ပါတီတွင်း အစီရင်ခံစာများအရ အစိုးရဖွဲ့နိုင်သော အရေအတွက် အနိုင်ရရှိနေကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပါတီတွင်း အစီရင်ခံစာများအရ အစိုးရဖွဲ့နိုင်သော အရေအတွက် အနိုင်ရရှိနေကြောင်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
မန္တလေးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် NLD ပါတီ ထောက်ခံသူများ အောင်ပွဲခံနေသည်ကို နိုဝင်ဘာ ၈ ရက် ညပိုင်းက တွေ့ရစဉ်
မန္တလေးမြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် NLD ပါတီ ထောက်ခံသူများ အောင်ပွဲခံနေသည်ကို နိုဝင်ဘာ ၈ ရက် ညပိုင်းက တွေ့ရစဉ်
Published 9 November 2020
ဉာဏ်လင်းထွန်း

တိုင်းနှင့် ပြည်နယ်များရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များ၏ အစီရင်ခံစာအရ အစိုးရဖွဲ့နိုင်သော အရေအတွက် အနိုင်ရရှိနေကြောင်း NLD ပါတီ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

“အတွင်းအစီရင်ခံစာတွေ အရတော့ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်ရပြီလို့ တွက်ထားပါတယ်။ အတွင်းအအစီရင်ခံစာဆိုတာ အဖွဲ့ချုပ် အဖွဲ့ဝင်တွေရဲ့ အစီရင်ခံစာပါ” ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

လက်ရှိ အနေအထားများအရ အစိုးရဖွဲ့ရန် လိုအပ်သည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အရေအတွက် ပြည့်မီပြီဟု သိရကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

“ကျွန်တော်တို့ ခန့်မှန်းတာတော့ ၃၂၂ နေရာ ပြည့်မီပြီလို့ ခန့်မှန်းထားတယ်” ဟု ဒေါက်တာ မျိုးညွန့်က ဆိုသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ပေါင်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၆၄ နေရာရှိပြီး ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မဲဆန္ဒနယ်များ နုတ်ပယ်လျှင် အစိုးရ ဖွဲ့စည်းနိုင်ရန် ကိုယ်စားလှယ် အနည်းဆုံး ၃၂၂ နေရာ အနိုင်ရရှိရန် လိုအပ်သည်။

NLD ပါတီ၏ နိုဝင်ဘာ ၉ ရက် နံနက် ၁၁ နာရီခွဲခန့်က ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော် ၂၃ နေရာနှင့် အမျိုးသားလွှတ်တော် တစ်နေရာ အနိုင်ရရှိနေကြောင်း သိရသည်။

အနိုင်ရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် ရန်ကုန်တိုင်းမှ မြို့နယ်အများစု ပါဝင်ပြီး စစ်ကိုင်း၊ ဧရာဝတီနှင့် မကွေးတိုင်းတို့ရှိ မဲဆန္ဒနယ်အချို့ ပါဝင်သည်။

အထွေထွေ ရွေးကောက်ပွဲ မတိုင်မီ ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းပြုပြီး အစိုးရနှင့် တပ်မတော် ပွတ်တိုက်မှု ရှိသော်လည်း ယခုကဲ့သို့ အစိုးရ ဖွဲ့စည်းနိုင်သည့် ရလဒ်အပေါ် စိုးရိမ်မှု မရှိဟု ဒေါက်တာ မျိုးညွန့်က ဆိုသည်။

“ကျွန်တော်တို့က ဥပဒေဘောင်အတွင်းက လုပ်တာဆိုတော့ ဘာမှ မစိုးရိမ်ပါဘူး။ အားလုံးက ဥပဒေကို လေးစားလိုက်နာမယ်ဆိုရင် ဘယ်လို ပြဿနာမှ မရှိနိုင်ပါဘူး” ဟု ၄င်းက ပြောကြားသည်။

အစိုးရဖွဲ့နိုင်သော အရေအတွက် ရရှိနေပြီဟု ခန့်မှန်းသော်လည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အတည်ပြုပြီးမှသာ စိတ်ချရမည်ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

 

Most Read

Most Recent