ကြိုတင်မဲပေးသည့် ရာခိုင်နှုန်းသည် မဲရုံတစ်ရုံချင်းစီတွင် မဲပေးခွင့်ရှိသူ၏ ၁၆ ရာခိုင်နှုန်းရှိဟု PACE အဖွဲ့ ထုတ်ပြန်

ကြိုတင်မဲပေးသည့် ရာခိုင်နှုန်းသည် မဲရုံတစ်ရုံချင်းစီတွင် မဲပေးခွင့်ရှိသူ၏ ၁၆ ရာခိုင်နှုန်းရှိဟု PACE အဖွဲ့ ထုတ်ပြန်
အောက်တိုဘာ ၂၉ ရက်က သင်္ဃန်းကျွန်းမြို့နယ်တွင်အသက် ၆၀ နှင့်အထက် ကြိုတင်မဲများ လိုက်လံကောက်ခံနေစဉ်  (ဓာတ်ပုံ-ကြည်နိုင်)
အောက်တိုဘာ ၂၉ ရက်က သင်္ဃန်းကျွန်းမြို့နယ်တွင်အသက် ၆၀ နှင့်အထက် ကြိုတင်မဲများ လိုက်လံကောက်ခံနေစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 9 November 2020
ဉာဏ်လင်းထွန်း

COVID-19 ဖြစ်ပွားမှုကြောင့် ကြိုတင်မဲပေးသည့် ရာခိုင်နှုန်းများမည်ဟု ရွေးကောက်ပွဲမတိုင်မီ ခန့်မှန်းကြသော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြိုတင်မဲပေးသည့် ရာခိုင်နှုန်းမှာ မဲရုံတစ်ရုံချင်းစီတွင် မဲပေးခွင့်ရှိသူ၏ ၁၆ ရာခိုင်နှုန်းသာရှိဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အဖွဲ့ တာဝန်ရှိသူများက ပြောကြား သည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွေ့ရှိချက်များနှင့်စပ်လျဉ်း၍ နိုဝင်ဘာ ၉ ရက်က ပြုလုပ်သည့်   သတင်းစာရှင်းလင်းပွဲ တွင် ယင်းအချက် ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ထင်တာတော့ ဒီထက်ပို ပြီးတော့မှ များမယ်ဆိုပြီးတော့မှ ခန့်မှန်းချက်တွေနဲ့  အများကြီးတွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခြုံပြီး ကြည့် မယ်ဆိုရင်တော့ မဲပေးခွင့်ရှိသူရဲ့ ၁၆ ရာခိုင် နှုန်းလောက်က ကြိုတင်မဲပေးခဲ့တာမျိုး အ ကြမ်းဖျဉ်းခန့်မှန်းကြည့်လို့ရတယ်” ဟု PACE  အဖွဲ့အမှုဆောင်ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

ယခု ရွေးကောက်ပွဲအတွက် ကြိုတင်မဲပေးရာတွင် ယခင် ရွေးကောက်ပွဲများနှင့်  ကွာခြားမှုအချို့ရှိပြီး COVID-19 အခြေ အနေကြောင့် မဲဆန္ဒနယ် ပြန်လည် မဲပေးခွင့် မရသူများ၊ အသက် ၆၀ အထက် မဲဆ န္ဒရှင် များအတွက် ကြိုတင်မဲပေးခြင်းများ ဖန်တီး ပေးခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ရွေးကောက်ပွဲ နည်းဥပဒေနှင့် လုပ်ထုံး လုပ်နည်းများအရ ကြိုတင်မဲပုံစံတစ်ခုဖြစ် သည့် ပုံစံ (၁၃ ) ကို မဲရုံပြင်ပတွင် ကပ်ထား ရမည်ဖြစ်သော်လည်း မဲရုံပြင်ပတွင် ပုံစံ (၁၃) မကပ်သည့် မဲရုံအချို့ရှိခဲ့သည်ဟု PACE တာဝန်ရှိသူက ဆိုသည်။

“အချို့နေရာတွေမှာ အဲဒီပုံစံကပ်ထားတာမျိုး မတွေ့ရဘူး။ ဒါကလည်း အရေးကြီး တဲ့ကိစ္စလို့  မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ မဲရလဒ်တွေ စုစည်းတဲ့အခါမှာ ဘယ်လောက် မဲပေးကြသလဲ ပြောတဲ့အခါမှာ ဒီဟာက အ ရေးကြီးတဲ့ကိစ္စလို့ မြင်တယ်” PACE အဖွဲ့ မှ ဦးစိုင်းရဲကျော်စွာမြင့်က ပြောကြားသည်။

PACE အဖွဲ့စောင့်ကြည့်လေ့လာခဲ့ သည့် မြို့နယ် ၃၀၁ မြို့နယ်တွင် ညနေ ၄ နာရီ မဲရုံမပိတ်မီအတွင်း ရောက်ရှိလာသည့် ကြိုတင်မဲများကို ရေတွက်ရာ ကြိုတင်မဲအပေါ်တွင် မှတ်သားထားသော အမှတ်အသား များကို ထင်ရှားစွာ တွေ့ရသော်လည်း မြို့နယ် ၁၈ မြို့နယ်တွင် အမှတ်အသားများ ထင်ရှား စွာတွေ့ရခြင်းမရှိသည်ကို တွေ့ရကြောင်း သိရသည်။

PACE အဖွဲ့၏ ရွေးကောက်ပွဲ စောင့် ကြည့်လေ့လာသူများ ပေးပို့ချက်အရ မြို့နယ် တိုင်းတွင် ကြိုတင်မဲများကို လုံခြုံစွာ သိမ်းဆည်းထားမှုရှိသည်ဟု ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် COVID-19 ဖြစ်ပွားမှုကြောင့် မဲဆန္ဒနယ် ပြန်လည်မဲပေးခြင်းမရှိနိုင်သူများကို ပုံစံ ၁၅ ဖြင့် ကြိုတင်မဲပေးစေခြင်းအပြင် အသက် ၆၀ အထက် သက်ကြီးမဲဆန္ဒရှင်များ၏ ကြိုတင်မဲကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကောက်ယူပေးခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်နှင့် ပတ်သက်၍ ရွေးကောက်ပွဲအကြိုကာလတွင် မေးခွန်း ထုတ်စရာများရှိခဲ့သော်လည်း ရွေးကောက်ပွဲ နေ့ စီမံခန့်ခွဲမှုတွင် တည်ငြိမ်၊ အေးချမ်းသည် ဟု ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှု အဖွဲ့ (PACE) အဖွဲ့ တာဝန်ရှိသူများက ပြောကြားသည်။

 

Most Read

Most Recent