အငြင်းအခုံများနှင့် ၂၀၂၀ ရွေးကောက်ပွဲ

အငြင်းအခုံများနှင့် ၂၀၂၀ ရွေးကောက်ပွဲ
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံတစ်ခုတွင် နိုဝင်ဘာ ၈ ရက်က ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံတစ်ခုတွင် နိုဝင်ဘာ ၈ ရက်က ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 16 November 2020
ဆန်းမိုးထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းရလဒ်များကို ကြေညာနေပြီ ဖြစ်သည်။

မဲစာရင်းရလဒ်များကို ငါးရက်နှင့် ခုနစ်ရက်အတွင်း အပြီးကြေညာမည်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲလာပေးသူ ရာခိုင်နှုန်း ၇၀ ကျော်ရှိမည်ဟု ခန့်မှန်းရကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးမြင့်နိုင်က နိုဝင်ဘာ ၁၁ ရက်တွင် ပြောကြားသည်။

“ဒီတစ်ပတ်အတွင်း လုပ်မယ်လို့။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲက ၁၀ ရက် ကြာတယ်။ ၁၀ ရက်ကြာမှ ပြီးတယ်။ ကျွန်တော်တို့က အခု ငါးရက်၊ အများဆုံး ခုနစ်ရက်အတွင်း ပြီးစီးအောင် ဆောင်ရွက်နေပါတယ်။ အခုက ၃၀ ရာခိုင်နှုန်း ရှိသွားပြီပေါ့။ အားလုံး ၃၃၈ ကြေညာပြီးပြီ။ ကြေညာထားတာပေါ့နော်။ ကြေညာတော့ အများဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီပေါ့”ဟု ဦးမြင့်နိုင်က ပြောကြားသည်။

လွှတ်တော် ရွေးကောက်ပွဲကိုယ်စားလှယ်အတွက်သည် ရလဒ်များကို ကြေညာရန် မြန်ဆန်သော်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးချင်းစီရရှိသည့် ဆန္ဒမဲလက်မှတ်များ၊ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးချင်းစီ၏ မဲရလဒ် မည်မျှရရှိသည်များကိုပါ တွက်ချက်ပြီး ပုံစံများပြုလုပ်၍ ကြေညာရခြင်း ဖြစ်သည့်အတွက် ရွေးကောက်ပွဲရလဒ်များကို ကြေညာသည့်အချိန်သည် ကြာမြင့်ခြင်းဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၇ သန်း ၂ သိန်းကျော် ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်မည်မျှ ဆန္ဒမဲပေးခဲ့သည်ကို မြို့နယ်အသီးသီး ရှိ မဲရုံများတွင် စာရင်းများ ပြုစုနေပြီဖြစ်ကြောင်းနှင့် ရာခိုင်နှုန်းမည်မျှ မဲလာပေးသည်၊ မည်သည့်ပါတီက ရာခိုင်နှုန်းမည်မျှ ရသည်ဆိုခြင်းကိုမူ စာရင်းဇယားများဖြင့် ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း ဦးမြင့်နိုင်က ဆိုသည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ အပြီးသတ် ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က အနိုင်ရ ကိုယ်စားလှယ် ၉၂၀ အထိရှိခဲ့သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ပြီးခဲ့သော်လည်း နိုင်ငံရေးပါတီအချို့ကမူ ပွဲပြီး မီးမသေသည့် ဖြစ်စဉ်များက ရှိခဲ့သည်။

  ပုံစံ ၁၉ လက်မှတ်မထိုးရေးကိစ္စ

မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ မဲစာရင်းပုံစံ (၁၉) ကို လက်မှတ်ရေးထိုးခြင်း မပြုရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက နိုဝင်ဘာ ၉ ရက်တွင် ကြေညာချက်ထုတ်၍ ၎င်းပါတီ ကိုယ်စားလှယ်များကို အသိပေး အကြောင်းကြားခဲ့သည်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲ အနိုင်/အရှုံး ရလဒ် မဲစာရင်းပုံစံ-၁၉ တွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ၎င်းတို့၏ ကိုယ်စားလှယ်များမှ လက်မှတ်ထိုး အတည်ပြုပေးခြင်း မပြုရန်နှင့် နောက်ဆက်တွဲပါ ပုံစံအတိုင်း ဖြစ်စဉ်ရေးသွင်းကာ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများသို့ ကန့်ကွက်တောင်းဆိုသွားရန် ပြည်ခိုင်ဖြိုးပါတီက အသိပေး အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ခိုင်ဖြိုးပါတီကဲ့သို့ပင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ကလည်း ပုံစံ - ၁၉ ကို အတည်ပြု လက်မှတ်ထိုးမည် မဟုတ်ကြောင်း သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရရှိလာသော ပုံစံ-၁၉ အား လက်မှတ်မထိုးရန် နိုင်ငံရေးပါတီအချို့၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဥပဒေပြဋ္ဌာန်းချက်တွင် သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်လောင်း (သို့မဟုတ်) ရွေးကောက်ပွဲ ကိုယ်စားလှယ်သည် ပုံစံပေါ်တွင် လက်မှတ်ထိုးရမည်ဖြစ်ပြီး လက်မှတ်မထိုးပါက လက်မှတ်ရေးထိုးခြင်း မရှိသူ၏ တာဝန်သာဖြစ်ကြောင်းနှင့် ကော်မရှင်အနေဖြင့် ဥပဒေအရသာ ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း ဦးမြင့်နိုင်က နိုဝင်ဘာ ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

  ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်းနှင့် ပြန်လည်ကျင်းပပေးရန် တောင်းဆို

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကြုံတွေ့ခဲ့ရသော အားနည်းချက်များနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၁၁ ရက်တွင် ဗဟန်းမြို့နယ် သံလွင်လမ်းရှိ USDP ပါတီရုံးတွင် ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို အသိအမှတ် မပြုကြောင်းနှင့် ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တောင်းဆိုခဲ့သည်။

USDP ပါတီအနေဖြင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား အသိအမှတ်မပြုဘဲ ကန့်ကွက်ရခြင်း၏ အဓိကအချက်မှာ ရွေးကောက်ပွဲသည် တရားမျှတသည့် ရွေးကောက်ပွဲတစ်ခု မဖြစ်၍ ကန့်ကွက်ရခြင်း၊ အသိအမှတ်မပြုရခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဖတ်ကြားခဲ့သော USDP ပါတီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် လွတ်လပ်ပြီး တရားမျှတ၍ ဘက်လိုက်မှုကင်းသည့် မတရားနည်းလမ်းဖြင့် မဲဆွယ်မှုကင်းသည့် ရွေးကောက်ပွဲဖြစ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) သည် တပ်မတော်နှင့် ပူးပေါင်းပြီး စည်းကမ်းတကျဖြစ်သည့် ရွေးကောက်ပွဲတစ်ခုအား အမြန်ဆုံးပြန်လည်ကျင်းပပေးရန် USDP ပါတီက တောင်းဆိုခဲ့သည်။

“တပ်မတော်ဆိုတာက ခိုင်မာတဲ့ အင်စတီကျူးရှင်းတစ်ခု ဖြစ်တယ်။ UEC ဆိုတာလည်း လွတ်လပ်တဲ့ အင်စတီကျူးရှင်း တစ်ခုဖြစ်တယ်။ သို့သော် ပြည်သူများ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွတ်လပ်ပြီး လုံခြုံတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုရင်တော့ တပ်မတော်က UEC နဲ့ ပူးပေါင်းပြီး ဆောင်ရွက်ပေးရင်တော့ ပိုမိုပြီးတော့မှ အဆင်ပြေမယ်လို့ ကျွန်တော်တို့ ယူဆတဲ့အတွက် ကျွန်တော်တို့က တောင်းဆိုတာ ဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်း USDP ပါတီအတွင်းရေးမှူး ဦးကျော်စိုးက ပြောကြားသည်။

COVID-19 ကပ်ရောဂါကာလ ပြည်သူလူထု ငွေကြေးအခက်အခဲရှိချိန်တွင် NLD ပါတီက ငွေကြေး မက်လုံးပေး၍ မဲဆွယ်စည်းရုံးခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ဖတ်ကြားခဲ့သော USDP ပါတီ၏ ရှင်းလင်းချက်တွင် ဖော်ပြခဲ့ပြီး ထိုသို့ မဲဆွယ်စည်းရုံးခြင်းမှာ လုံးဝလက်ခံနိုင်ဖွယ် မရှိသော မဲဆွယ်စည်းရုံးနည်း ဖြစ်ကြောင်း ရန်ကုန်တိုင်း USDP ပါတီက ရှင်းလင်းသည်။

ထို့ပြင် COVID-19 ရောဂါ အကြောင်းပြ၍ လူအုပ်စုမပြုလုပ်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နိုဝင်ဘာ ၁၀ ရက်တွင် ထပ်မံ၍ ကြေညာခြင်းသည် ပြည်သူလူထုက ရွေးကောက်ပွဲအပေါ် မကျေနပ်ချက်များ ပေါ်ထွက်လာမည် ဖြစ်သဖြင့် ကြိုတင်ဟန့်တားခြင်းဖြစ်ပြီး ရွေးကောက်ပွဲ ပြုလုပ်သည့် နိုဝင်ဘာ ၈ ရက်မှ ၁၀ ရက်အထိ NLD ပါတီမှ လူအင်အား ရာနှင့်ချီ၍ လမ်းပေါ်တက် အောင်ပွဲခံခဲ့ခြင်းကို သက်ဆိုင်ရာဝန်ကြီးဌာနက မည်သို့ အရေးယူမည်ဆိုသည်ကို မေးခွန်းထုတ်လိုကြောင်းလည်း USDP ပါတီက ကြေညာခဲ့သည်။

  လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် သတ်မှတ်၍မရကြောင်း NDF ပါတီ ကြေညာ

၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် သတ်မှတ်၍ မရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က နိုဝင်ဘာ ၁၀ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးသည့် အထွေထွေရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ်၍ မျှတသော ရွေးကောက်ပွဲ မဟုတ်ကြောင်းကို အကြောင်းအချက် ၁၇ ချက် ထည့်သွင်းဖော်ပြပြီး ရွေးကောက်ပွဲဆိုင်ရာ အထူးကြေညာချက်ဟု NDF ပါတီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရွေးကောက်ပွဲဟာ လက်ခံနိုင်ဖွယ်ရှိတဲ့ ရွေးကောက်ပွဲ၊ အောင်မြင်ပြည့်စုံတဲ့ ရွေးကောက်ပွဲ၊ လူထုဆန္ဒကို အမှန်အတိုင်းရရှိအောင် ဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲ မဖြစ်တဲ့အတွက်ကြောင့်မို့ ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီးတော့ ရွေးကောက်ပွဲကိုလည်း လက်မခံဘူးဆိုတဲ့ သဘောကနေ ထုတ်တာပါ”ဟု  NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေးနှင့် မဲပေးသည့် ကိစ္စများတွင် မသမာမှုများကို ကြုံတွေ့၊  ကြားသိနေရ၍ NDF ပါတီအနေဖြင့် ပေါ်ထွက်လာသည့် ရွေးကောက်ပွဲ ရလဒ်များသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ဖြစ်ပေါ်စေခဲ့ကြောင်း လုံးဝလက်ခံ ယုံကြည်မှုမရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရွေးကောက်ပွဲ မသမာမှုများအဖြစ် လက်ကမ်းစာစောင်ဖြန့်ဝေရန် တားမြစ်ခြင်း၊ တစ်ဦးတည်း နှစ်ကြိမ်မဲပေးခြင်း၊ သေဆုံးပြီး သူကိုယ်စား မဲလာရောက်ပေးခြင်းနှင့် ကြိုတင်မဲပေးခြင်း၊ အင်အားပြ မဲဆွယ်မှုများကို သက်ဆိုင်ရာ အာဏာပိုင်များက တားဆီးမှုနှင့် အရေးယူမှုမရှိခြင်း၊ COVID အကြောင်းပြုပြီး ရွေးကောက်ပွဲ မဲဆွယ်မှုများ မပြုလုပ်နိုင်ရန် ဟန့်တားခြင်းများကို ပါတီထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့ပြင် မြို့နယ်အချို့တွင် အာဏာရပါတီဝင်များ မဲရုံ ကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်း၊ အာဏာရပါတီနှင့် အစိုးရက နိုင်ငံတော်ပိုင် မီဒီယာများကို နေ့စဉ်အသုံးပြုပြီး အစိုးရပုံရိပ်၊ ပါတီပုံရိပ်များကို အခြားပါတီများ မယှဉ်သာအောင် အသုံးချခွင့်ရခြင်း၊ COVID အကြောင်းပြုပြီး ရွေးကောက်ပွဲဥပဒေ ပြဋ္ဌာန်းချက်တွင် မပါဝင်သော အသက် ၆၀ ကျော်သူများကို အိမ်တိုင်ရာရောက် ကြိုတင်မဲ ကောက်ယူခွင့်ပြုခြင်းနှင့် လျှို့ဝှက်မဲပေးရမည့်အစား ဗြောင်မဲပေးစေခြင်း၊ အာဏာရပါတီဝင်များက မဲနှိပ်ရမည့်နေရာကို ပြသပေးခြင်းများ ရှိခဲ့သည်ဟု NLD ပါတီက ထုတ်ပြန်ခဲ့သည်။

  အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) ထုတ်ပြန်ချက်

အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ (DNP) ကလည်း ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲသည် တရားမျှတမှု မရှိခြင်း၊ ဘက်လိုက်ခြင်း၊ စံငါးချက်နှင့် ကိုက်ညီမှုမရှိခြင်း၊ ဒီမိုကရေစီနည်းလမ်း မကျကြောင်း တွေ့ရှိရပြီး DNP ပါတီ၏ ကိုယ်စားလှယ်လောင်းများ အားလုံးကို မဲအနိုင်မရရှိအောင် အကွက်ကျကျဖြင့် ကြိုတင်ကြံစည် ဆောင်ရွက်ထားသဖြင့် ယခုရွေးကောက်ပွဲကို အသိအမှတ် မပြုကြောင်း နိုဝင်ဘာ ၉ ရက်က သဘောထား ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် ကြိုတင်မဲ မသမာမှုဖြစ်စဉ်များအပြင် အထွေထွေရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် နိုင်ငံတော်အစိုးရက ဆင်းရဲသားပြည်သူတို့အား ပေးအပ်သော ကျပ်နှစ်သောင်းကို NLD ပါတီက  ပေးခဲ့ခြင်း ဖြစ်ကြောင်း လိမ်လည်ပြောဆို စည်းရုံးခြင်း၊ နိုင်ငံတစ်ဝန်းတွင် မသမာသော မဲလိမ်မဲခိုးမှုများ ဖြစ်ပေါ်နေခြင်း၊ မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေထက် ဆန္ဒမဲပေးသည့် လက်မှတ်များ အရေအတွက် ပိုမိုများပြားနေခြင်း၊ NLD ပါတီမှ မဲဆွယ်စည်းရုံးရာတွင် ပြည်သူလူထုကို “စစ်ဖိနပ်အောက် ပြန်ရောက်ချင်သလား”ဟု ၀ါဒဖြန့်၍ စည်းရုံးခြင်း၊ နိုင်ငံခြားကြိုတင်မဲများ၏ လက်ခံဖြတ်ပိုင်းများအား သက်ဆိုင်ရာမြို့နယ်များသို့ ပြန်လည်ပေးပို့မှု မရှိခြင်း စသည့် သမာသမတ်ကျမှုမရှိသော အချက်များကြောင့် တရားမျှတသော၊ စံ ငါးချက်နှင့်ညီသော ရွေးကောက်ပွဲ (လုံးဝ) မဟုတ်ကြောင်း တွေ့ရှိရသည်ဟု ပါရှိသည်။

ထို့ကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၉ (ဇ) နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ ပုဒ်မ ၁၀ (ဍ) ပါ ဥပဒေတစ်ရပ်ရပ်အရ ပေးအပ်ထားသော တာဝန်များကို ထမ်းဆောင်ရန် ပျက်ကွက်ခြင်း ဖြစ်ကြောင်း၊ ပြဋ္ဌာန်းချက်က ပြုလုပ်ရန် လိုအပ်သော ပြုလုပ်မှုကို တမင်ချန်လှပ်ခြင်း ဖြစ်ပါသဖြင့် ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ကျူးလွန်ခြင်း၊ နှစ်ယောက် (သို့မဟုတ်) နှစ်ယောက်ထက် ပိုသောသူများက ဥပဒေနှင့်မညီသော ပြုလုပ်မှုကို ပြုလုပ်ခြင်းဖြစ်ပါ၍ ရာဇသတ်ကြီးပုဒ်မ ၁၂၀ (က)ကို ကျူးလွန်ခြင်း၊ မည်သူမဆို လိမ်လည်အတုပြုထားသော စာတမ်းအမှတ်အသား ဖြစ်ကြောင်း သိရှိလျက် ထိုစာတမ်းကို အသုံးပြုခြင်း ဖြစ်ပါသဖြင့် ရာဇသတ်ကြီး ပုဒ်မ ၄၇၁ နှင့် အတုပြုလုပ်ထားသော ဆန္ဒမဲလက်မှတ်များကို မဲပုံးထဲသို့ ထည့်သွင်းခြင်းသည် သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ ပုဒ်မ  ၅၉ (ည) တို့ကို ကျူးလွန်ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုကဲ့သို့ ဥပဒေများကို ချိုးဖောက် ဆောင်ရွက်ခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အဆင့်ဆင့်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ရပ်ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှုဖွင့် တရားစွဲဆိုသွားမည် ဖြစ်ကြောင်းကို အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ (DNP) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

  လွတ်လပ်သော စုံစမ်းစိစစ်ရေးကော်မရှင် ဖွဲ့စည်းပေးရန် နိုင်ငံရေးပါတီ ၁၆ ပါတီ တောင်းဆို

လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန် လက်ရှိသံသယဖြစ်မှု အငြင်းပွားမှုများကို ဖြေရှင်းပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော အဖွဲ့အစည်းများ ပါဝင်သည့် လွတ်လပ်သော စုံစမ်းစိစစ်ရေးကော်မရှင်တစ်ရပ်ကို ခုနစ်ရက်အတွင်း ဖွဲ့စည်းပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၆ ပါတီက နိုဝင်ဘာ ၁၁ ရက်တွင် ကြေညာချက်ထုတ်၍ တောင်းဆိုခဲ့သည်။

ယင်းကြေညာချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၀ ပြည့်နှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲကို စည်းစနစ်ကျစွာ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ချိန် ပျမ်းမျှ ၁၆၈၄ ရက် (လေးနှစ် ခုနစ်လ ကိုးရက်ခန့်) အချိန်ရရှိခဲ့ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၉) ပုဒ်မ ၃၉၈ မှ ၄၀၃ အထိ ပြဋ္ဌာန်းထားသည့် ပုဒ်မ ၃၉၉(စ)တွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ တာဝန်များအနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ (သို့မဟုတ်) နိုင်ငံရေးပါတီများဆိုင်ရာ နည်းဥပဒေများကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လည်းကောင်း၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက် စသည်များကို သက်ဆိုင်ရာ ဥပဒေများနှင့်အညီ လည်းကောင်း ထုတ်ပြန်ကြေညာခြင်း ပြုရမည်ဟူ၍ အတိအလင်း ပြဋ္ဌာန်းထားကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲ မကျင်းပမီကာလတွင် မဲဆန္ဒရှင်စာရင်းများကို စစ်ဆေးရန်၊ ပြင်ဆင်ဖြည့်စွက်ရန်၊ ပြင်ဆင်ဖြည့်စွက်ချက်များကို အများပြည်သူ သိရှိနိုင်ရန် ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ကြေညာမှု မရှိသည့်အပြင် ရက်ပေါင်း ၉၀ ထက်မနည်း မဲဆန္ဒနယ် ပြင်ပရောက် အခြားမဲဆန္ဒရှင်များအတွက် ပုံစံ ၃ (က) ကို လည်းကောင်း၊ မိမိမဲဆန္ဒနယ်သို့ ပြန်လည်ဆန္ဒမဲပေးခြင်း မပြုနိုင်သော မဲဆန္ဒရှင်များအတွက် ပုံစံ (၁၅) ရယူ၍ မဲပေးနိုင်ကြောင်းတို့ကို လည်းကောင်း ထပ်မံကြေညာခဲ့၍ မဲရှုပ်ထွေးမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ပါရှိသည်။

ထို့ပြင် အသက် ၆၀ နှင့် အထက်များအား ၂၀၂၀ အောက်တိုဘာ ၁၀ ရက်တွင် ကြိုတင်မဲ စတင်ကောက်ယူခြင်း၊ အောက်တိုဘာ ၂၄ ရက်တွင် ကြိုတင်မဲ ပေးပိုင်ခွင့်စာရင်းများ ထပ်မံကြေညာခြင်း၊ နိုဝင်ဘာ ၆ ရက်တွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် သက်ဆိုင်အကြီးအမှူးများ၏ ထောက်ခံချက်ဖြင့် မဲရုံမှူးထံ တင်ပြနိုင်လျှင် မဲပေးခွင့်ရှိကြောင်း ထပ်ဆင့် ဆောင်ရွက်မှုများသည် မဲစာရင်း အရှုပ်အထွေးဖြစ်ပေါ်စေခြင်းနှင့် တရားမဲ့ပြုကျင့်ခြင်းများကို အားဖြည့်ပေးရာ ရောက်ရှိသကဲ့သို့ လက်တွေ့မဲပေးသည့် အခါတွင်လည်း ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းထက် အဆမတန် ပိုလွန်သော ဆန္ဒမဲများ ပေါ်ပေါက်လာခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ရွေးကောက်ပွဲအကြို ကာလတွင်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီမှုမရှိသော နိုင်ငံတော်သမ္မတနှင့် နိုင်ငံခြားရေးဝန်ကြီးတို့က ပါတီမဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို ၂၀၂၀ ဇူလိုင် ၁ ရက်မှစ၍ စတင်လုပ်ဆောင်နေခြင်း၊ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေးကို အကြောင်းပြု၍ အာဏာရပါတီ၏ နိုင်ငံရေး အသာစီးရယူနိုင်ခဲ့သည့်အပြင် အခြားပါတီများ စည်းရုံးလှုပ်ရှား၍ မရအောင် ထိန်းချုပ် ကန့်သတ်ခြင်း အပါအဝင် ဥပဒေဘောင်ကျော် ဆောင်ရွက်မှုများလည်း များစွာ ဆောင်ရွက်ခဲ့ကြောင်း ပါရှိသည်။

အဆိုပါအချက်များအရ အာဏာရပါတီ၏ တရားမဲ့ပြုကျင့်မှုများသည် မဲဆန္ဒနယ်မြေ အားလုံး၌ စဉ်ဆက်မပြတ် ရှိနေပြီး လွတ်လပ်၍ တရားမျှတသော၊ ဂုဏ်သိက္ခာရှိသော ပြည်သူ့ဆန္ဒနှင့် ရွေးကောက်ပွဲရလဒ် တစ်သားတည်း ကျရောက်စေရမည် ဟူသော ရွေးကောက်ပွဲကော်မရှင်၏ စံသတ်မှတ်ချက်များ နှင့် လွဲချော်နေသည်ဖြစ်၍ နိုင်ငံတော်၏ အချုပ်အခြာအာဏာကို အဓမ္မနည်းဖြင့် ရယူရန်ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဖော်ပြထားသည်။

ထို့ပြင် အစိုးရတာဝန်ရှိ ဝန်ကြီးချုပ်၊ ဝန်ကြီးမှစ၍ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ NLD လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ရပ်/ကျေးစည်းရုံးရေး တာဝန်ရှိသူများက ငွေကြေးပေး၍ မဲလက်မှတ် ကြိုတင်ဝယ်ယူမှုများ ပြုလုပ်ခဲ့သည့် အထောက်အထားများလည်း ပေါ်ပေါက်လျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ် သတင်းများတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမေရိကန်သံအမတ်ကြီး စကော့မာစီရာက ကြားဖြတ်ရွေးကောက်ပွဲမှစ၍ NLD ကို ဒေါ်လာသန်း ၉၅၀ ထောက်ပံ့ခဲ့သည်ဟု လည်းကောင်း၊ ၂၀၂၀ တွင် ဒေါ်လာ ၄၆ သန်း ထောက်ပံ့ကူညီခဲ့ကြောင်းနှင့် ယင်းထောက်ပံ့ငွေများအား ရွေးကောက်ပွဲကော်မရှင်မှ မရရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ကို တွေ့ရကြောင်း ပါရှိသည်။

ထို့ကြောင့် ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များသည် ဥပဒေအရ တရားဝင်ခြင်း မရှိကြောင်း၊ ရွေးကောက်ပွဲ ကော်မရှင်၏ သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းထက် ဥပဒေဘောင်ကျော်လွန် ချိုးဖောက်မှုများကို တွေ့ရှိရပြီး တားဆီးပျက်ကွက်မှုသည် ပါတီစုံ ဒီမိုကရေစီရှင်သန်ရေးအတွက် လက်မခံနိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တာဝန်ရှိသည့် နိုင်ငံတော်အစိုးရကလည်း မျက်ကွယ်ပြု လိုက်နာမှု မရှိခြင်းသည် ၎င်း၏ တရားဝင်လုပ်ပိုင်ခွင့်နှင့် ရပ်တည်ချက်များမှာ ဥပဒေကြောင်းအရ ပျက်ပြယ်သည်ဟု သုံးသပ်ရမည် ဖြစ်ကြောင်း ပါရှိသည်။

အဆိုပါ ဖော်ပြချက်များအရ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်စေရန် လက်ရှိ သံသယဖြစ်မှု အငြင်းပွားမှုများအား ဖြေရှင်းပေးနိုင်ရေးအတွက် လွတ်လပ်သော စုံစမ်းစိစစ်ရေးကော်မရှင် ဖွဲ့စည်းပေးရန် တောင်းဆိုထားသည်။

လွတ်လပ်သော စုံစမ်းစိစစ်ရေးကော်မရှင်၏ လုပ်ငန်းတာဝန်များအနေဖြင့် မဲရုံအလိုက် မဲပေးခွင့်ရှိသူ၊ အမှန်တကယ် မဲပေးသူ၊ ကြိုတင်မဲ၊ ပယ်မဲ စသည့် မဲစာရင်းများ မှန်ကန်မှု ရှိ၊ မရှိ စစ်ဆေးပေးရန်၊ ငွေကြေး၊တံစိုး လက်ဆောင်ပေး၍ မဲရရှိအောင် ကြိုးပမ်းမှု ရှိ၊ မရှိ စစ်ဆေးပေးရန်၊ နိုင်ငံတော်ပိုင် ငွေကြေး၊ ပစ္စည်းသုံးစွဲခွင့် ရှိ၊ မရှိ စစ်ဆေးပေးရန်နှင့် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ပြည်ပအထောက်အပံ့ ငွေကြေးသုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးပေးရန် စသည့်အချက် လေးချက်ကို ရက်ပေါင်း ၆၀ အတွင်း လုပ်ဆောင်ပေးရေး တောင်းဆိုထားသည်။

ထို့ပြင် တရားမဲ့ပြုလုပ်ခြင်းများအား စစ်ဆေးပေါ်ပေါက်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန်နှင့် ပြည်ပထောက်ပံ့ငွေကိစ္စ မှန်ကန်ပေါ်ပေါက်ပါကလည်း ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ရန် ဖော်ပြထားသည်။

  ဘာကြောင့်ကန့်ကွက်ရသလဲ

လွတ်လပ် မှန်ကန်မျှတသည့် ဒီမိုကရေစီအတွက် အစဉ်အလာဆိုးများ၊ နောင် ရွေးကောက်ပွဲများအထိ ဓလေ့စရိုက်ဆိုးများအဖြစ် ပါသွားမည်စိုး၍ ကန့်ကွက်နေရခြင်း ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

နိုဝင်ဘာ ၁၄ ရက်က ပြည်ထောင်စုကြ့ံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့်် ၂၀၂၀ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဖြစ်စဉ်တစ်ရပ်လုံးအပေါ် ခြုံငုံသုံးသပ်၍ ပြောကြားရာတွင် ဦးခင်ရီက ယင်းကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“တိုင်းပြည်အတွက်၊ ပြည်သူအတွက် လွတ်လပ် မှန်ကန်မျှတတဲ့ ဒီမိုကရေစီအတွက် အစဉ်အလာဆိုးတွေ နောင်အနာဂတ် ရွေးကောက်ပွဲတွေအထိ ဓလေ့စရိုက်ဆိုးတွေအနေနဲ့ ပါသွားမှာစိုးလို့ ကျွန်တော်တို့ ကန့်ကွက်နေရတာပါ။ အမှားလုပ်ရပ်တွေကို ကျွန်တော်တို့က မဆန့်ကျင်ရင် ဘယ်သူတွေက ဆန့်ကျင်မှာလဲ။ နိုင်ငံရေးပါတီတွေက မဆန့်ကျင်ရင် ဘယ်လိုပုဂ္ဂိုလ်မျိုးတွေက ဆန့်ကျင်ကြမှာလဲ။ အတိုက်အခံပါတီလို့ သတ်မှတ်ထားတဲ့ ကျွန်တော်တို့ကမှ ထောက်မပြရင် ဘယ်လိုလူတွေက အဓိက တာဝန်ယူပြီးတော့ ထောက်ပြသွားကြမှာလဲ။ ဒါတွေ ကျွန်တော်တို့ စဉ်းစားဖို့ လိုပါတယ်။ အဲဒီတော့ ပါတီကို တစ်ဖက်ကလည်း အနစ်နာခံ၊ ကိုယ်ကျိုးစွန့် အားပေးခဲ့ကြတဲ့ ၀ိုင်းရံပေးခဲ့ကြတဲ့သူတွေ၊ အမှန်တရားလိုလား မြတ်နိုးကြတဲ့ မိဘပြည်သူတွေ အားလုံးကိုလည်း လေးစားပါတယ်။ အဲဒီလို မမှန်တဲ့ တရားမဲ့ပြုကျင့်မှုကို မလိုလားတဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာကို အလွဲသုံးစားလုပ်တဲ့ စရိုက်ဆိုး၊ အကျင့်ဆိုး၊ လုပ်ရပ်ဆိုးတွေကို မလိုလားသူတိုင်း ကျွန်တော်တို့ စောစောက ပြောခဲ့တဲ့အတိုင်း အမှန်တရားကို မြတ်နိုးကြတဲ့ မိဘပြည်သူတွေ အားလုံးဟာလည်း ဒီစနစ်ဆိုးတွေကို ကျွန်တော်တို့နိုင်ငံမှာ အဆုံးသတ်သွားနိုင်အောင် ကျွန်တော်တို့ကို ၀ိုင်းဝန်းကူညီပေးကြပါ။ ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးကြပါ”ဟု ဦးခင်ရီ က ပြောကြားသည်။

၂၀၂၀ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးနှင့်ပတ်သက်၍ ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုး ပြောဆိုဝေဖန် ထောက်ပြမှုများ ကြားနေရကြောင်း၊ အထူးသဖြင့် မိမိပါတီနှင့် ပတ်သက်၍ အရှုံးကို လက်မခံနိုင်ဘူးဟု အမြင်ရှုထောင့်မျိုးက ပြောနေခြင်းများ ကြားရကြောင်း၊ လက်ရှိအချိန်အထိ UEC ၏ တရားဝင် ထုတ်ပြန်ချက်များအပေါ်တွင် USDP ပါတီက မျှော်မှန်းသလောက် မရခဲ့သည့်အတွက်ကြောင့် အားမလိုအားမရများ ဖြစ်ခဲ့ကြောင်း ဦးခင်ရီက ပြောကြားသည်။

“အဲဒီတော့၂၀၁၅ အခြေအနေကို ပြန်ကြည့်မယ်ဆိုပါစို့။ ၂၀၁၅ ရဲ့ရွေးကောက်ပွဲ ရလဒ်အပေါ်မှာ ကျွန်တော်တို့ ပါတီအနေနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ကျွန်တော်တို့ ခံယူတယ်။ ယူဆတယ်။ ဒါကြောင့် UEC ကိုရော၊ ပါတီကိုရော ဘာမှ စောဒကတက်ခဲ့တာ မရှိဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီကာလတုန်းက မဲစာရင်းစစ်ဆေးမှုတွေ၊ မဲစာရင်းဖြန့်ဝေမှုတွေ၊ မဲစာရင်းစာရွက်တွေရဲ့ Quality အရည်အသွေးတွေ၊ တန်းတူညီမျှမှုရှိတဲ့ ပါတီစည်းရုံးရေး လုပ်ငန်းတွေကြောင့် ကျွန်တော်တို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ယူဆတယ်။ ဒါကြောင့်မို့လို့ တကယ့်ကို တည်ငြိမ်အေးချမ်း၊ သိက္ခာရှိမှန်ကန်တဲ့ သမိုင်းဝင် အစိုးရအဖွဲ့ အလွှဲအပြောင်းတစ်ရပ်ကို သေသေချာချာ ဆောင်ရွက်ခဲ့တာ အားလုံးအသိပါ။ ဒါသိပ်မဝေးလှသေးတဲ့ အတိတ်သမိုင်းကြောင်းမှာ ရှိနေဆဲပါ”ဟု ဦးခင်ရီက ပြောကြားသည်။

သို့သော်လည်း ၂၀၂၀ ရွေးကောက်ပွဲ ဖြစ်ထွန်းပေါ်ပေါက်လာရန် Key Player အနေဖြင့် ပါဝင်ရမည့် နိုင်ငံရေးပါတီများနှင့် သမာသမတ်ရှိသည့် ဒိုင်အဖြစ်ဆောင်ရွက်မည့် UEC နှင့် မည်မျှတွေ့ဆုံခွင့်ရပြီး မည်မျှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးခွင့်ရရှိခဲ့ကြောင်း နှင့် မြေပြင်တွင် ဖြစ်နေသည့် အခြေအနေမှန်များအပေါ် UEC အနေဖြင့် မည်မျှဖြေရှင်း ဆောင်ရွက်ပေးနိုင်ခဲ့သည်နှင့် မည်မျှအထိ ကျေနပ်နှစ်သက်မှု ရှိခဲ့သည်ဆိုသည်ကို စဉ်းစားရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နောက်တစ်ချက်က ဒီ ၂၀၂၀ မှာ မဲလက်မှတ်တွေဆိုပါစို့။ မဲလက်မှတ် ရိုက်နှိပ်မှုနဲ့ ပတ်သက်ပြီးတော့ ထုံးတမ်းအစဉ်အလာအတိုင်း ရန်ကုန်မှှာ နှစ်နေရာမှာ ရိုက်တယ်။ နေပြည်တော်မှာ နှစ်နေရာမှာ ရိုက်တယ်။ အရင် ၂၀၁၅ တုန်းကတော့ Jimmy Carter Foundation လို နာမည်ကြီး Foundation မျိုးက စောင့်ကြည့်တယ်။ အခြားသော NGO တွေ၊ နိုင်ငံရေးပါတီများလည်း ပါတယ်။ ယနေ့ ဘယ် NGO မှ မပါဘူး။ ဘယ်နိုင်ငံရေးပါတီမှ မပါဘူး။ ဘယ်လောက် ရိုက်လည်း ကျွန်တော်တို့မသိဘူး။ Distribution ပေါ့။ ဖြန့်ဖြူးခြင်းနဲ့ ပတ်သက်ပြီး တိုင်းကို ဘယ်လောက်ပေးသလဲ။ တိုင်းကနေ ခရိုင်ကို ဘယ်လောက်ပေးသလဲ။ ခရိုင်ကနေ မြို့နယ်ကို ဘယ်လောက်ပေးသလဲ စသည်ဖြင့် ဒါတွေ ကျွန်တော်တို့ မသိဘူး။ အဲဒီတော့ မဲဘယ်လောက် ပိုရိုက်သလဲ။ ပျောက်ပျက်အတွက် ပျက်ဆီးဆုံးရှုံးတဲ့နှုန်း ဘယ်လောက်ထားသလဲ။ တကယ်ရိုက်တာနဲ့ အခုရိုက်တဲ့ လက်ကျန် ဘယ်လောက်လဲ။ ဒါတွေ ကျွန်တော်တို့ မသိဘူး။ အဲဒီတော့ ပွင့်လင်းမြင်သာမှုအပိုင်းနဲ့ ကြည့်လို့ရှိရင် ဒါ အားနည်းတယ်။ ဒါအရေးကြီးတဲ့ အလှည့်အပြောင်း တစ်ရပ်အတွက် မသိမဖြစ်ကိစ္စရပ်တွေကို ကျွန်တော်တို့ မသိခဲ့ရဘူး”ဟု ဦးခင်ရီက ပြောကြားသည်။

မဲဆွယ်စည်းရုံးရေးနှင့် ပတ်သက်ပြီး COVID-19 ကာလဖြစ်၍ Stay at Home နေရာများတွင် မဲဆွယ်စည်းရုံးရေး အခွင့်အရေး အပြည့်အဝမရခဲ့ဘဲ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အာဏာရပါတီအနေဖြင့် မြေပြင်တွင် လုပ်ပိုင်ခွင့် အများအပြားရှိပြီး နိုင်ငံတော် ထောက်ပံ့ငွေများကို အချို့မဲဆွယ်စည်းရုံးများတွင် တစ်ဖက်လှည့်ဖြင့် ဆောင်ရွက်မှုများကို လူမှုကွန်ရက်များတွင် ရှိခဲ့ကြောင်း၊ ထို့ပြင် မဲစာရင်းထုတ်ပြန်မှုများကို မစစ်ဆေးနိုင်သည့်အတွက် မဲပေးသူမည်မျှရှိကြောင်း မသိရှိရဘဲ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခဲ့ရကြောင်း ၎င်းက ပြောကြားသည်။

“နိုင်ငံတော်အဆင့် ကျင်းပတဲ့ ရွေးကောက်ပွဲဟာ ဒါမျိုးမဖြစ်သင့်ဘူးလို့ ကျွန်တော် ယူဆတယ်။ ဘယ်တုန်းကမှလည်း ကျွန်တော်တို့ ဖြစ်ခဲ့တာ မရှိပါဘူး။ အဲဒီတော့ မဲပေးတဲ့အခါမှာ ကျတော့ရော သေဆုံးတဲ့သူတွေ ပါနေတယ်။ နှစ်ခါထပ်ပြီး ပေးတာမျိုးတွေ ပါနေတယ်။ မရှိတဲ့လူတွေ ကျွန်တော်တို့ ပါနေတယ်။ မဲရုံပိတ်ခါနီးမှ အုံလိုက်အင်လိုက် ဝင်တာတို့ မစစ်ဆေးနိုင်ဘူး။ ရောကောသောကော သွင်းလိုက်ရတယ်။ ဒါမြေပြင်မှာ တကယ်ဖြစ်နေတာတွေပါ။ ဆင်းကြည့်ရင် သိသာပါတယ်။ ဒီလိုတွေဖြစ်နေတာတွေ ရှိတယ်။ ကျွန်တော်တို့ပါတီရဲ့ မဲရုံအချို့မှာဆိုရင် အသက်မပြည့်တဲ့သူ ထောင်ဂဏန်းတွေ ပါနေတယ်။ တစ်ထောင်အထက်မှာ ပါနေတယ်။ ဆိုတော့ အတော့်ကို အားနည်းချက်တွေ ရှိတယ်လို့ ဒီလိုပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုအခြေအနေမျိုးတွေကို ကျွန်တော်တို့ ဥပဒေလမ်းကြောင်းအတိုင်း တရားမဲ့ပြုကျင့်မှုတွေဖြစ်လို့ တိုင်ကြ၊ တောကြတဲ့အပိုင်း တိုင်ကြဆိုတော့လည်း ကျွန်တော်တို့မှာ ဒါတွေစစ်ဆေးဖို့အတွက် ကျွန်တော်တို့ကို ပုံစံ ၁ ပေးပါ။ ပုံစံ ၁၆ ပေးပါ။ ၁၆-၁ ပေးပါ စသည်ဖြင့် တောင်းသော်လည်း အခုထက်ထိ မရသေးတာ ရှိတယ်။ ကျွန်တော်တို့ မစစ်နိုင်ဘူး။ ကျွန်တော်တို့ ဘယ်ကိုတောင်းရမလဲ။ ဘယ်သူ့ကို အားကိုးရမလဲ။ ကျွန်တော်တို့ UEC ကို အားကိုးရမလား။ မြို့နယ်မရရင် ခရိုင် အားကိုးရမလား။ ခရိုင်မရရင် တိုင်းအားကိုးရမလား။ မရရင် နိုင်ငံတော်ကို အားကိုးရမလား။ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေမှာ အားကိုးရာမဲ့သလို ဖြစ်နေတယ်။ ဆိုတော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့အတွက် စာရင်းဇယား မှန်ကန်ဖို့လိုတယ်။ ဘယ်သူ့ကို အားကိုးရမှန်း မသိဘူး ဖြစ်နေတယ်။ ဒါကနေ့ လက်တွေ့ တကယ်ဖြစ်နေတဲ့ ဖြစ်ရပ်တွေ ဖြစ်ပါတယ်”ဟု ဦးခင်ရီက ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရဲစခန်းကို တိုင်ထားသည့် မတရားပြုကျင့်မှု ၈၀ ကျော်နှင့် UEC ကို တိုင်ထားသည့်  အမှု ၅၅၀ ကျော်ရှိကြောင်း ဦးခင်ရီက ပြောကြားသည်။

  ကော်မရှင် ဘာပြောသလဲ

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံရေးပါတီအချို့က ရွေးကောက်ပွဲ တရားမျှတမှု မရှိဟုဆိုသော စွပ်စွဲချက်များသည် အနည်းစုသာဖြစ်ပြီး အများစုက အဆင်ပြေကြောင်းနှင့် အခြေအမြစ် မရှိသည့်အတွက် ယင်းစွပ်စွဲချက်များကို ထည့်သွင်းစဉ်းစားရန် မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင် ဦးမြင့်နိုင်က နိုဝင်ဘာ ၁၁ ရက်က ပြန်လည် ရှင်းလင်းပြောကြားသည်။

“တရားမျှတမှု မရှိဘူးဆိုတာ သူတို့ရဲ့ စွပ်စွဲချက်ပဲလေ။ အနည်းစုလေးတွေရဲ့ စွပ်စွဲချက်ပဲ။ ဒီမိုကရေစီဆိုတာ အများစုရဲ့ဆန္ဒကို အလေးပေးရတာပေါ့။ အနည်းစုလေးတွေကတော့ ရှိနေတာပဲ။ တရားမမျှတတဲ့ ရွေးကောက်ပွဲဆိုတာလည်း ဘာမှပေါ်လွင်မှု မရှိဘူး။ ခုနကပြောတဲ့ မျှမျှတတနဲ့ လွတ်လွတ်လပ်လပ်နဲ့ လုပ်ပေးတယ်။ အဲဒီမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီကြီးတွေကိုက ထောက်ခံပြီးပြီလေ။ ကြိုဆိုတယ်၊ အသိအမှတ်ပြုတယ်။ သို့သော် ရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာတော့ ချို့ယွင်းချက်၊ အားနည်းချက်ကလေးတွေတော့ ရှိတယ်။ ဒါကလည်း နောင်ပြုပြင်ဖို့အတွက် သူတို့ ဒါကိုတင်ပြခြင်း ဖြစ်တယ်။ အဲဒီတော့ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီကြီးတွေကိုက ကြိုဆိုထောက်ခံပြီး ဖြစ်တယ်။ အနည်းစုလေးတွေကတော့ ဒီလိုစွပ်စွဲတာက ခိုင်လုံခြေခြေမြစ်မြစ် မရှိတော့ ဘာမှထည့်သွင်း စဉ်းစားစရာ မလိုဘူးပေါ့။ ခုနကပြောသလို အဲဒါကို ထည့်သွင်း စဉ်းစားစရာ မလိုဘူး။ အင်မတန် အနည်းငယ်လောက်ကပဲ အခြေအမြစ် မရှိတာလေးတွေပေါ့”ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ထို့ပြင် ပြည်ခိုင်ဖြိုးပါတီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် တပ်မတော် ပူးပေါင်း၍ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် တောင်းဆိုမှုနှင့် ပတ်သက်၍ ဦးမြင့်နိုင်က “ဘာမှပြောစရာမရှိဘူး။ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ခုနကပြောတဲ့ ရွေးကောက်ပွဲဆိုင်ရာပြစ်မှုတွေ ကျူးလွန်သလား ဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ရွေးကောက်ပွဲမှာ တရားမဲ့ပြုကျင့်မှုတွေ ရှိသလား။ အခန်း ၁၂ မှာ ပြဋ္ဌာန်းထားတယ်။ ဥပဒေကြောင်းအရပဲ သွားဖို့ပဲပေါ့။ ဥပဒေက ပြဋ္ဌာန်းပြီးသား။ ဥပဒေကြောင်းအတိုင်းပဲ အကာကွယ်ယူသွားဖို့ပဲ ရှိပါတယ်”ဟု ပြန်လည် ဖြေကြားသည်။

ထို့အတူ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ခြင်းများ၊ တရားမဲ့ပြုကျင့်ခြင်းများရှိပါက ဥပဒေပြဋ္ဌာန်းချက်အတိုင်း ရဲစခန်းတွင် တိုင်ကြားခြင်းနှင့် ကန့်ကွက်ခြင်း ပြုလုပ်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“အဲဒီအချက်အလက်တွေ မှန်တယ်။ မှားတယ်ဆိုတာ ဘာမှပေါ်ပေါက်ခြင်း၊ အခြေအမြစ် မရှိဘူးပေါ့။ မှန်တယ်လို့ ဘယ်သူကမှလည်း ပြောကြားလာခြင်း မရှိဘူးပေါ့။ ဘာအထောက်အထားတွေနဲ့ ရှိသလဲ။ ဒါတွေက သတင်းစကားတွေပေါ့။ ဒါကြောင့် ဘာမှပြောစရာ မရှိဘူးပေါ့။ ရွေးကောက်ပွဲ ဥပဒေတွေမှာ ပြဋ္ဌာန်းထားပါတယ်။ အခန်း ၁၃ မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပြစ်မှုကျူးလွန်တာတွေရှိလို့ရှိရင် အခန်း ၁၃ မှာ ပါတယ်။ ရဲအရေးယူပိုင်တဲ့အမှု ဖြစ်တယ်။ သက်ဆိုင်ရာ ရဲစခန်းကို တိုင်ကြားပြီးတော့ အရေးယူ ဆောင်ရွက်နိုင်တယ်။ တိုင်ကြားနိုင်တဲ့လူတွေက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ၊ မဲဆန္ဒရှင်တွေ၊ နောက်ရွေးကောက်ပွဲ ကော်မရှင်တွေ စတဲ့ သတ်မှတ်ထားတယ်”ဟု ဦးမြင့်နိုင်က ပြောကြားသည်။

ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်ခြင်းများရှိပါက ရွေးကောက်ပွဲ မတိုင်မီ၊ ရွေးကောက်ပွဲ နီးကပ်သည့်အချိန်နှင့် ရွေးကောက်ပွဲ ကျင်းပပြီးစီးသည့်အချိန်မှ ၁၅ ရက်အတွင်း တိုင်ကြားနိုင်ရန်အတွက် နည်းလမ်းများကိုလည်း ဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“နောက်တစ်ခါ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တရားမဲ့ ပြုကျင့်မှုတွေ ရှိပါတယ်။ တရားမဲ့ ပြုကျင့်မှုတွေကြောင့် ဒီရွေးကောက်ပွဲကြီးက တစ်ဖက်လူက နိုင်သွားတယ်ဆိုရင်လည်းပဲ ကန့်ကွက်ပါ။ ကြေညာပြီးသလောက် ၄၅ ရက်အတွင်းပေါ့။ အဲဒီတော့ ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီးတော့ အခန်း ၁၃ အရ အရေးယူချင်လည်း အရေးယူလို ့ရတယ်။ အခန်း ၁၄ အရ ကန့်ကွက်ရင်လည်း ကန့်ကွက်လို့ ရတယ်။ ဥပဒေအရ ပေးထားပြီးပေါ့။ ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်းပဲ ဆောင်ရွက်ပါလို့ပဲ အဲဒီလိုပဲ ပြောချင်တာပေါ့” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

သက်ဆိုင်ရာ လွှတ်တော်အလိုက် ရွေးကောက်ပွဲဥပဒေများအခန်း (၁၃) ၌ ရွေးကောက်ပွဲ ပြစ်မှုပြစ်ဒဏ်များအား ပြဋ္ဌာန်းထားပြီး အဆိုပါပြစ်မှုများကို ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ထောင်ဒဏ် တစ်နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။ သက်ဆိုင်ရာ လွှတ်တော်အလိုက် ရွေးကောက်ပွဲဥပဒေများ အခန်း (၁၄) တွင်လည်း ရွေးကောက်ပွဲဆိုင်ရာ တရားမဲ့ပြုကျင့်မှုများကို ပြဋ္ဌာန်းထားသည်။

  PACE အဖွဲ့ ထုတ်ပြန်မှု

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကို အနီးကပ်စောင့်ကြည့် လေ့လာခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အဖွဲ့ တာဝန်ရှိသူများက နိုဝင်ဘာ ၉ ရက်တွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ အဆိုပါ ရှင်းလင်းပွဲတွင် မဲရုံကိစ္စနှင့် မဲပေးသည့်ကိစ္စနှင့် မဲရေတွက်သည့် ကိစ္စများကို အဓိက ရှင်းလင်းခဲ့ခြင်း ဖြစ်သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဖြစ်စဉ်တွင် ပြဿနာတစ်စုံတစ်ရာ ကြီးကြီးမားမားမရှိဘဲ ပြီးဆုံးသွားကြောင်း PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

သို့သော် ရွေးကောက်ပွဲ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ ကြိုတင်မဲပုံစံ တစ်ခုဖြစ်သည့် ပုံစံ (၁၃ )ကို မဲရုံပြင်ပတွင် ကပ်ထားရမည် ဖြစ်သော်လည်း မဲရုံပြင်ပတွင် ပုံစံ (၁၃) မကပ်သည့် မဲရုံအချို့ရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

“အကြမ်းဖျင်းကတော့ မဲရုံဖွင့်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကြီးမားတဲ့ပြဿနာ မရှိဘူး။ ပုံမှန်အားဖြင့်တော့ အချိန်မီ ဖွင့်လိုက်နိုင်တယ်။ အဓိက ကတော့ ကျွန်တော်တို့ ဒီမှာတွေ့ရတဲ့ အချက်ကတော့ ရွေးကောက်ပွဲရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ မဲရုံမှူးလက်စွဲတွေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းတွေအရ ဆိုလို့ ရှိရင် ပုံစံ (၁၃) လို့ ခေါ်တဲ့ ကြိုတင်မဲက မဲရုံပြင်ပမှာ ကပ်ဖို့လိုတာပေါ့။ တချို့နေရာတွေမှာ ကျွန်တော်တို့ မတွေ့ရဘူး။ ဒါကလည်း အရေးကြီးတဲ့ကိစ္စလို့ မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲရလဒ်တွေကို စုစည်းတဲ့အခါမှာ ဒါမှမဟုတ်ရင် ဘယ်လောက် မဲပေးကြတယ်ကို ပြောတဲ့အခါမှာ ဒီဟာက အရေးကြီးတဲ့ကိစ္စလို့ ကျွန်တော်မြင်တယ်”ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

COVID-19 ဖြစ်ပွားမှုကြောင့် ကြိုတင်မဲပေးသည့် ရာခိုင်နှုန်းများမည်ဟု ရွေးကောက်ပွဲမတိုင်မီ ခန့်မှန်းကြသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုတင်မဲပေးသည့် ရာခိုင်နှုန်းမှာ မဲရုံတစ်ရုံချင်းစီတွင် မဲပေးခွင့်ရှိသူ၏ ၁၆ ရာခိုင်နှုန်းသာရှိဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)အဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

“ကျွန်တော်တို့ ကောက်ခံတဲ့ ရလဒ်အရကတော့ ခန့်မှန်းကြည့်တာ ကြိုတင်မဲပေးတဲ့ အရေအတွက်က  ဒီနှစ်မှာတော့ COVID-19 ရှိတဲ့အတွက်ကြောင့်မို့လို့လည်း ကြိုတင်မဲက ပုံမှန်ကြိုတင်မဲမျိုး မဟုတ်တော့ဘူး။ ၂၅ ရက်နေ့လောက်က စပြီးတော့ ကြိုတင်မဲတွေ ကောက်ယူတယ်။ ဘာတွေပါမလဲ ဆိုလို့ရှိရင် COVID ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ဒေသကို ကိုယ်မပြန်နိုင်ဘူး။ ကိုယ့်ဒေသအတွက်ပဲ ပေးချင်တယ်ဆိုရင် ကြိုတင်မဲပေးခွင့်ကို ဖန်တီးပေးတယ်။ ဒါလည်း ကောင်းတဲ့အချက်လို့ ပြောလို့ရတယ်။ နောက်တစ်ချက်ကကျတော့ အသက်ကြီးသူတွေ အသက် ၆၀ ကျော်တဲ့သူတွေကို တချို့မြို့တွေမှာ ကြိုတင်မဲပေးဖို့ ခွင့်ပြုတာမျိုး ဒါလည်းကောင်းတဲ့ကိစ္စလို့ မြင်တယ်။ ကျွန်တော်တို့ရဲ့ အချက်အလက်အရ ဆိုလို့ရှိရင် ကြိုတင်မဲပေးတဲ့ ရာခိုင်နှုန်းက မဲရုံမှာရှိတဲ့ ရာခိုင်နှုန်းရဲ့ ၁၆ ရာခိုင်နှုန်းရှိတယ်။ ကော်မရှင်ရဲ့ စာရင်းဇယားနဲ့တော့ ကျွန်တော်တို့ တိုက်ကြည့်ရဦးမှာပေါ့။ အဲဒီတော့ ကိန်းဂဏန်းအရတော့ ၁၅ ရာခိုင်နှုန်းက ကြိုတင်မဲ ပေးခဲ့တာမျိုး တွေ့ရတယ်။ မဲရုံမှာရှိတဲ့ အချက်အလက်ကို အကြမ်းဖျင်း ကျွန်တော်တို့ တွက်ကြည့်တာပေါ့။ ကျွန်တော်တို့ ထင်တာတော့ ဒီထက်ပိုပြီးတော့ များမယ်လို့ ခန့် မှန်းချက်တွေ ထွက်ခဲ့ကြတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီးကြည့်မယ် ဆိုရင်တော့ မဲပေးတဲ့သူရဲ့ ၁၆ ရာခိုင်နှုန်းလောက်က ကြိုတင်မဲပေးခဲ့တာမျိုး အကြမ်းဖျင်း ခန့်မှန်းကြည့်လို့ ရတယ်။ ဒါကတော့ မဲရုံတည်ဆောက်ပုံနဲ့ ပတ်သက်တဲ့ကိစ္စပေါ့။ ကျန်တာကတော့ ထူးထူးခြားခြား မရှိဘူး။ ပုံမှန်အတိုင်းပဲ ကျွန်တော်တို့ တွေ့ရတယ််” ဟု PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

PACE အဖွဲ့ စောင့်ကြည့်လေ့လာခဲ့သည့် မြို့နယ် ၃၀၁ မြို့နယ်တွင် ညနေ ၄ နာရီ မဲရုံမပိတ်မီအတွင်း ရောက်ရှိလာသည့် ကြိုတင်မဲများကို ရေတွက်ရာ ကြိုတင်မဲအပေါ်တွင် မှတ်သားထားသော အမှတ်အသားများကို ထင်ရှားစွာတွေ့ရသော်လည်း မြို့နယ် ၁၈ မြို့နယ်တွင် အမှတ်အသားများ ထင်ရှားစွာ တွေ့ရခြင်းမရှိသည်ကို တွေ့ရကြောင်း သိရသည်။

PACE အဖွဲ့၏ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ၏ ပေးပို့ချက်အရ မြို့နယ်တိုင်းတွင် ကြိုတင်မဲများကို လုံခြုံစွာ သိမ်းဆည်းထားမှုရှိသည်ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် COVID-19 ဖြစ်ပွားမှုကြောင့် မဲဆန္ဒနယ် ပြန်လည်မဲပေးခြင်း မရှိနိုင်သူများကို ပုံစံ ၁၅ ဖြင့် ကြိုတင်မဲပေးစေခြင်းအပြင် အသက် ၆၀ အထက် သက်ကြီးမဲဆန္ဒရှင်များ၏ ကြိုတင်မဲကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကောက်ယူပေးခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်၍ ရွေးကောက်ပွဲအကြိုကာလတွင် မေးခွန်းထုတ်စရာများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲနေ့ စီမံခန့်ခွဲမှုတွင် တည်ငြိမ်၊ အေးချမ်းသည်ဟု PACE တာဝန်ရှိသူများက ပြောကြားသည်။

ထို့အတူ မဲပေးသည့်ကိစ္စတွင်လည်း ကြီးမားသည့် ပြဿနာများကို မတွေ့ခဲ့ရကြောင်း PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

“မဲပေးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ထူးထူးခြားခြားကတော့ အဓိကအားဖြင့်တော့ ကြီးမားတဲ့ပြဿနာ မတွေ့ရပါဘူး။ ကျွန်တော်တို့ ဘယ်လိုတိုင်းတာလဲဆိုရင် မဲရုံဖွင့်တာ၊ ပြင်ဆင်တာတွေ တစ်ပိုင်းတိုင်းတယ်။ အဲဒါနဲ့ ပတ်သက်လို့ သီးသန့်လုပ်တယ်။ အဲဒါပြီးတာနဲ့ မဲပေးတဲ့ဖြစ်စဉ်ကြီး တစ်ခုလုံးကို ဆန်းစစ်လေ့လာမှု လုပ်တယ်။ သဘောကတော့ မဲစပေးတဲ့ မနက် ၆ နာရီကနေ စပြီးတော့မှ ညနေ ၄ နာရီ မဲရုံပိတ်တဲ့အထိ အဲဒီတစ်ပိုင်းကို ကျွန်တော်တို့ ဆန်းစစ်လေ့လာမှု ပြုလုပ်တယ်။  အဲဒါပြီးတာနဲ့ မဲရုံပိတ်တာ မဲစစ်တာတွေကို ဆန်းစစ်လေ့လာမှု ကျွန်တော်တို့ ပြုလုပ်တယ်။ မဲပေးတဲ့ဖြစ်စဉ် စတဲ့အပိုင်းမှာလည်း ကြီးကြီးမားမားပြဿနာ မတွေ့ရဘူး။ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ အားနည်းချက်တွေတော့ ရှိပါတယ်။ ဒါပေမဲ့ ပြောရရင်တော့ ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးကို သက်ရောက်မှုရှိတဲ့ အတိုင်းအတာနဲ့ စကေးပေါ့လေ။ ကျွန်တော်တို့ အဲဒီလောက် မတွေ့ရဘူး”ဟု ၎င်းက ဆိုသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်လုံးအတိုင်းအတာဖြင့် ၃၉၀၀၀ ကျော်ရှိပြီး မဲပေးသည့်နေ့တွင် မဲဆန္ဒရှင် တစ်ယောက်မှ ၁၀ ယောက်အထိ မဲစာရင်းတွင် မပါသည့်အတွက် ပြန်သွားရသည့်ဖြစ်စဉ်မှာ မဲရုံ သုံးပုံ တစ်ပုံခန့်တွင် တွေ့ရှိရကြောင်း PACE အဖွဲ့ ပြောသည်။

“အရေးကြီးတဲ့ကိစ္စကတော့ နှစ်ချက်ပေါ့။ တစ်ချက်ကတော့ မဲရုံတွေရဲ့ သုံပုံ တစ်ပုံလောက်မှာ မဲဆန္ဒရှင် တစ်ယောက်ကနေ အများဆုံး ၁၀ ယောက်အထိ သူတို့ရဲ့ နာမည်တွေဟာ မဲဆန္ဒရှင်စာရင်းမှာ မပါတဲ့ အတွက်ကြောင့်မို့လို့ ပြန်သွားရတယ်ဆိုတာမျိုးက မဲရုံတွေရဲ့ သုံးပုံတစ်ပုံမှာ ကျွန်တော်တို့ တွေ့ရတယ်။  ဒါက အမြဲတမ်း မဲဆန္ဒရှင်စာရင်းရဲ့ အရည်အသွေးကို ပြောတဲ့အခါမှာ ဒါက အရေးကြီးတဲ့ကိစ္စပဲ။ ဒီဂဏန်းဟာ နောက်ပိုင်းမှာ နိုင်ငံသားတိုင်း မဲပေးခွင့်ရအောင် မဲဆန္ဒရှင်စာရင်းမှာ ပါဝင်အောင် လက်ရှိ ရှိနေတဲ့ မဲဆန္ဒရှင်စာရင်း ပြုစုတဲ့ ပုံစံတွေ နောက်တစ်ခါ လုပ်ထုံးလုပ်နည်းတွေကို  ပြန်ပြီးတော့မှ စဉ်းစားဖို့လိုမယ်။ ဒါကတော့ အရေးကြီးတဲ့ကိစ္စပေါ့”ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

ထို့ပြင် မဲရုံပိတ်ပြီး မဲရေတွက်သည့် ကိစ္စကိုလည်း PACE အဖွဲ့အနေဖြင့် စောင့်ကြည့်လေ့လာခွင့် ရခဲ့ကြောင်းနှင့် မဲရေတွက်ရာတွင် ကြီးမားသည့်ပြဿနာ မတွေ့ရသော်လည်း NLD ပါတီနှင့် USDP ပါတီတို့မှာ စောဒကတက်မှု အများဆုံးဖြစ်သည်ကို တွေ့ရှိရကြောင်း PACE အဖွဲ့က ဆိုသည်။

“မဲရေတွက်တဲ့အခါမှာလည်း ကြီးမားတဲ့ပြဿနာ မတွေ့ရဘူး။ ဒါပေမဲ့လည်း စောဒက တက်တာကတော့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ USDP ပါတီကတော့ စောဒကတက်မှု အများဆုံးပါပဲ။ မဲရလဒ် ရေတွက်တာနဲ့ ပတ်သက်ရင် အငြင်းအခုံနဲ့ စောဒကတက်မှု သူတို့က အများဆုံးဖြစ်တယ်လို့ အကြမ်းဖျင်းပြောလို့ရတယ်”ဟု PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

  ရွေးကောက်ပွဲအငြင်းအခုံများ မဖြစ်ဖို့ဆိုရင်

လာမည့် ၂၀၂၅ အထွေထွေ ရွေးကောက်ပွဲတွင် ယခုကျင်းပခဲ့သော ရွေးကောက်ပွဲကဲ့သို့ ဝေဖန်မှုများ၊ ပြဿနာများ မရှိစေရန် ရွေးကောက်ပွဲဥပဒေ ပြင်ဆင်ရေးကို အနိုင်ရပါတီလွှတ်တော် စတက်သည်နှင့် စဉ်းစားရန် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)အဖွဲ့က တိုက်တွန်းသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွေ့ ရှိချက်များနှင့် စပ်လျဉ်း၍ နိုဝင်ဘာ ၉ ရက် က ပြုလုပ်သည့်  သတင်းစာရှင်းလင်းပွဲတွင် PACE တာဝန်ရှိသူများက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အထွေထွေရွေးကောက်ပွဲနေ့ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ တည်ငြိမ်၊ အေးချမ်းသည်ဟု သုံးသပ်နိုင်သော်လည်း ရွေးကောက်ပွဲ အကြိုကာလတွင် ကော်မရှင်နှင့် ပတ်သက်၍ အငြင်းပွားစရာများ ဖြစ်ပေါ်ခဲ့ခြင်းအတွက် ရွေးကောက်ပွဲဥပဒေကို ပြန်လည်သုံးသပ်ရန် လိုအပ်သည်ဟု PACE အဖွဲ့ အမှုဆောင် ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က မှတ်ချက်ပြုသည်။

“အခုနိုင်တဲ့ နိုင်ငံရေးပါတီတွေ လွှတ်တော်ထဲ ရောက်တာနဲ့ Day-1 ကနေစပြီး တော့ နောက် ၂၀၂၅ ရွေးကောက်ပွဲမှာ အခုလိုမျိုး ဝေဖန်ချက်တွေ မဖြစ်အောင်၊ ဒီလို ပြဿနာတွေ မဖြစ်အောင် ရွေးကောက်ပွဲဥပဒေ မူဘောင်နဲ့ ပတ်သက်ရင် ဘယ်လိုဟာတွေ ပြင်ကြမလဲ။ အဲဒါကို စစဉ်းစားဖို့ ကောင်းတယ်”ဟု ဦးစိုင်းရဲကျော်စွာမြင့်က ဆိုသည်။

လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအကြို ကာလကပင် အာဏာရပါတီကို ဘက်လိုက်မှု ရှိကြောင်း ဝေဖန်မှုများကြုံတွေ့ခဲ့ရပြီး လက်ရှိ ရွေးကောက်ပွဲကျင်းပပြီးချိန်တွင်လည်း ရွေးကောက်ပွဲသည် တရားမျှတ၊ လွတ်လပ်မှု မရှိကြောင်း ပါတီအချို့၏ ဝေဖန်မှုနှင့် ရင်ဆိုင်နေရသည်။

၂၀၀၈ အခြေခံဥပဒေနှင့် လက်ရှိရွေးကောက်ပွဲ ဥပဒေများအရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို အာဏာရပါတီမှ ဖွဲ့စည်းရခြင်း ဖြစ်သောကြောင့် ဥပဒေပြင်ဆင်နိုင်ခြင်း မရှိလျှင် လာမည့် ရွေးကောက်ပွဲတွင်လည်း ယခုကဲ့သို့ ပြဿနာမျိုး ကြုံတွေ့ရမည်ဟု ဦးစိုင်းရဲကျော်စွာမြင့်က ဆိုသည်။

“နို့မို့ဆိုရင် ၂၀၂၅ ဇူလိုင်လလောက်ဆိုရင် ဒီလို ပြဿနာက နောက်ထပ် ပြန်ကြုံရမယ်။ အဲဒီလိုမကြုံရအောင် အနိုင်ရတဲ့ နိုင်ငံရေးပါတီတွေ၊ အနိုင်ရပါတီ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ရင် ဘယ်လိုလုပ်မလဲ။ မဲဆန္ဒရှင်ပြုစုတာကို ဘယ်လိုလုပ်မလဲ။ မဲရုံတွေကို ဘယ်လို Set-Up လုပ်မလဲ။ ဘယ်လို တွက်ချက်ထားမလဲ။ ဒီလိုအရေးကြီးတဲ့ကာလမှာရော ဘယ်လိုစဉ်းစားမလဲ။ အဲဒါမျိုးကို တစ်စုံလုံးစပြီးတော့မှ စဉ်းစားသင့်တယ်။ ကော်မရှင်ကို ဘယ်လိုရွေးချယ်မလဲ။ ဒါကို လာမယ့် နိုင်ငံရေးပါတီနဲ့ အစိုးရအဖွဲ့အနေနဲ့ စဉ်းစားဖို့ တိုက်တွန်းချင်တယ်”ဟု ၎င်းက ပြောကြားသည်။

လက်ရှိ ဒုတိယအကြိမ် လွှတ်တော် သက်တမ်းများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး တတိယအကြိမ် လွှတ်တော်သက်တမ်းကို ဖေဖော်ဝါရီ ၁ ရက်တွင် ပြန်လည် စတင်မည် ဖြစ်သည်။

လက်ရှိ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ရွေးကောက်ပွဲဥပဒေတွင် ပါရှိသော အသုံးအနှုန်းဆိုင်ရာ စကားရပ်အချို့၊ ကြားဖြတ်ရွေးကောက်ပွဲကျင်းပခြင်းနှင့် စပ်လျဉ်းသည့် ပုဒ်မအချို့နှင့် နည်းဥပဒေပါ ပုဒ်မအချို့ကို ပြင်ဆင်ပြောင်းလဲမှု ရှိခဲ့သော်လည်း ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမှုနှင့် စပ်လျဉ်းသည့် ပုဒ်မများကို ပြင်ဆင်ခဲ့ခြင်းမရှိဟု PACE အဖွဲ့က ထောက်ပြသည်။

“ကော်မရှင်ရဲ့ ဖွဲ့စည်းပုံ၊ ကော်မရှင်ရဲ့ တာဝန်နဲ့ ဝတ္တရား၊  လုပ်ပိုင်ခွင့် အဲဒါတွေနဲ့ ပတ်သက်လို့ ပြင်ဆင်တာတွေ မရှိဘူး” ဟု PACE အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

 

Most Read

Most Recent