ကယားပြည်နယ်လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ကို်ယ်စားလှယ်နေရာ ၂၀ ရှိသည့်အနက် NLD ပါတီက ကိုးနေရာသာ အနိုင်ရရှိသဖြင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ရေးတွင် ညှိနှိုင်းမှု ပြုလုပ်ရဖွယ်ရှိ

ကယားပြည်နယ်လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ကို်ယ်စားလှယ်နေရာ ၂၀ ရှိသည့်အနက် NLD ပါတီက ကိုးနေရာသာ အနိုင်ရရှိသဖြင့် လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ ရွေးချယ်ရေးတွင် ညှိနှိုင်းမှု ပြုလုပ်ရဖွယ်ရှိ
Photo: Kayah State Hluttaw
Photo: Kayah State Hluttaw
Published 16 November 2020
မခိုင်၊ ကျော်ဇင်ဝင်း

ကယားပြည်နယ်လွှတ်တော်တွင် တပ်မတော်သားများအပါအဝင် ကိုယ်စားလှယ်နေရာ ၂၀ အနက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ကိုးနေရာသာအနိုင်ရရှိသဖြင့် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ ရွေးချယ်ရေးတွင် ညှိနှိုင်းမှုပြုလုပ်ရဖွယ်ရှိကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကယားပြည်နယ်လွှတ်တော်ရှိ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၄ နေရာနှင့် ဗမာတိုင်းရင်းသားလူမျိုး ကိုယ်စားလှယ်တစ်နေရာ စုစုပေါင်း ၁၅ နေရာအနက် NLD ပါတီက ဗမာတိုင်းရင်းသား လူမျိုးကိုယ်စားလှယ်တစ်နေရာအပါအဝင် ကိုးနေရာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီနှင့် ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) တို့သည် ကယားပြည်နယ်လွှတ်တော်ရှိ ကျန်ခြောက်နေရာတွင် သုံးနေရာစီ အနိုင်ရရှိထားသည်။

သို့ဖြစ်၍ ကယားပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ် ၁၅ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ်ငါးဦး စုစုပေါင်း ၂၀ ဦးတွင် NLD ပါတီက ကိုးနေရာသာရရှိသဖြင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရွေးချယ်ရေးတွင် တစ်ပါတီတည်း လွတ်လွတ်ကျွတ်ကျွတ် ဖွဲ့စည်းနိုင်သည့် အခြေအနေမရှိပေ။

NLD ပါတီအနေဖြင့် မည်သို့ညှိနှိုင်းဆောင်ရွက်မည်ကို မသိရှိရသေးသော်လည်း အခြားတစ်ဖက်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်ပေါင်းပါက ရှစ်ဦးထိရှိနေပြီး ဒေသခံ ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) က သုံးနေရာဖြင့် ကြားတွင်ရှိနေသဖြင့် လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌရွေးချယ်ရေးမှာ အကြိတ်အနယ်ရှိမည့် သဘောဖြစ်ကြောင်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) အတွင်းရေးမှူးလည်းဖြစ်သူ ဖရူဆိုမြို့နယ် မဲဆန္ဒနယ် (၁) တွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ပြန်လည်အနိုင်ရရှိထားသည့် ခူးသဲရယ်က ပြောကြားသည်။

“ ပြတ်ပြတ်သားသား သူဘာသာ တင်လို့မရတဲ့ အနေအထားရှိတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့တော့ ပေါင်းရမှာပဲ။ ကျွန်တော်တို့ပါတီအနေနဲ့လည်း ကိုယ့်ဘာသာကိုယ် စီစဉ်ထားတဲ့အပိုင်း ရှိတယ်။ ပြောရမယ်ဆိုရင်တော့ လွှတ်တော်ထဲမှာ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနေရာတွေမှာ ကိုယ့်လူတွေပါလာဖို့ စဉ်းစားထားတဲ့အပိုင်းတွေရှိတယ်။ သူတို့လည်း စီမံပါပဲပေါ့နော်။ ဒါပေမဲ့ ဒီအချိန်မှာ နှစ်ဖက်စလုံးက ပါတီကြီးတွေဖြစ်တယ်။ အင်အားကြီးဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့က တိုင်းရင်းသားပါတီဖြစ်တဲ့အပေါ်မှာ သူတို့တိုင်းရင်းသားအရေးပေါ်မှာ ဘယ်လောက်ထိ စဉ်းစားပေးမလဲဆိုတာကတော့ ဒါလည်းကျွန်တော်တို့စောင့်နေတာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဒါကတော့ အကြိတ်အနယ်တော့ရှိမှာပဲ။ အဲဒီလိုပဲမြင်တယ်။ အဖြေက ဘယ်လိုထွက်လာမလဲဆိုတာတော့ ပြောလို့ခက်တာပေါ့။ ကိုယ့်ဘာသာပြင်ဆင်ထားတဲ့ စဉ်းစားထားတဲ့ကိစ္စတွေတော့ ရှိတာပေါ့” ဟု ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ (KySDP) အတွင်းရေးမှူး ခူးသဲရယ်က ပြောကြားသည်။

လက်ရှိတွင် KySDP ပါတီကို မည်သူကမျှ ကမ်းလှမ်းတွေ့ဆုံခြင်းမရှိသေးကြောင်း၊ အကယ်၍ လာရောက်ကမ်းလှမ်းဆွေးနွေးပါက ပါတီအနေဖြင့် စဉ်းစားထားသည်ကို ပြောမည်ဖြစ်ပြီး ၎င်းတို့ဘက်မှ လက်ခံမခံခြင်းကို မသိနိုင်ကြောင်း ခူးသဲရယ်က ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ၌ ကယားပြည်နယ်ရှိ မြို့နယ်ခုနစ်မြို့နယ်တွင် NLD ပါတီက လွိုင်ကော်၊ ဒီးမော့ဆို၊ မယ်စဲ့၊ ဖားဆောင်းမြို့နယ်များ၌ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်နေရာ စုစုပေါင်း ၁၉ နေရာကို အနိုင်ရရှိထားသည်။

ထို့ပြင် ကယားပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးကိုယ်စားလှယ် (ဗမာတိုင်းရင်းသားရေးရာဝန်ကြီး) နေရာကိုလည်း NLD ပါတီက အနိုင်ရရှိခဲ့သဖြင့် ကယားပြည်နယ်တွင် NLD ပါတီက နေရာ ၂၀ အနိုင်ရရှိထားသည်။

ထို့အတူ ပြည်ခိုင်ဖြိုးပါတီက ဘောလခဲမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော် နေရာစုစုပေါင်း ငါးနေရာ၊ ရှားတောမြို့နယ် ပြည်နယ်လွှတ်တော်ဆန္ဒနယ် အမှတ် (၁) တွင် တစ်နေရာ အနိုင်ရရှိသဖြင့် စုစုပေါင်း ခြောက်နေရာ အနိုင်ရရှိထားသည်။

အလားတူ ဒေသခံတိုင်းရင်းသားပါတီဖြစ်သည့် ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) က ဖရူဆိုမြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ အမျိုးသားလွှတ်တော်နေရာတို့တွင် စုစုပေါင်း ငါးနေရာ၊ ရှားတောမြို့နယ်တွင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁)၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နေရာတို့တွင် သုံးနေရာ စုစုပေါင်း ရှစ်နေရာ အနိုင်ရရှိထားသည်။

Most Read

Most Recent