၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲအဖြစ် သတ်မှတ်၍မရကြောင်း NDF ပါတီ ထုတ်ပြန်

၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲအဖြစ် သတ်မှတ်၍မရကြောင်း NDF ပါတီ ထုတ်ပြန်
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံတစ်ခုတွင် နိုဝင်ဘာ ၈ ရက်က ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံတစ်ခုတွင် နိုဝင်ဘာ ၈ ရက်က ဆန္ဒမဲပေးရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
Published 11 November 2020
ဉာဏ်လင်းထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် သတ်မှတ်၍မရကြောင်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က နိုဝင်ဘာ ၁၀ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

နိုဝင်ဘာ ၈ ရက်က ကျင်းပပြီးစီးသည့် အထွေထွေရွေးကောက်ပွဲသည် သန့်ရှင်းလွတ်လပ်၍ မျှတသော ရွေးကောက်ပွဲမဟုတ်ကြောင်းကို အကြောင်းအချက် ၁၇ ချက် ထည့်သွင်းဖော်ပြပြီး ရွေးကောက်ပွဲဆိုင်ရာအထူးကြေညာချက်ဟု NDF ပါတီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရွေးကောက်ပွဲဟာ လက်ခံနိုင်ဖွယ်ရှိတဲ့ ရွေးကောက်ပွဲ၊ အောင်မြင်ပြည့်စုံတဲ့ ရွေးကောက်ပွဲ၊ လူထုဆန္ဒကို အမှန်အတိုင်းရရှိအောင် ဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲမဖြစ်တဲ့အတွက်ကြောင့်မို့ ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီးတော့ ရွေးကောက်ပွဲကိုလည်း လက်မခံဘူးဆိုတဲ့ သဘောကနေထုတ်တာပါ” ဟု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ပြောကြားသည်။

ရွေးကောက်ပွဲဆိုင်ရာ မဲဆွယ်စည်းရုံးရေးနှင့် မဲပေးသည့်ကိစ္စများတွင် မသမာမှုများကို ကြုံတွေ့၊ ကြားသိနေရ၍ NDF ပါတီအနေဖြင့် ပေါ်ထွက်လာသည့် ရွေးကောက်ပွဲရလဒ်များသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ဖြစ်ပေါ်စေခဲ့ကြောင်း လုံးဝလက်ခံယုံကြည်မှုမရှိဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရွေးကောက်ပွဲ မသမာမှုများအဖြစ် လက်ကမ်းစာစောင်ဖြန့်ဝေရန် တားမြစ်ခြင်း၊ တစ်ဦးတည်း နှစ်ကြိမ် မဲပေးခြင်း၊ သေဆုံးပြီး သူကိုယ်စား မဲလာရောက်ပေးခြင်းနှင့် ကြိုတင်မဲပေးခြင်း၊ အင်အားပြမဲဆွယ်မှုများကို သက်ဆိုင်ရာအာဏာပိုင်များကတားဆီးမှုနှင့် အရေးယူမှုမရှိခြင်း၊ COVID အကြောင်းပြုပြီး ရွေးကောက်ပွဲမဲဆွယ်မှုများ မပြုလုပ်နိုင်ရန် ဟန့်တားခြင်းများကို ပါတီထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

ထို့ပြင် မြို့နယ်အချို့တွင် အာဏာရပါတီဝင်များ မဲရုံကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်း၊ အာဏာရပါတီနှင့် အစိုးရက နိုင်ငံတော်ပိုင် မီဒီယာများကို နေ့စဉ်အသုံးပြုပြီး အစိုးရပုံရိပ်၊ ပါတီပုံရိပ်များကို အခြားပါတီများ မယှဉ်သာအောင် အသုံးချခွင့်ရခြင်း၊ COVID အကြောင်းပြုပြီး ရွေးကောက်ပွဲ ဥပဒေပြဋ္ဌာန်းချက်တွင် မပါဝင်သော အသက် ၆၀ ကျော်သူများကို အိမ်တိုင်ရာရောက် ကြိုတင်မဲကောက်ယူခွင့်ပြုခြင်းနှင့် လျှို့ဝှက်မဲပေးရမည့်အစား ဗြောင်မဲပေးစေခြင်း၊ အာဏာရပါတီဝင်များက မဲနှိပ်ရမည့်နေရာကို ပြသပေးခြင်းများရှိခဲ့သည်ဟု NDF ပါတီက ထုတ်ပြန်သည်။

NDF ပါတီနည်းတူ ရွေးကောက်ပွဲသည် လွတ်လပ်၊ တရားမျှတမှုမရှိကြောင်း လက်ခံယုံကြည်သည့် အခြားနိုင်ငံရေးပါတီ ၂၀ ခန့်နှင့် ရွေးကောက်ပွဲရလဒ်နှင့် ပက်သက်၍ မည်သို့ဆက်လက်ဆောင်ရွက်မည်ကို နိုဝင်ဘာ ၁၁ ရက်က ဆွေးနွေးညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း ဦးခင်မောင်ဆွေက ပြောကြားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအပါအဝင် ပါတီ ၂၀ ခန့် ပါဝင်သည့် အဆိုပါဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များအတိုင်း ပါတီအနေဖြင့် ရှေ့လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း ၎င်းက ဆိုသည်။

NDF ပါတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုရှိ မြို့နယ် ၃၈ မြို့နယ်တွင် ကိုယ်စားလှယ်လောင်း ၁၀၆ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး လက်ရှိမဲရလဒ်များအရ ပါတီအနေဖြင့် အနိုင်ရမဲဆန္ဒနယ်မရှိသေးကြောင်း သိရသည်။

ပြည်ခိုင်ဖြိုးပါတီကလည်း ရွေးကောက်ပွဲအပြီး မဲမသာမှုများထွက်ပေါ်နေ၍ မြို့နယ်ကော်မရှင် အဖွဲ့ခွဲများတွင် မဲစာရင်းပုံစံ (၁၉) လက်မှတ်ရေးထိုးခြင်းမပြုရန်နှင့် ကန့်ကွက်ရန် ပါတီကိုယ်စားလှယ်လောင်းများကို နိုဝင်ဘာ ၉ ရက်က ညွှန်ကြားမှုရှိခဲ့သည်။

အထွေထွေရွေးကောက်ပွဲ တရားမမျှတဟုသက်သေ အထောက်အထားရှိပါက ကန့်ကွက်နိုင်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်က ပြောကြားသည်။

“သူတို့မှာရွေးကောက်ပွဲတရားမမျှတကြောင်း သက်သေအထောက်အထားရှိရင် ကန့်ကွက်နိုင်ပါတယ်။ ကန့်ကွက်ရင်တော့ ကျွန်တော်တို့ ဥပဒေကြောင်းအရ ရှင်းလင်းပါမယ်” ဟုဒေါက်တာမျိုးညွန့်က ပြောကြားသည်။