ရွေးကောက်ပွဲအလွန် ပြည်တွင်းငြိမ်းချမ်းရေး မျှော်လင့်ချက်

ရွေးကောက်ပွဲအလွန် ပြည်တွင်းငြိမ်းချမ်းရေး မျှော်လင့်ချက်
ကျောက်တော်မြို့နယ် ၀ါးတောင်ကျေးရွာ စစ်ဘေးရှောင်စခန်းအတွင်း နေထိုင်နေသည့် စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်
ကျောက်တော်မြို့နယ် ၀ါးတောင်ကျေးရွာ စစ်ဘေးရှောင်စခန်းအတွင်း နေထိုင်နေသည့် စစ်ဘေးရှောင် ပြည်သူများကို တွေ့ရစဉ်
Published 16 November 2020
မင်းနိုင်စိုး

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သော မြို့နယ်များတွင် ကြား ဖြတ်ရွေးကောက်ပွဲကို ဒီဇင်ဘာ ၃၁ ရက် မတိုင်မီကျင်းပပေးရန် အစိုးရနှင့် တပ်မတော်အား AA အဖွဲ့က နိုဝင်ဘာ ၁၂ ရက် တွင် မေတ္တာရပ်ခံတိုက်တွန်းသည်။

၂၀၁၉ ခုနှစ် အစောပိုင်းတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲကင်းများကို AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် တပ်မတော်နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။

အဆိုပါကာလများတွင် တပ်မတော် နှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်ခြင်း နှင့်အတူ အပြန်အလှန် ဖမ်းဆီးမှုများ၊ အပြန်အလှန် စွပ်စွဲဝေဖန်မှုများလည်း ပြင်းထန်ခဲ့သည်။ နှစ်ဖက်စစ်ရေးပဋိပက္ခအကြားတွင် ထောင်နှင့်ချီသော ရခိုင်ပြည်နယ်မြောက်ပိုင်းမှဒေသခံများသည် နေရပ်စွန့်ခွာ ထွက် ပြေးတိမ်းရှောင်ခဲ့ရပြီး လူ့အသက်ပေါင်း များစွာလည်း ဆုံးရှုံးခဲ့ရသည်။

ထိုသို့ ၂၀၁၉ ခုနှစ် နှစ်စပိုင်းမှ ယခုအချိန်အထိ နှစ်နှစ်နီးပါးကာလအတွင်း AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါဝင်သော မေတ္တာရပ်ခံသည်ဟူသော အသုံးအနှုန်းသည် အပြုသဘောဆောင်သော အသုံးအနှုန်းဖြစ်ခဲ့သည်။

မြန်မာနိုင်ငံ၌ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပပြီးနောက် ရွေးကောက်ခံကိုယ်စားလှယ်များ၏ အနိုင်အရှုံးရလဒ်၊ အစိုးရသစ် ဖွဲ့နိုင်မည့် ပါတီသည်လည်း ထွက်ပေါ်လာခဲ့ ပြီဖြစ်ကြောင်း၊ သို့သော် ရခိုင်ပြည်နယ်၏မြို့ နယ်အများစု၌ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ သောကြောင့် ၎င်းဒေသတွင် နေထိုင်ကြ သော ပြည်သူလူထုအနေဖြင့် မဲပေးခွင့် မရရှိခဲ့ကြဘဲ ပြည်သူ့အသံကို ကိုယ်စားပြု သော ရွေးကောက်ခံကိုယ်စားလှယ်များကို ဆုံးရှုံးခဲ့ရသကဲ့သို့ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများလည်း နစ်နာခဲ့ကြောင်း AA အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ သည်။

ထိုသို့သော အခွင့်အရေးများ မဆုံးရှုံး စေရန်အတွက် ရွေးကောက်ပွဲ မကျင်းပရ သေးသော မြို့နယ်များတွင် ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်ရန် လိုလားကြောင်း၊ အဆိုပါနေရာများတွင် ရွေးကောက်ပွဲ ပြန် လည်ကျင်းပနိုင်ရန်အတွက် ၎င်းတို့အနေဖြင့် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲခြင်းကို နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ AA အဖွဲ့က ထပ်မံသက်တမ်း တိုးမြှင့်ခဲ့သည်။

တပ်မတော်အနေဖြင့် ရခိုင်ပြည်နယ် အတွင်းပြုလုပ်နေသော ထိုးစစ်ဆင်တိုက် ခိုက်နေမှုများကို ရပ်တန့်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ လွှမ်းခြုံသော အပစ်အခတ် ရပ်စဲရေးကို ကြေညာကာ ကြားဖြတ်ရွေး ကောက်ပွဲ အမြန်ဆုံးကျင်းပနိုင်ရေးအတွက် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်သင့်ကြောင်း AA က အကြံပြုသည်။

ထို့ကြောင့် ရွေးကောက်ပွဲ မကျင်းပရ သေးသော မြို့နယ်များတွင် ကြားဖြတ်ရွေး ကောက်ပွဲအား ဒီဇင်ဘာ ၃၁ ရက်မတိုင်မီ ကျင်းပပေးရန် အစိုးရနှင့် တပ်မတော်ကို AA က မေတ္တာရပ်ခံတိုက်တွန်းသည်။

ထိုသို့ ရွေးကောက်ပွဲကျင်းပနိုင်ရန် လိုအပ်သည့် တည်ငြိမ်သော အခင်းအကျင်း အခြေအနေတစ်ခုကို ဖန်တီးရန်အတွက် အစိုးရ၊ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီး တို့နှင့် သင့်လျော်သလိုပံ့ပိုးကူညီလုပ်ဆောင် သွားရန်ဆန္ဒရှိကြောင်း AA အဖွဲ့ကသဘော ထားထုတ်ပြန်ခဲ့သည်။

AA အဖွဲ့က ထိုသို့အပြုသဘော ဆောင်သည့် ထုတ်ပြန်ချက်အပေါ် နိုင်ငံရေး အသိုင်းအဝိုင်းအများစုက ကြိုဆိုခဲ့ကြသော် လည်း အချို့က ၎င်းတို့ ဖမ်းဆီးထားသော NLD လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို ပြန်လွှတ်ပေးရန် တောင်းဆိုကြသည်။

AA အဖွဲ့၏ မေတ္တာရပ်ခံတိုက်တွန်းမှု နှင့်ပတ်သက်၍ နိုဝင်ဘာ ၁၂ ရက်တွင်ပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာဝရငြိမ်း ချမ်းရေးအတွက် ထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့သည်။ တပ်မတော်၏ အဆိုပါ ထုတ်ပြန် ချက်တွင် AA အဖွဲ့၏ မေတ္တာရပ်ခံ တိုက် တွန်းသော ထုတ်ပြန်ချက်အားကြိုဆိုကြောင်း နှင့် ရွေးကောက်ပွဲ ပြုလုပ်ရန်ကျန်ရှိသည့်နေ ရာများ၌ ကြားဖြတ်ရွေးကောက်ပွဲ ပြုလုပ်နိုင်ရေး အတတ်နိုင်ဆုံး ညှိနှိုင်းဆောင်ရွက်သွား မည်ဟု ဖော်ပြခဲ့သည်။

“ကျွန်မတို့ဟာ တစ်ချိန်လုံးပဲ တိုက်ပွဲ တွေနဲ့၊ ထိခိုက်နာကျင်မှုတွေနဲ့၊ တစ်ဖက်နဲ့ တစ်ဖက်နဲ့ စွပ်စွဲတာတွေနဲ့ ဒီလိုဖြစ်နေကြတဲ့ အနေအထားတွေ။ စစ်ဘေးရှောင်တွေ လည်း အများကြီးရှိတယ်။ သတင်းစာရှင်း လင်းပွဲတွေလည်း ထုတ်လိုက်။ တစ်ဖက်နဲ့ တစ်ဖက် ဖမ်းဆီးလိုက်။ ကျေးရွာတွေ မီးရှို့ ခံရလိုက် စသည်ဖြင့် ဒီလောက်ဖြစ်နေတဲ့ အနေအထား မှာ ဒီအကွက်အကွင်းလေးဟာ ပယ်ဖျက်ထားတဲ့ ရွေးကောက်ပွဲတွေကို လုံ ခြုံစွာ ဆောင်ရွက်ပေးမယ်ဆိုတဲ့ အဆင့်ကနေ နောက်ထပ် ငြိမ်းချမ်းရေးအဆင့်ဆင့်ကို ကျွန်မတို့ သွားနိုင်မယ့် ရောင်နီကလေးတစ် ခုအဖြစ် ကျွန်မတို့ ရှုမြင်ပါတယ်”ဟု တပ်မ တော်နှင့် AA တို့၏ ထုတ်ပြန်ချက်များအပေါ် ရခိုင်အမျိုးသားပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က မှတ်ချက်ပြုသည်။

တစ်ရက်တည်းတွင် ထုတ်ပြန်ခဲ့သော တပ်မတော်နှင့် AA တို့၏ အပြုသဘော ဆောင်သော ထုတ်ပြန်ချက်များအပေါ် လူတိုင်းက အံ့သြပျော်ရွှင်စွာ ကြိုဆိုကြသည်ဟု ဒေါ်အေးနုစိန်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သည့် မဲဆန္ဒနယ်များ၌ ရွေး ကောက်ပွဲအမြန်ဆုံးကျင်းပရန် တပ်မတော် နှင့် AA တို့၏တောင်းဆိုမှုသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် အသွင်ကူးပြောင်းရေးအတွက် အဓိက တွန်းအားဖြစ်သည်ဟု ယုံကြည်ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ရခိုင်အမျိုးသားပါတီ (ANP) က ထပ်ဆင့်ကြေညာချက် ထုတ်ပြန် သည်။

တပ်မတော်နှင့် AA တို့၏ နိုဝင်ဘာ ၁၂ ရက် သဘောထားထုတ်ပြန်ချက်များ သည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်း ၌ ထာဝရငြိမ်းချမ်းရေးလမ်းကြောင်း အစပျိုးသည့် အပြုသဘောဆောင်သော ချဉ်း ကပ်မှုဖြစ်သည်ဟု ယုံကြည်၍ လှိုက်လှဲစွာ ကြိုဆိုကြောင်း ANP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ 

ထိုသို့ နှစ်ဖက်စလုံးက အပြုသဘော ဆောင်သော ချဉ်းကပ်မှုမှတစ်ဆင့် အပြန်အလှန်လေးစား ယုံကြည်မှုတည်ဆောက်ကာ  နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် အဖြေရှာ၍ ပြည်ထောင်စုတစ်ဝန်းလုံး ထာ ဝရငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ကြ ရန် ANP ပါတီက တိုက်တွန်းခဲ့သည်။   

ရွေးကောက်ပွဲအကြိုကာလနှင့် ရွေး ကောက်ပွဲကာလအတွင်း အတန်ငယ် ငြိမ်သက်နေခဲ့သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရွေးကောက်ပွဲအလွန် ရက်ပိုင်းအတွင်း၌ပင် သဘောထား ထုတ်ပြန်ချက်များဖြင့်  ပြန်လည်သက်ဝင်လှုပ်ရှားလာသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အ ပိုင်း (၃) ကို အပိုင်းသုံးပိုင်းဖြင့် ချုပ်ဆိုခဲ့သည်။

အဆိုပါသဘောတူညီချက်များကို ရေ ရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး အတွက် အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများက ပူးပေါင်း အကောင်အထည်ဖော်ရမည်ဖြစ် သော်လည်း အထွေထွေရွေးကောက်ပွဲ ကြောင့် သဘောတူညီချက်များ အကောင် အထည်ဖော်ရေးလုပ်ငန်းစဉ်မှာ ယာယီရပ် ဆိုင်းခဲ့ရသည်။

အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပခဲ့ပြီးနောက် နိုဝင်ဘာ ၉ ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ ဝရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်အတွက် ထာဝရငြိမ်းချမ်းရေးကို အောင်မြင်ပြီးဆုံးသည်အထိ ဆောင်ရွက်ရန်မှာ မဖြစ်မနေ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ဖြစ်သည်။

ထို့ကြောင့် NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် လက်မှတ်ရေးထိုးရန် ဆွေးနွေးနေဆဲဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား အမြန်ဆုံး ဆက်လက်ဆွေးနွေးရန် နိုဝင်ဘာ ၉ ရက် တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထို့ကြောင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာဝရငြိမ်း ချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိဆောင် ရွက်ရာတွင် လိုအပ်၍ တပ်မတော်နှင့် တွေ့ ဆုံဆွေးနွေးရန် ရှိလာပါက ဆွေးနွေးနိုင်ရန် တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။

တပ်မတော်၏ ကော်မတီတွင် ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်က ဥက္ကဋ္ဌ၊ ဒုတိယဗိုလ် ချုပ်ကြီး အောင်လင်းဒွေးက အတွင်းရေးမှူး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိ ယဗိုလ်ချုပ်ကြီး တင်မောင်ဝင်းနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းထားသည်။

တပ်မတော်၏ အဆိုပါကော်မတီသည် ယခင်က ဖွဲ့စည်းပေးခဲ့သည့် ကော်မတီပင် ဖြစ်ပြီး အသက်မဝင်ဖြစ်ခဲ့သည့် ကော်မတီတစ်ခုကို ပြန်လည်အသက်ဝင်အောင်လုပ်ဆောင်သည့် သဘောမျိုးဖြစ်သည်။

အဆိုပါ တပ်မတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီသည် NCA လမ်းကြောင်းအတိုင်း NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာ အောင် ဆက်လက်ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါ ကော်မတီသည် NCA စာချုပ် လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို NCA လက်မှတ်ရေးထိုးနိုင်သည်အထိ ဆက်လက်ဆွေးနွေးခြင်းနှင့် ထာဝရငြိမ်း ချမ်းရေး အောင်မြင်ပြီးဆုံးသည်အထိ  လို အပ်သည်များအား ဆက်လက်ဆွေးနွေး သွားမည်ဖြစ်သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ကလည်း  အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုဝင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ကြေညာချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

NRPC အနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင်းကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့ကို မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်နေကြောင်း  NRPC က ထုတ်ပြန်သည်။

ထို့ပြင် NCA စာချုပ် လက်မှတ်ရေး ထိုးပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးရန် ဆွေးနွေးညှိနှိုင်းဆဲ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းအားလုံးနှင့် တွေ့ ဆုံဆွေးနွေး၍ တိုင်းရင်းသားပြည်သူအားလုံး မျှော်လင့်တောင့်တလျက်ရှိသော စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် ခိုင်မာသည့် သန္နိဋ္ဌာန်ဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု NRPC က ထုတ်ပြန်သည်။

နိုဝင်ဘာ ဒုတိယပတ်တွင် တပ်မတော် နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော TNLA ၊ MNDAA နှင့် AA တို့က တစ်ဖက်သတ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကြောင်း ကြေ ညာချက်များကို အသီးသီးထုတ်ပြန်ခဲ့သည်။

ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး အစိုးရ တာဝန်ကို ထပ်မံဦးဆောင်မည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရနှင့်သော်လည်း ကောင်း၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပြု လုပ်ရာတွင် အဓိကကျသည့် တပ်မတော်နှင့် သော်လည်းကောင်း လက်တွေ့ကျသည့် ငြိမ်းချမ်းရေးလုပ်ငန်းများ ဆွေးနွေးညှိနှိုင်း ဖော်ဆောင် နိုင်မည့် အခင်းအကျင်းသစ်များ ပေါ်ပေါက်နိုင်ရန် ညီနောင်မဟာမိတ်သုံးဖွဲ့ က နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက် အထိ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲ ကြောင်း ကြေညာခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထိုသို့ တစ် ဖက်သတ်အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်သည် ၂၀၁၉-၂၀၂၀ အတွင်း ခုနစ် ကြိမ်မြောက် ကြေညာချက်လည်း ဖြစ်သည်။

ထိုသို့ ထုတ်ပြန်ရာတွင်လည်း ၎င်းတို့ အနေဖြင့် တပ်မတော်နှင့်အတူ ကြိုတင်ကန့် သတ်ချက်များ မပါသည့် အပစ်အခတ်ရပ်စဲ ရေးကို ပူးတွဲဆောင်ရွက်ရန် အဆင်သင့်ရှိ  ကြောင်း ကြေညာခဲ့ပြီး အပစ်ရပ်ပြီးနောက် စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲများကို FPNCC ၏ ဦးဆောင်မှုဖြင့် လိုက်ပါရန်အမြဲ အဆင်သင့်ရှိကြောင်းလည်း ညီနောင်မဟာ မိတ်သုံးဖွဲ့က ကြေညာသည်။

ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိ နှိုင်းရေးကော်မတီ (FPNCC) ကို “၀”အဖွဲ့ (UWSA) နှင့် ကချင်အဖွဲ့ (KIA) တို့က ဦး ဆောင်ထားပြီး ကော်မတီကို USWA ၊ KIA တို့နှင့်အတူ တအာင်းအဖွဲ့ (TNLA)၊ ကိုး ကန့်အဖွဲ့ (MNDAA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နှင့် ရခိုင်အဖွဲ့ (AA) တို့ဖြင့် ဖွဲ့စည်း ထားသည်။

ယုံကြည်မှုတိုးတက်ရန်နှင့် တွေ့ဆုံ ဆွေးနွေးမှုများ ချောမွေ့လွယ်ကူစေရန် အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအား အကြမ်းဖက်အဖွဲ့အစည်း၊ မတရားအသင်း စသည်ဖြင့် သတ်မှတ်ကြေညာ လုပ်ဆောင်ချက်များကို ပြန်လည်ရုပ် သိမ်းပေးရန် ညီနောင်မဟာမိတ်သုံးဖွဲ့က တောင်းဆိုခဲ့သည်။

ညီနောင်မဟာမိတ်သုံးဖွဲ့အနက် AA အဖွဲ့ကို အစိုးရက အကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ကြေညာထားပြီး ထိုသို့ သတ်မှတ်ကြေညာထားသည့်အတွက် တပ် မတော်က အပစ်အခတ်ရပ်စဲရေးကြေညာရာတွင် ရခိုင်ပြည်နယ်အား ချန်လှပ်၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကြေညာသည်။

၂၀၂၀ မတိုင်မီ ပထမအစိုးရသက်တမ်းတွင် ရင်ဆိုင်ဖြတ်ကျော်ခဲ့ရသော ငြိမ်းချမ်းရေးကြိုးပမ်းမှု အကျပ်အတည်းကို သေချာစွာ ပြန်လည်သုံးသပ်ပြီး တိုင်းရင်းသားပြည် သူလူထုအကျိုးကို ဦးတည်သည့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ကို ရဲဝံ့စွာချမှတ်ရန် ညီ နောင်မဟာမိတ်သုံးဖွဲ့၏ တောင်းဆိုချက် တွင် ပါဝင်သည်။

ထို့ပြင် လက်ရှိအစိုးရနှင့် ၎င်းတို့အကြား ရပ်တန့်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ရှေ့ဆက်နိုင်ရေးအတွက် ၂၀၂၀ ရွေးကောက်ပွဲမှ တက်လာမည့် အစိုးရသစ် အနေဖြင့် အထူးအလေးပေး ဆောင်ရွက်ရန် လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က တောင်းဆိုခဲ့ကြသည်။

ပြည်တွင်းစစ်ချုပ်ငြိမ်းရန် နည်းလမ်းသည် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းသာ ရှိပြီး အဆိုပါ အခြေအနေကို ၎င်းတို့အနေဖြင့် အမြဲတမ်းလက်ခံထားသကဲ့သို့ အမြဲတမ်းလည်း အဆင်သင့်ပြင်ထားသည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတား အိုက်ကျော်က ပြောကြားသည်။

၎င်းတို့အနေဖြင့် ငြိမ်းချမ်းရေးအပေါ် အမြဲတမ်းမျှော်လင့်သော်လည်း တွေ့ဆုံ ဆွေးနွေးမှုများတွင် ကြိုတင်ကန့်သတ်ချက်များက ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ် စေသည်ဟု ဗိုလ်မှူးတားအိုက်ကျော်က ပြော ကြားသည်။

“ပြောရမယ်ဆိုရင် နှစ်ဦးနှစ်ဖက်အလုပ် ဖြစ်နိုင်မယ့်ဟာကို ညှိနှိုင်းမယ်ဆိုရင်တော့ အဆင်ပြေသွားလို့ရှိရင်တော့ ပိုပြီးခရီး ရောက်တယ်။ ပိုပြီး လျင်လျင်မြန်မြန်နဲ့ ငြိမ်း ချမ်းရေး ပိုရနိုင်တာပေါ့။ အဓိက အဟန့် အတားကတော့ ကြိုတင်ကန့်သတ်မှုတွေဖြစ် တယ်။ အခုလည်း ဒီအတိုင်းပဲ အရင်က ပုံစံ အတိုင်းပဲ ကြိုတင်ကန့်သတ်မှုတွေ ထားမယ် ဆိုရင်တော့ ဘယ်လိုပဲ ဆွေးနွေး ဆွေးနွေး ဒီအဟန့်အတားကတော့ ရှိနေမှာပဲ။ ကြန့် ကြာမှုတော့ရှိနေမှာပဲ”ဟု ဗိုလ်မှူးတားအိုက်ကျော်က ပြောသည်။

“ဒီတော့ ဘယ်လိုဆွေးနွေးမလဲ။ အ လုပ်ဖြစ်နိုင်မယ့် နည်းလမ်းကို စဉ်းစားပြီး တော့ ဆွေးနွေးသွားလို့ရှိရင် ပိုပြီးလျင်မြန် မယ်။ ပိုပြီးလွယ်ကူမယ်”ဟု ဗိုလ်မှူးတားအိုက်ကျော်က ဆက်လက်ပြောကြားသည်။

ပြီးခဲ့သည့် NLD အစိုးရ ငါးနှစ်တာ သက်တမ်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှစ်ဖွဲ့က NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို     ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံဟူသော အမည်ဖြင့် ကျင်းပခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အ ပိုင်း သုံးပိုင်းကို အစိုးရ၊ တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အကြား သဘောတူညီချက် ရယူနိုင်ခဲ့သည်။

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၃) ကို အပိုင်းသုံးပိုင်းဖြင့်ချုပ်ဆိုခဲ့ပြီး အပစ်ရပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကမူ အဆိုပါ သဘောတူစာချုပ်ကို ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက်အပေါင်း လက္ခဏာဆောင်သော စာချုပ်အဖြစ်လက်ခံခဲ့ကြသည်။

ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်း အလိုတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့သည်။

တပ်မတော်၏ အဆိုပါသဘောထား ထုတ်ပြန်ချက်တွင် NLD အစိုးရလက်ထက် ၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ သိသာထင် ရှားသော အောင်မြင်မှုမရရှိသေးဟု ဖော်ပြ ခဲ့သည်။

နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သော တပ်မတော်၏ ထုတ်ပြန်ချက်များကြောင့် အစိုးရနှင့် တပ်မတော်အကြား ပွတ်တိုက်မှု အချို့ရှိခဲ့သည်။

သို့သော် ရခိုင်ပြည်နယ်တွင် ရွေး ကောက်ပွဲမကျင်းပနိုင်ခဲ့သော မဲဆန္ဒနယ် များတွင် ကြားဖြတ်ရွေးကောက်ပွဲ ပြန်လည် ကျင်းပနိုင်ရေးနှင့်ပတ်သက်၍ တပ်မတော် နှင့် AA တို့၏ ထုတ်ပြန်ချက်များမှာ ငြိမ်း ချမ်းရေးအတွက် မေ ျှာ်လင့်ချက်များ ဖြစ်ပေါ် စေခဲ့သည်။

အစိုးရသက်တမ်း ဒုတိယအကြိမ် ပြန် လည်တာဝန်ထမ်းဆောင်မည့် NLD အစိုးရ သစ်လက်ထက်တွင်လည်း ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ယခင် လုပ်ငန်း တာဝန်နှစ်ခုကိုပင် ဆက်လက်အကောင်အ ထည်ဖော်ရမည်ဖြစ်သည်။

တစ်ခုမှာ NCA စာချုပ်တွင် လက်မှတ် ရေးထိုးရန် ကျန်ရှိနေသေးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုး နိုင်ရေး ကြိုးစားဆောင်ရွက်ခြင်းဖြစ်သည်။

ဒုတိယတစ်ခုမှာ NCA စာချုပ်တွင် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်ခြင်း နှင့်အတူ ဖက်ဒရယ်ပြည်ထောင်စုတည် ဆောက်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေး ခြင်း ဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့သည် အစုအဖွဲ့အသီးသီး တွင် တာဝန်ရှိသော လုပ်ငန်းစဉ်များ ဖြစ်ကြသည်။ ထို့ကြောင့် မည်သည့်အစုအဖွဲ့က ငြိမ်းချမ်းရေးကို ပိုမိုထိရောက်စွာ ဆောင် ရွက်နိုင်သည်ကို ပြည်သူလူထုက မျက်ဝါးထင်ထင် စောင့်ကြည့်အကဲခတ်ခွင့် ရတော့မည်ဖြစ်သည်။            

 

 

 

Most Read

Most Recent