၂၀၁၈ ခုနှစ် သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်လာသော ငွေကြေးဖောင်းပွမှုနှုန်း၊ ပြန်လည်ကျရိပ်ပြလာသော ကုန်ပစ္စည်းနှင့် စရိတ်စကစျေးနှုန်းများ

၂၀၁၈ ခုနှစ် သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးနှုန်းဖြစ်လာသော ငွေကြေးဖောင်းပွမှုနှုန်း၊ ပြန်လည်ကျရိပ်ပြလာသော ကုန်ပစ္စည်းနှင့် စရိတ်စကစျေးနှုန်းများ
ရန်ကုန်မြို့တစ်နေရာတွင် တွန်းလှည်းဖြင့် စျေးရောင်းချနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ZZA)
ရန်ကုန်မြို့တစ်နေရာတွင် တွန်းလှည်းဖြင့် စျေးရောင်းချနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ZZA)
Published 15 November 2020
စည်သူအောင်

ငွေကြေးဖောင်းပွမှုနှုန်းသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို အကဲဖြတ်ရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိစေရန် ထိုက်သင့်သော ငွေကြေးဖောင်းပွမှုရှိရန် လိုအပ်သကဲ့သို့ လွန်ကဲသော ငွေကြေးဖောင်းပွမှုကြောင့် နိုင်ငံများ ကာလကြာရှည် မတည်မငြိမ် ဖြစ်စေနိုင်သည်။ ငွေကြေးဖောင်းပွမှုကို တိုင်းတာမှု အမျိုးမျိုးရှိပြီး ယေဘုယျအားဖြင့် အထွေထွေစျေးနှုန်းများ ကာလကြာရှည် မြင့်တက်မှု သို့မဟုတ် နိုင်ငံတစ်ဝန်း လူနေမှုစရိတ်များ မြင့်တက်မှုဖြစ်သည်။ ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွမှုနှုန်းထက် ကျော်လွန်ပါက ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး ဖြည့်ဆည်းနိုင်စွမ်းကို ဆိုးရွားစွာ ထိခိုက်စေသည်။ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ငွေကြေးဖောင်းပွမှုနှုန်း ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် ငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်၍ တဖြည်းဖြည်းပြန်လည်ကျဆင်းခဲ့ရာ စက်တင်ဘာလတွင် ၂၀၁၈ ခုနှစ် သြဂုတ်လနောက်ပိုင်း အနိမ့်ဆုံးအဖြစ် ၅ ဒသမ ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းလာခြင်း ဖြစ်သည်။

ခုနစ်လဆက်တိုက် ပြန်လည်ကျဆင်းခဲ့သော ငွေကြေးဖောင်းပွမှုနှုန်း

၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၅ ဒသမ ၈၁ ရာခိုင်နှုန်းရှိပြီး ငွေကြေးဖောင်းပွမှုနှုန်း ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ခုနစ်လဆက်တိုက် ပြန်လည်ကျဆင်းလာကြောင်း ဗဟိုစာရင်းအင်းအဖွဲ့က ထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းအခြေအနေတွင် ဖော်ပြထားသည်။

ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းသည် ၂၀၁၈ ခုနှစ် ဧပြီမှစ၍ ၂၀၁၉ ခုနှစ် စက်တင်ဘာအထိ ၁၈ လ ဆက်တိုက် မြင့်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာနှင့် နိုဝင်ဘာတွင် အနည်းငယ်ပြန်ကျပြီး ၂၀၁၉ ခုနှစ် ဒီဇင်ဘာ၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီတွင် ပြန်လည်မြင့်တက်ခဲ့ကာ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်နှင့် သြဂုတ်၊ စက်တင်ဘာ (ခုနစ်လဆက်တိုက်) တွင် ပြန်လည်ကျဆင်းခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation) မှာ ၅ ဒသမ ၈၁ ရာခိုင်နှုန်းဖြစ်ပြီး အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း (Annual Rate of Inflation-Core Inflation) မှာ ၁၁ ဒသမ ၂၃ ရာခိုင်နှုန်းရှိသည်။ နှစ်အလိုက် ငွေကြးဖောင်းပွမှုနှုန်း (Year on Year Inflation) မှာ၂ ဒသမ ၀၃ ရာခိုင်နှုန်းဖြစ်ပြီး  အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်း (Year on Year Inflation-Core Inflation) မှာ ၄ ဒသမ ၇၄ ရာခိုင်နှုန်းရှိသည်။

၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် (၂၀၁၉ ခုနှစ် စက်တင်ဘာမှ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ) တစ်နှစ်တာ ကာလအတွင်းဖြစ်ပေါ်ခဲ့သော တစ်နိုင်ငံလုံး၏ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းကို လေ့လာပါက ၂၀၁၉ ခုနှစ် ဇွန်လတွင် ၉ ဒသမ ၅၁ ရာခိုင်နှုန်းရှိခဲ့ရာမှ ဇူလိုင်တွင် လျှပ်စစ်ဓာတ်အားခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁၀ ဒသမ ၈၇ ရာခိုင်နှုန်းသို့ ဆက်လက်မြင့်တက်လာခဲ့သည်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ဖြစ်ပွားလာမှုအစပြု၍ အိမ်ထောင်စုများ၏ သုံးစွဲမှုလျော့နည်းလာခြင်းနှင့် လောင်စာဆီစျေးနှုန်းများ ကျဆင်းလာခြင်းကြောင့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းများ ကျဆင်းလာခဲ့ရာ စက်တင်ဘာလတွင် ၂ ဒသမ ၀၃ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့သည်။

တစ်နိုင်ငံလုံးအတွက် ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် စားသုံးသူစျေးဆနှုန်းအပေါ် အခြေခံတွက်ချက်ထားသော ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ တစ်နှစ်ပျမ်းမျှ ၅ ဒသမ ၈၁ ရာခိုင်နှုန်းရှိ၍ ၂၀၂၀ ပြည့်နှစ် သြဂုတ်လအထိ တစ်နှစ်ပျမ်းမျှ ၆ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့် နှိုင်းယှဉ်ပါက ၀ ဒသမ ၆၂ လျော့နည်းလာခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအထိ ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းများကို လေ့လာပါက ၂၀၁၉ ခုနှစ် စက်တင်ဘာတွင် ၈ ဒသမ ၆၁ ရာခိုင်နှုန်း ရှိခဲ့ရာမှ တဖြည်းဖြည်းမြင့်တက်လာပြီး ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၉ ဒသမ ၂၀ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်ပေါ်ခဲ့သည်။ သို့သော် ၂၀၂၀ ပြည့်နှစ် မတ်လတွင် မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ရောဂါ သက်ရောက်မှုကြောင့် ပြည်သူများ သုံးစွဲမှုကျဆင်းပြီး စားသုံးသူ စျေးဆနှုန်း တိုးနှုန်းအရှိန်လျော့နည်းလာသဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ  ၅ ဒသမ ၈၁ ရာခိုင်နှုန်းသို့ ကျဆင်းလာခဲ့သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်းမှာ ဧရာဝတီတိုင်းဒေသကြီးတွင် ၁၀ ဒသမ ၈၃ ရာခိုင်နှုန်းဖြင့် ပထမအမြင့်ဆုံး၊ မန္တလေးမြို့တွင် ၉ ဒသမ ၅၄ ရာခိုင်နှုန်းဖြင့် ဒုတိယအမြင့်ဆုံး၊ ပြည်ထောင်စုနယ်မြေတွင် ၇ ဒသမ ၄၈ ရာ ခိုင်နှုန်းဖြင့် တတိယအမြင့်ဆုံး အသီးသီးဖြစ်ပေါ်ခဲ့သည်။ နှစ်အလိုက်ငွေကြေးဖောင်းပွမှုနှုန်းမှာ ပြည်ထောင်စုနယ်မြေတွင် ၅ ဒသမ ၅၃ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အများဆုံးဖြစ်ပေါ်ခဲ့ပြီး မွန်ပြည်နယ်တွင် - ၂ ဒသမ ၈၀ ရာခိုင်နှုန်းဖြင့် ပြောင်းလဲမှုရာခိုင်နှုန်း အနည်းဆုံး ဖြစ်ပေါ်ခဲ့သည်။

ယခင်နှစ်ကာလတူထက် ၂ ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့သော စားသုံးသူစျေးဆနှုန်း (CPI)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာတွင် စားသုံးသူစျေးဆနှုန်း (CPI) ၁၆၃ ဒသမ ၁၀ ရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂ ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့မှထုတ်ပြန်သည့် စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း အခြေအနေအရ သိရသည်။

ယခင်လနှင့် နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် အိမ်အသုံးအဆောင်ပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်း စရိတ်အုပ်စု၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စုတို့မှာ အနည်းငယ်မြင့်တက်ခဲ့ပြီး အစားအစာအုပ်စု၊ ကျန်းမာရေးအုပ်စု၊ ပြင်ပအစားအသောက်အုပ်စုနှင့် အထွေထွေ ကုန်ပစ္စည်းအုပ်စုတို့မှာ သိသာစွာ မြင့်တက်ခဲ့သည်။ အဝတ်အထည်အုပ်စု၊ ဆက်သွယ်ရေးအုပ်စုနှင့် ပညာရေးအုပ်စုတို့မှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေပြီး ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စုနှင့် သယ်ယူပို့ဆောင်ရေးအုပ်စုတို့မှာ ယခင်လကထက် ကျဆင်းနေသည်။

စားသုံးသူစျေးဆနှုန်း၏ လအလိုက် ပြောင်းလဲမှုအခြေအနေမှာ ၂၀၁၂ ခုနှစ် အခြေခံနှစ်ဖြင့် တွက်ချက်ထားသော ၂၀၂၀ ပြည့် နှစ် စက်တင်ဘာလအတွက် တစ်နိုင်ငံလုံး၏ အစားအစာအုပ်စုအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၇၆ ဒသမ ၅၁ ဖြစ်ပြီး အစားအစာ မဟုတ်သောအုပ်စုအတွက် စားသုံးသူ စျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၄ ရှိသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် အုပ်စုအားလုံးအတွက် စားသုံးသူစျေးဆနှုန်းမှာ ၁၆၃ ဒသမ ၁၀ ဖြစ်ပြီး ယခင်လ၏ စားသုံးသူစျေးဆနှုန်း ၁၆၂ ဒသမ ၀၅ နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၆၅ ရာခိုင်နှုန်း မြင့်တက်လာသည်။ Core Inflation တွက်ချက်ရန် စျေးနှုန်းတည်ငြိမ်မှု မရှိသည့် အစားအစာအုပ်စုနှင့် လောင်စာဆီ စျေးနှုန်းများမပါဝင်ဘဲ တွက်ချက်ထားသော ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ၏ စားသုံးသူစျေးဆနှုန်း (Core CPI) မှာ ၁၄၅ ဒသမ ၇၁ ဖြစ်ရာ ယခင်လ၏ Core CPI ဖြစ်သည့် ၁၄၅ ဒသမ ၄၈ နှင့်နှိုင်းယှဉ်ပါ က ၀ ဒသမ ၁၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

စားသုံးသူစျေးဆနှုန်း၏ နှစ်အလိုက် ပြောင်းလဲမှုအခြေအနေကို လေ့လာပါက ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ၏စားသုံးသူ စျေးဆနှုန်းမှာ ၁၆၃ ဒသမ ၁၀ ဖြစ်သဖြင့် ယခင်နှစ်အလားတူလ၏အခြေအနေ ၁၅၉ ဒသမ ၈၅ နှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၀၃ ရာခိုင်နှုန်း မြင့်တက်လာသည်။ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ၏ Core CPI မှာ ၁၄၅ ဒသမ ၇၁ ဖြစ်ရာ ယခင်နှစ်အလားတူလ၏ Core CPI အခြေအနေ ၁၃၉ ဒသမ ၁၂ နှင့် နှိုင်းယှဉ်ပါက ၄ ဒသမ ၇၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလတွင် အစားအစာမဟုတ်သော အုပ်စု၏ စျေးဆနှုန်းမှာ ၁၄၄ ဒသမ ၂၄ ဖြစ်သဖြင့် ယခင်လ အခြေအနေနှင့်နှိုင်းယှဉ်ပါက ပြောင်းလဲမှု မရှိဘဲတည်ငြိမ်နေသည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်း မြန်မာကျပ်ငွေနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းများမှာ ယခင်လကထက် ၃၅ ကျပ်ခန့်ကျဆင်းလျက်ရှိပြီး လွန်ခဲ့သောနှစ် အလားတူကာလထက် ၁၇၆ ကျပ်ခန့် ကျဆင်းနေသည်။ ထို့အတူ ပြည်ပမှတင်သွင်းသည့် ဓာတ်ဆီစျေးနှုန်းမှာ ယခင်လကထက် အနည်းငယ်ကျဆင်းလာခဲ့သည်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွက် ထုတ်ပြန်ထားသော တစ်နိုင်ငံလုံး၏ စားသုံးသူစျေးဆနှုန်းနှင့် ငွေကြေးဖောင်းပွမှုနှုန်း စိစစ်ချက်အရ ၂၀၁၉ ခုနှစ် စက်တင်ဘာလကထက် အစားအစာအုပ်စု ၂ ဒသမ ၂၆ ရာခိုင်နှုန်း၊ ဆေးလိပ်နှင့် အဖျော်ယမကာအုပ်စု ၃ ဒသမ ၈၀ ရာခိုင်နှုန်း၊ အဝတ်အထည်အုပ်စု ၂ ဒသမ ၁၉ ရာခိုင်နှုန်း၊ အိမ်လခနှင့် အိမ်ပြင်ခအုပ်စု ၁ ဒသမ ၇၁ ရာခိုင်နှုန်း၊ အိမ်အသုံးအဆောင်စျေးနှုန်းနှင့် ပြုပြင်ထိန်းသိမ်းစရိတ်အုပ်စု ၃ ဒသမ ၁၃ ရာ ခိုင်နှုန်း၊ ကျန်းမာရေးအုပ်စု ၅ ဒသမ ၁၁ ရာခိုင်နှုန်း၊ အပန်းဖြေခြင်းနှင့် ယဉ်ကျေးမှုအုပ်စု ၁ ဒသမ ၆၂ ရာခိုင်နှုန်း၊ ပညာရေးအုပ်စု ၁ ဒသမ ၀၅ ရာခိုင်နှုန်း၊ ပြင်ပအစားအသောက်အုပ်စု ၈ ဒသမ ၀၇ ရာခိုင်နှုန်း၊ အထွေထွေ ကုန်ပစ္စည်းအုပ်စု ၅ ဒသမ ၁၀ ရာခိုင်နှုန်း၊ အစားအစာမဟုတ်သောအုပ်စု ၁ ဒသမ ၆၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ငွေကြေးဖောင်းပွမှုနှုန်း ကာလကြာရှည်မြင့်မားနေခြင်းသည် ငွေကြေးဆိုင်ရာမူဝါဒမှားယွင်းမှု၊ ငွေကြေးရိုက်ထုတ်မှုများပြားမှု၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်မှု၊ နိုင်ငံ့ငွေတန်ဖိုးကျဆင်းမှု၊ ဝယ်လိုအား သို့မဟုတ် ရောင်းလိုအား အဆမတန်မြင့်တက်မှု၊ အနိမ့်ဆုံးလုပ်ခ လစာနှုန်း၊ စားနပ်ရိက္ခာ စျေးနှုန်းများ မြင့်တက်မှု၊ ရေနံစျေး၊ လျှပ်စစ်ဓာတ်အားခကဲ့သို့ အခြေခံစျေးနှုန်းများ မြင့်တက်မှု၊ သဘာဝဘေး အန္တရာယ်ကျရောက်မှု၊ အရင်းအနှီးစျေးကွက်၊ စတော့စျေးကွက်များ ကမောက်ကမဖြစ်ပေါ်မှု၊ ဘဏ်တိုးနှုန်း ပြောင်းလဲမှု၊ အစိုးရ အသုံးစရိတ်များပြားမှု၊ ကောလာဟလ သတင်းများဖြစ်ပေါ်မှု၊ ပြည်သူများ၏ နိုင်ငံ့စီးပွားရေးအပေါ် ယုံကြည်စိတ်ပျောက်ဆုံးမှု စသည့်အကြောင်းအရာများနှင့် သက်ဆိုင်နေသည်။

ငွေကြေးဖောင်းပွမှုနှုန်းသည် ယခင်အစိုးရလက်ထက်ကကဲ့သို့ ဂဏန်းနှစ်လုံးသို့ မရောက်သေးသော်လည်း ကိုးရာခိုင်နှုန်းကျော် အထိရောက်ခဲ့ခြင်းကြောင့် ဂဏန်းနှစ်လုံးနှုန်းဖြစ်ရန် နီးကပ်နေပြီဖြစ်ရာ အစိုးရအနေဖြင့် ထိန်းကျောင်းနိုင်ရန် ပြင်ဆင်ထားရမည်ဖြစ်သည်။ ငွေကြေးဖောင်းပွမှုနှုန်းကို လျှော့ချရန်ရည်ရွယ်သည့် မူဝါဒသည် ငွေကြေးဖောင်းပွမှုဖြစ်ပွားရသည့် အကြောင်းရင်းအပေါ် မူတည်ခြင်းကြောင့် အနာနှင့် ဆေးတည့်ရန် လိုအပ်သည်။ လက်ရှိငွေကြေးဖောင်းပွမှုနှုန်း လျော့ကျလာသော်လည်း  ယင်းနှုန်းသည်ပင် ဘဏ်တိုးနှုန်းထက် ကျော်လွန်နေသေးရာ ငွေကြေးစျေးကွက်၊ အရင်းအနှီးစျေးကွက်နှင့် နိုင်ငံ့စီးပွားရေး တည်ငြိမ်ရေးအတွက် ရှိသင့်ရှိထိုက်သည့် ငွေကြေးဖောင်းပွနှုန်းတစ်ရပ် ဖြစ်အောင် အစိုးရနှင့် ဗဟိုဘဏ်တို့ ထိန်းကျောင်းရဦးမည်ဖြစ်သည်။

Most Read

Most Recent