ပဲခူးတိုင်းအတွင်း ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း အနိုင်ရခဲ့သည့် ဇီးကုန်းမြို့နယ် အပါအဝင် မဲဆန္ဒနယ်အားလုံးတွင် NLD ပါတီ အနိုင်ရ

ပဲခူးတိုင်းအတွင်း ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီမှ ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း အနိုင်ရခဲ့သည့် ဇီးကုန်းမြို့နယ် အပါအဝင် မဲဆန္ဒနယ်အားလုံးတွင် NLD ပါတီ အနိုင်ရ
Published 9 November 2020

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ၂၀၂၀ ရွေးကောက်ပွဲ မဲရလဒ်များ အားလုံးကို ထုတ်ပြန်ကြေညာခြင်း မရှိသေးသော်လည်း အောက်ခြေမှ ရရှိထားသော သတင်းအချက်လက်များအရ ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ပြည်ခိုင်ဖြိုးပါတီမှ ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်း အနိုင်ရရှိခဲ့သော ဇီးကုန်းမြို့နယ် အပါအဝင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အားလုံးတွင် NLD ပါတီမှ အနိုင်ရရှိထားကြောင်း သိရသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း ဇီးကုန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်ခိုင်ဖြိုးပါတီဝင် ဦးဉာဏ်ဝင်းမှာ အနိုင်ရရှိ၍ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အဖြစ် ငါးနှစ်တာ ဝန်ထမ်းဆောင်ခဲ့သည်။

ထို့အပြင် ၂၀၁၅ ​ရွေးကောက်ပွဲတွင် NLD ပါတီအနိုင်ရ၍ အစိုးရဖွဲ့နိုင်ခဲ့သော်လည်း ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းမှာ ဇီးကုန်းမြို့နယ်တွင် အနိုင်ရရှိ၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင် နိုင်ခဲ့သည်။

ယခု ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ ဇီးကုန်းမြို့နယ်တွင် လည်းကောင်း လက်ရှိ NLD ပါတီ၏ ဝန်ကြီးချုပ် ဦးဝင်းသိန်း ဝင်ရောက်ယှဉ်ပြိုင်သော ရေတာရှည်မြို့နယ်တွင် လည်းကောင်း ကရင်တိုင်းရင်းသား အများစု နေထိုင်ရာ ကျောက်ကြီးမြို့နယ်နှင့် ရွှေကျင်မြို့နယ်များ အပါအဝင် ပဲခူးတိုင်း ၂၈ မြို့နယ်၌ နေရာစုံတွင် အနိုင်ရရှိထားကြောင်း သိရသည်။

“UEC ကထုတ်ပြန်မှုတွေကတော့ မပြီးသေးပါဘူး။ ဒါပေမယ့် အောက်ခြေက တရားဝင် ပေးပို့ထားတဲ့ စာရင်းတွေအရ ပဲခူးတိုင်းဒေသကြီး တစ်ခုလုံး နေရာစုံမှာ​ နိုင်ထားပြီလို့ သိရတယ်။ ၂၀၁၅ တုန်းက NLD ရှုံးခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ဦးဉာဏ်ဝင်းနေရာ ဇီးကုန်းမြို့နယ်မှာလည်း မဲသိပ်မကွာပဲ ကပ်ပြီး အနိုင်ရထားတယ်လို့ သိရတယ်။ လက်ရှိဝန်ကြီးချုပ် ယှဉ်ပြိုင်တဲ့ ရေတာရှည်မြို့နယ်ရယ် ရွှေကျင်နဲ့ ကျောက်ကြီးမြို့နယ် တွေမှာလည်း အနိုင်ရရှိထားတယ်လို့ သိရပါတယ်” ဟု ပဲခူးတိုင်း NLD ပါတီ အောင်နိုင်ရေးအဖွဲ့ဝင် ပဲခူးမြို့နယ် အောင်နိုင်ရေးဥက္ကဋ္ဌ ပဲခူးမြို့နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစန်းမောင်မောင်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ကောက်ယူထားသော စာရင်းများအရ ပဲခူးတိုင်းဒေသကြီးအတွင်း မဲဆန္ဒရှင် ၃၈ ၈၀၇၄၈ ဦးနှင့် မဲရုံပေါင်း ၄၁၄၄ ရုံရှိကြောင်း သိရကာ ပဲခူးမြို့နယ် တစ်ခုတည်းတွင် မဲရုံ ၂၀၆ ရုံရှိပြီး မှော်လုံကျေးရွာ တစ်ရွာတည်းသာ NLD ပါတီမှ ရှုံးနိမ့်ခဲ့ပြီး ကျန်ရှိသော မဲရုံနယ်မြေ အားလုံးတွင် NLD ပါတီမှ မဲအသာဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

Most Read

Most Recent