြားသည်။

ရန်ကုန်မြို့တွင် ရွေးကောက်ပွဲအောင်ပွဲခံမှုအဖြစ် နိုဝင်ဘာ ၉ ရက်က လူစုလူဝေး ပြုလုပ်ခဲ့စဉ် (ဓာတ်ပုံ- ကြည်နိုင်)

ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းတွင် ရွေးကောက်ပွဲနောက်ပိုင်းကာလတွင် လူစုလူဝေးဖြစ်မှုများကြောင့် လာမည့်တစ်ပတ်နှစ်ပတ်တွင် COVID ပြန့်ပွားမှုနှုန်း တက်လာနိုင်ကြောင်း ပြောကြားခဲ့ပြီးနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများ စတင်လုပ်ဆောင်ခဲ့သည်။

COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေး လူထုလှုပ်ရှားမှုများကို နိုဝင်ဘာ ၁၅ ရက်က စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အားလုံးရှိ စျေးများတွင် တစ်ပြိုင်နက်တည်း ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

၎င်းလှုပ်ရှားမှုကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုဖြင့် COVID-19 ရောဂါဒေသတွင်း ကူးစက်မှုလျော့နည်းစေရေးနှင့် ပပျောက်စေရေးအတွက် ပြည်သူလူထုက ကာကွယ်ရေးနည်းလမ်းများကို ပိုမိုအလေးပေး ဂရုစိုက်ပြီး အလေ့အကျင့်မှ အလေ့အထသို့ ရောက်ရှိစေရန် ရည်ရွယ်၍ လူစုလူဝေးများပြားပြီး ကူးစက်မှုအများဆုံးနေရာဖြစ်သည့် စျေးများတွင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

ပညာပေးလုပ်ငန်းများအဖြစ် စျေးသည်များအား ပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာများ ဝေငှပညာပေးခြင်း၊ စျေးဝယ်သူများအား ပါးစပ်နှင့် နှာခေါင်းစည်းများ ဝေငှပညာပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ အသိပညာပေးခြင်းနှင့် အများလိုက်နာရမည့် COVID-19 ရောဂါကာကွယ်ခြင်းဆိုင်ရာ အမူအကျင့်ကောင်းများကို လက်ကိုင်စပီကာများဖြင့် ကြေညာအသိပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အထွေထွေရွေးကောက်ပွဲ အကြိုကာလနှင့် နောက်ပိုင်းဖြစ်ပေါ်ခဲ့သည့် လူစုလူဝေးများကြောင့် ရောဂါကူးစက်ဖြစ်ပွားမှု တိုးမြှင့်ခြင်း ရှိ မရှိ စောင့်ကြပ်ကြည့်ရှုနေပြီး ပြည်သူများအနေဖြင့် မိမိနေအိမ်တွင်သာ နေထိုင်ရန် နိုဝင်ဘာ ၁၉ ရက် ညပိုင်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပန်ကြားချက် ထုတ်ပြန်ခဲ့သည်။

လက်ရှိအချိန်အထိ COVID ဆေးရုံတက် လူနာများ၏ ၇၅ ရာခိုင်နှုန်းမှာ ဆေးရုံမှ ဆင်းခွင့်ရပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိရာသီဥတုအခြေအနေမှာ ဆောင်းရာသီသို့ ကူးပြောင်းလာပြီဖြစ်ပြီး သဘာဝအားဖြင့် ဗိုင်းရပ်စ်ရောဂါပိုးများအတွက် ရောဂါကူးစက်ပြန့်ပွားမှုနှုန်းကို ပိုမိုဖြစ်စေနိုင်သော ကာလဖြစ်ကြောင်း၊ မကြာခင် ရောက်ရှိလာမည့် ပွင့်လင်းရာသီများနှင့် ရုံးပိတ်ရက်ရှည်များတွင် ပြည်သူများအနေဖြင့် ခရီးသွားလာခြင်း ပြုလုပ်ပါက ရောဂါကူးစက်မှုပိုမိုပြန့်ပွားစေနိုင်ကြောင်း ရေးသားထားသည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်းတို့အား ဆောင်ရွက်ခြင်းမပြုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ပြီး မိမိတို့၏ နေအိမ်များတွင်သာ တတ်နိုင်သလောက် နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပန်ကြားထားသည်။

COVID-19 ရောဂါဖြစ်ပွားသည့်အချိန်ကာလ တစ်နှစ်ဝန်းကျင်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း မြန်မာအပါအဝင် ကမ္ဘာ့နိုင်ငံအားလုံးတွင် ရောဂါကူးစက်မှုမှာ သိသိသာသာ ကျဆင်းသွားခြင်း မရှိသေးဘဲ လက်ရှိအချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါဖြစ်ပွားသေဆုံးမှု အလွန်အန္တရာယ်ရှိ အဆင့်အဖြစ် ကြေညာထားဆဲဖြစ်သည်။ 

COVID-19 ရောဂါကြောင့် ကျန်းမာရေးကဏ္ဍတွင်သာမက အခြားသော စီးပွားရေး၊ လူမှုရေး ကဏ္ဍအသီးသီး၌ များစွာထိခိုက် ဆုံးရှုံးမှုများရှိနေခြင်းကြောင့် ရောဂါကူးစက်ပြန့်ပွားမှုကွင်းဆက် ဖြတ်တောက်ပြီး ထိရောက်စွာကာကွယ် ထိန်းချုပ်နိုင်မှသာ စီးပွားရေး၊ ပညာရေး၊ လူမှုရေးဆိုင်ရာလုပ်ငန်းများ ပုံမှန်ပြန်လည် လုပ်ကိုင်နိုင်မည်ဖြစ်၍ ပြည်သူများ၏ COVID-19 ကာကွယ်ရေးစည်းကမ်းများနှင့်အညီ လိုက်နာကျင့်သုံး နေထိုင်ရေးမှာ များစွာအရေးပါနေခြင်းဖြစ်သည်။

Most Read

Most Recent