တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင်ပင်း က NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ရွေးကောက်ပွဲ အောင်နိုင်ခြင်းအတွက် ချီးကျူးဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့

တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ရှီကျင်ပင်း က NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံ ရွေးကောက်ပွဲ အောင်နိုင်ခြင်းအတွက် ချီးကျူးဂုဏ်ပြုကြောင်း သဝဏ်လွှာ ပေးပို့
Photo - Myanmar State Counsellor Office
Photo - Myanmar State Counsellor Office
Published 17 November 2020

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး မစ္စတာရှီကျင်ပင်းက နိုဝင်ဘာ ၁၆ ရက်တွင် မြန်မာနိုင်ငံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အနေဖြင့် လတ်တလောကျင်းပခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ၌ အောင်နိုင်ခဲ့သည့်အတွက် ချီးကျူးဂုဏ်ပြုခဲ့ကြောင်း ယနေ့ (နိုဝင်ဘာ ၁၇ ရက်)တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါဝမ်းမြောက်ကြောင်း သဝဏ်လွှာတွင် အထွေထွေအတွင်းရေးမှူး မစ္စတာ ရှီကျင်ပင်း က လတ်တလောတွင် မြန်မာနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပခဲ့သည်ကို ဝမ်းမြောက်စွာကြားသိရကြောင်း၊ အဆွေတော်ဦးဆောင်သည့် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ အောင်နိုင်ခဲ့သည့်အတွက် မိမိအနေဖြင့် အဆွေတော်နှင့် မြန်မာနိုင်ငံပြည်သူများအား ချီးကျူးဂုဏ်ပြုသည်ဟု ပြောကြားလိုကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နိုင်ငံတော်စည်ပင်ဝပြောရေးဟူသော မွန်မြတ်သည့် လုပ်ငန်းကြီးတွင် ပိုမိုကြီးမားသည့် အောင်မြင်မှုများဆွတ်ခူးရရှိနိုင်မည်ဟု ယုံကြည်ကြောင်း ထည့်သွင်းဖော်ပြခဲ့ကြောင်း သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ထို့ပြင် သဝဏ်လွှာတွင် အထွေထွေအတွင်းရေးမှူး မစ္စတာ ရှီကျင်ပင်း က တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင် ရေမြေချင်းဆက်စပ်လျက်ရှိပြီး ဆွေမျိုးပေါက်ဖော် သံယောဇဉ် နက်ရှိုင်းလှသည့် အိမ်နီးချင်းကောင်း ဖြစ်ကြကြောင်း၊ ယခုနှစ်သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် (၇၀) ပြည့်ဖြစ် ကြောင်း၊ မိမိသည် နှစ်ဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်ပြီး မိမိတို့က တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်ရန် သဘောတူညီမှုရရှိ၍ တရုတ်-မြန်မာ ဆက်ဆံရေးခေတ်သစ်ကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ COVID-19 ရောဂါ ဖြစ်ပွားပြီးနောက် မိမိတို့ ပါတီနှစ်ခုနှင့် နှစ်နိုင်ငံက အပြန်အလှန်ထောက်ခံအားပေး ဖေးမကူညီ၍ လက်တွေ့ဆောင်ရွက်မှုဖြင့် အခက်အခဲအတူကျော်ဖြတ်ပြီး တစ်လှေတည်းစီး တစ်ခရီးတည်းသွားဟူသော အေးအတူပူအမျှ အသိုက်အဝန်းစိတ်ဓာတ်ကို အကောင်အထည်ဖော်ဆောင်ကြောင်း ဖော်ပြခဲ့သည်ဟု သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ တရုတ်ကွန်မြူနစ်ပါတီနှင့် မြန်မာနိုင်ငံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့သည် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံက ပါတီနှစ်ခုနှင့် နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားကြောင်း၊ မိမိအနေဖြင့် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကြိုးပမ်း၍ ပါတီနှစ်ခုနှင့် နှစ်နိုင်ငံဆက်ဆံရေး၏ နိုင်ငံရေးဦးဆောင်မှုကို မြှင့်တင်ပြီး အာဏာရပါတီများအကြား ကူးလူး ဆက်ဆံအပြန်အလှန်အတုယူမှုကို နက်ရှိုင်းစေကာ “The Belt and Road” နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အတူတကွတည်ဆောက်ရေးမူဘောင်အတွင်း၌ နယ်ပယ်အသီးသီးတွင် လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လိုကြောင်း၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်း၍ တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းမှ အောင်မြင်မှုရလဒ်များ ရရှိရန် တွန်းအားပေးပြီး နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများကို အကျိုးပြုစေလိုကြောင်း အထွေထွေအတွင်းရေးမှူး မစ္စတာ ရှီကျင်ပင်း က သဝဏ်လွှာတွင် အလေးထားဖော်ပြခဲ့သည်ဟု သံရုံးက ထုတ်ပြန်သည်။

Most Read

Most Recent