အမေရိကန်-ဥရောပတိုက် ဆက်ဆံရေး

အမေရိကန်-ဥရောပတိုက် ဆက်ဆံရေး
Published 16 November 2020
မြတ်သစ်

ဂျိုးဘိုင်ဒင်သမ္မတ ဖြစ်လာလျှင် ဥရောပသမဂ္ဂသည် အမေရိကန်နှင့် မဟာမိတ်ပြန် ဖြစ်လာနိုင်ဖွယ်ရှိနေသည် ဆိုပေမဲ့ ဥရောပ ခေါင်းဆောင်များအနေဖြင့် စွဲစွဲမြဲမြဲ သတိထားရမည့်အချက်က ၀ါရှင်တန်သည် နိုင်ငံတကာ ပုလိပ်မဟုတ်ဆိုသည့် အချက်နှင့် နေတိုးအဖွဲ့ကို အကာအကွယ် ပေးလိမ့်မည် မဟုတ်သော အချက်တို့ကို သတိပြုရန်လိုကြောင်း နိုင်ငံရေးအကဲခတ်သမားများက သတိပေးနေကြသည်။

ဘိုင်ဒင်အနိုင်ရရှိခြင်းသည် အမေရိကန်ပြည်ထောင်စုအတွက်ကော၊ ဥရောပတိုက်အတွက်ပါ ကြီးမားသော အောင်မြင်မှု တစ်ရပ်ဖြစ်ပြီး ဥရောပသမဂ္ဂနှင့် ပူးပေါင်း ဆောင်ရွက်မှုကို ပြန်လည်တည်ဆောက်ရန် အစိုးရအဖွဲ့သစ်နှင့် မိမိတို့ အတူတကွ လုပ် ဆောင်ရန် မျှော်လင့်နေကြောင်း ဥရောပသမဂ္ဂ၏ ထိပ်တန်းသံတမန် ဂျိုးဆက်ဆိုရဲလ် က ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ဂျိုးဘိုင်ဒင်ကို ဂုဏ်ပြုကြောင်း ပြောကြားချက်ကို Twitter မှ ရေးသားခဲ့ရာတွင် အထက်ပါ အကြောင်းအရာများကိုပါ ထည့်သွင်းပြော ကြားခဲ့သည်။

သို့ပေမဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌဟောင်း ဂျောန်ကလော့ဒ်ဂျန်ကာကမူ ဂျိုးဘိုင်ဒင်အနေဖြင့် နိုင်ငံတကာပြဿနာများ နှင့်ပတ်သက်၍ ၀ါရှင်တန်၏ ရပ်တည်ချက် သဘောထားများကို တစ်ညတည်းနှင့် ပြောင်းလဲမည်မဟုတ်ကြောင်း၊ သူ့အနေဖြင့် မပြောင်းလဲနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ဂျက်ဒီလော်အင်စတီကျူမှ ဆီဘက်စ တီယန်မောလော့ဒ်က ဥရောပတိုက်အနေ ဖြင့် အမေရိကန်၏ ဂလိုဘယ်ခေါင်းဆောင်မှု မပါဘဲနှင့် မိမိတို့ ဘာသာရပ်တည်ရေးကို ကြိုးပမ်းရမည်ဟု သတိပေးစကားပြောကြား ခဲ့သည်။

“မြင်နေရတဲ့ အနာဂတ်ကို ကြည့်ရင် အမေရိကန်ဟာ သူ့ပြည်တွင်းပြဿနာတွေ ကို ရင်ဆိုင်ဖြေရှင်းဖို့ အလုပ်ရှုပ်နေမှာဖြစ် ပါတယ်” ဟု ဂျာမန်နိုင်ငံရေး သိပ္ပံပညာရှင် မာကုစ်ကိုင်းမ်က မှတ်ချက်ချသည်။

အမေရိကန်ပြည်ထောင်စုသည် အနောက်ကမ္ဘာအတွက် ပုလိပ်ကြီးအဖြစ် ပြန်လည်သွားရောက်မည့် အနေအထားမရှိတော့ကြောင်း၊ ဤကဲ့သို့ မျှော်လင့်နေမှုများသည် မှားယွင်းနေကြောင်း နိုင်ငံရေးသိပ္ပံ ပညာရှင်များက သုံးသပ်လျက်ရှိသည်။

ဒုတိယကမ္ဘာစစ်ကြီးပြီးသည့်နောက် ပိုင်း စစ်အေးတိုက်ပွဲကာလတွင် အမေရိကန် သည် ကမ္ဘာတစ်ဝန်းတွင် စစ်ရေးအင်အားများကို ပြသပြီး နိုင်ငံတကာတွင် မိမိအရေးပါကြောင်းကို ပြသခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဥရောပ၊ တောင်ကိုရီးယား၊ ဂျပန်၊ အာဖဂန်နစ္စတန်နှင့် ဘာရိန်းတို့တွင် စစ်အခြေစိုက်စခန်းများထားရှိပြီး ပြဿနာဖြစ်ပွားနေသော ဇုန်များတွင် ပါဝင်ပတ်သက်မှုများ ရှိနေဆဲဖြစ်သည်။ သို့သော် သေချာစွာ မြင် တွေ့နေရသည်က အမေရိကန်တို့၏ စစ်ရေး ဆိုင်ရာ အာရုံစူးစိုက်မှုသည် ဥရောပတိုက်တွင် မရှိတော့ဘဲ အာရှတိုက်သို့ ပြောင်းသွားခဲ့သည်မှာ ဆယ်စုနှစ် နှစ်ခုစာမျှရှိခဲ့ပြီ ဖြစ်သည်။

အီတလီနိုင်ငံ နိုင်ငံတကာရေးရာ အင်စတီကျူမှ နာတာလီကိုချီက မိမိတို့သည် အမေရိကန် နယ်ချဲ့စနစ် နိဂုံးချုပ်သွားပြီဆိုသော အချက်ကို မြင်တွေ့နေရပြီဖြစ် ကြောင်း၊ သို့ဖြစ်၍ အမေရိကန်သည် ကမ္ဘာ့ ပုလိပ်ကြီး ဖြစ်ဖို့ စောင့်မျှော်နေစရာမရှိ ကြောင်း သုံး သပ်ခဲ့သည်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် အနိုင်ရသော သမ္မတသစ်မှ ဘာတွေမျှော် လင့်နေမည်နည်းဟူသော မေးခွန်းကို ဥရောပသမဂ္ဂအနေဖြင့် မေးရမည့်ကိန်း ဆိုက်ရောက်နေသည်။

ဂျန်ကာက အကောင်းဘက်မှ ရှုမြင်ထားသည်။ ဂျိုးဘိုင်ဒင်သည် ထရန့်ထက် ဥရောပတိုက်အကြောင်း ပိုနားလည် သဘော ပေါက်ထားသဖြင့် လုပ်ရကိုင်ရတာ ပိုလွယ်ကူလိမ့်မည်ဟု ဂျန်ကာက ပြောကြားခဲ့သည်။ သို့သော် ဥရောပသမဂ္ဂအဖွဲ့ဝင် သံတမန် တစ်ဦးကမူ ဘိုင်ဒင်လက်ထက်တွင် သိသိ သာသာ ပြောင်းလဲမှုရှိလာလိမ့်မည်ဟု မျှော်လင့်၍မရကြောင်း သတိပေးစကား ပြောကြားလိုက်သည်။

ဥရောပနိုင်ငံများအနေဖြင့် မိတ်ဘက် တစ်ဦးရှိသင့်သည်မှာ မှန်ကန်နေပေမဲ့ ဥရောပတိုက်၏ စီးပွားရေး၊ လုံခြုံမှုရှိရေးနှင့် မိမိတို့ အကျိုးစီးပွားကာကွယ်ရေးတို့အတွက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း သုံးသပ်ချက် တွေ ထွက်ပေါ်နေသည်။ ရှုမန်းဖောင်ဒေး ရှင်းမှ ဥက္ကဋ္ဌ ဂျောန်ဒိုမိနစ်ဂျုလီယန်နီက ဥရောပသမဂ္ဂ ခေါင်းဆောင်များအနေဖြင့် အမေရိကန်နှင့် မည်ကဲ့သို့ လုပ်ဆောင်ချင် သည်ကို ပြောပြရန်လိုကြောင်း အမေရိကန် တို့ဘက်မှ ဘာလုပ်ချင်သေးလဲဆိုသည့် စကားကို စောင့်ဆိုင်းနေဖို့ မလိုကြောင်း သတိပေးခဲ့သည်။

ဂျိုးဘိုင်ဒင် သမ္မတ ရာထူးရယူလိုက်ပြီ ဆိုလျှင် ဥရောပသမဂ္ဂအနေဖြင့် အမေရိ ကန်- ဥရောပသမဂ္ဂဆက်ဆံရေးသည် ပို၍ ကောင်းမွန်လာနိုင်ဖွယ်ရှိသည်ဟု မျှော်လင့် နိုင်သည်။ ကုန်သွယ်ရေး၊ နေတိုးတပ်ဖွဲ့များ အရေး၊ အီရန်အရေး၊ အရှေ့အလယ်ပိုင်း အရေးတို့နှင့် ရာသီဥတုဆိုင်ရာအရေးတို့ တွင် အပြုသဘောဆောင် တိုးတက်မှုများ ရနိုင်လာကြောင်း၊ အမေရိကန် ပြည်ထောင်စုသည် ပါရီရာသီဥတုဆိုင်ရာ သဘောတူညီ ချက်တွင် ပြန်လည်ပါဝင်နိုင်ကြောင်း ယူရို အေရှားအဖွဲ့မှ ညွှန်ကြားရေးမှူး မုဂ်ျတာ ဘာရာမန်က သုံးသပ်လိုက်သည်။

အထူးသဖြင့် ထရန့်လက်ထက်တွင် ပွတ်တိုက်မှုများရှိနေခဲ့သော အမေရိကန်- ဥရောပသမဂ္ဂ ကုန်သွယ်ရေး ပြဿနာများ ပြေလည်နိုင်ပြီး ကုန်သွယ်မှုကောင်းမွန်လာနိုင်သည်ဟု ယူဆမှုတွေ ထွက်ပေါ်နေ သည်။ ထရန့်လက်ထက်တွင် သံမဏီနှင့် အလူမီနီယမ်များ တင်သွင်းမှုပြုရာတွင် အကောက်ခွန်များ တိုးမြှင့်ထားမှုကို လျှော့ပေါ့ထားပေမဲ့ ကုန်သွယ်ရေးလုပ်ငန်းများ မှာ ချောမွေ့နေခြင်းမရှိလှသေးပေ။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာသီဥတုနှင့်ပတ်သက်၍ ပါရီသဘောတူညီချက်ကို မိမိသမ္မတဖြစ်လာလျှင် ပြန်လည်လက် မှတ်ရေးထိုးမည်ဟု ဘိုင်ဒင်က ပြောကြားခဲ့ ဖူးသည်။ ထို့ပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ခြင်း၊ အီရန်နျူသဘောတူလက် မှတ်ရေးထိုးမှုမှ နုတ်ထွက်ခဲ့ခြင်းများ ထရန့် လက်ထက်တွင် ဖြစ်ပေါ်ခဲ့ရာ ဘိုင်ဒင်လက် ထက်တွင် ပြန်လည်ပါဝင်လာဖွယ်ရှိနေသည်။

ဂျိုးဘိုင်ဒင်သည် ဥရောပမဟာမိတ် များနှင့် လက်တွဲလုပ်ဆောင်မည့် အလား အလာများရှိနေကြောင်း ဘာလင်အခြေ စိုက် ဂျာ့စ်ဒီလိုအင်စတီကျူ ကာကွယ်ရေး ဆိုင်ရာ ကျွမ်းကျင်သူ နီကိုလီကိုနင်းက သုံး သပ်ခဲ့သည်။ ထရန့်လက်ထက်တွင် နေတိုး အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များနှင့် သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆက် ဆံရေးများ တင်းမာမှုတွေရှိခဲ့သည်။

သမ္မတသစ် ဂျိုးဘိုင်ဒင်လက်ထက်တွင် နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက အမေရိကန် နှင့် ပုံမှန်ဆက်ဆံရေးများ ပြုလုပ်နိုင်မည်ဟု မျှော်လင့်ထားပေမဲ့ အမေရိကန်က ဥရောပတိုက်သည် မိမိတို့အကျိုးစီးပွား မည်မျှရှိ သလဲဆိုသော အချက်ကို အဓိကထား စဉ်းစားလေ့ရှိသည့်အချက်ကို စဉ်းစားပြီး သမ္မတသစ် လက်ထက်တွင် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာနိုင်ပါပလားဟု လေ့လာသုံးသပ်သူများက သံသယရှိနေကြ သည်။

“ဥရောပတိုက်ရဲ့ မဟာဗျူဟာ ကိုယ်  ပိုင်အုပ်ချုပ်ရေး စိတ်ကူးဟာ အဆုံးသတ် တော့မှာဖြစ်ပါတယ်။ လုံခြုံရေးကိစ္စမှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ အမေရိကန်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို မကျော်နိုင်ပါ ဘူး” ဟု ဂျာမနီ ကာကွယ်ရေးဝန်ကြီး အန်နီ ဂရတ်ခရမ့်ကာရင်ဘောင်ဝါက သူ့အမြင် သဘာထားကို Politico ဝက်ဘ်ဆိုက်တွင် ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသမ္မတသစ် ဂျိုးဘိုင်ဒင်အနေဖြင့် ဥရောပတိုက်ခေါင်းဆောင်များကို အဆိုပြုချင်သည့် အချက်ကတော့ လုံခြုံရေးကိစ္စနှင့် ပတ်သက်၍ လုပ်ငန်းတာဝန်ကို ခွဲဝေလုပ်ဆောင် ကြမည်ဖြစ်ကြောင်း၊ နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ဥရောပတိုက် လုံခြုံရေးကို အကာအကွယ် ပေးခြင်းဖြင့် အမေရိကန်ကို အကူအညီပေးရမည်ဖြစ်ပြီး သို့မှသာလျှင် အမေရိကန်တို့ အနေဖြင့် အာရှတိုက်တွင်ပို၍ ပါဝင်ပတ် သက်နိုင်မည်ဟု အကြံပေးစကားပြောကြား မည်ဖြစ်ကြောင်း မားကုစ်ကိန်းက မှတ်ချက်ချခဲ့သည်။

Most Read

Most Recent