ကိုဗစ်ကြားက ရွေးကောက်ပွဲ

ကိုဗစ်ကြားက ရွေးကောက်ပွဲ
အ-ထ-က (၁) သင်္ဃန်းကျွန်းတွင် ဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်းနေသည်ကို နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
အ-ထ-က (၁) သင်္ဃန်းကျွန်းတွင် ဆန္ဒမဲပေးရန် တန်းစီစောင့်ဆိုင်းနေသည်ကို နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
Published 8 November 2020
ဇော်မင်းနိုင်

“လူနည်းနည်းလေး ချဲပေးပါခင်ဗျ။ သိပ်ကပ်လို့မရပါဘူး”

Hand Speaker ကိုင်ဆောင်ထားသူတစ်ဦးက အဆက်မပြတ်ညွှန်ကြားနေတဲ့ အသံပဲ ဖြစ်ပါတယ်။ ၁၅ မိနစ်ခန့်ကြာရင် အဲဒီအသံထွက်ပေါ်လာရင်တော့ လူတန်းကြီးက ခပ်ခွာခွာနေပေမဲ့ အချိန်နည်းနည်း ကြာလာရင်တော့ ပုံမှန်အတိုင်းပဲ ပြန်ဖြစ်သွားပါတယ်။

အဲဒီမြင်ကွင်းကတော့ နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းက လေးထောင့်ကန်လမ်းမကြီးပေါ်က အထက (၁) သင်္ဃန်းကျွန်းရှေ့မှာရှိနေတဲ့ မြင်ကွင်းပဲဖြစ်ပါတယ်။ အဲဒီကျောင်းထဲမှာ စုစုပေါင်းမဲရုံ ငါးခုရှိပြီးတော့ သင်္ဃန်းကျွန်း မြို့နယ် ဆ/က ရပ်ကွက်မှာနေထိုင်တဲ့သူတွေ မဲလာပေးရတဲ့နေရာပဲဖြစ်ပါတယ်။

အဲဒီကျောင်းဝင်းထဲမှာရှိတဲ့ မဲရုံမှာ တစ်ရုံကို အနည်းဆုံးလူတစ်ထောင်ကျော်မဲ ပေးရမှာဖြစ်ပြီးတော့ စုစုပေါင်းဆိုရင် မဲပေးနိုင်သူဦးရေ ခုနစ်ထောင်ကျော်ရှိပါတယ်။

“မနက် ၆ နာရီကတည်းက လာတန်းစီနေတာပါ။ အခုထိတော့ မပေးရသေးဘူး” လို့ သင်္ဃန်းကျွန်းမြို့နယ် ဆ/က ရပ်ကွက်မှာ နေထိုင်တဲ့ ကိုမင်းသူကပြောပါတယ်။

သူနဲ့အတူ သူ့အမျိုးသမီးလည်း မဲလာပေးခဲ့ပြီး ကိုဗစ်ကာလမှာ ကျင်းပတဲ့ ရွေးကောက်ပွဲဖြစ်တဲ့အတွက်ကြောင့် ကျန်းမာရေးက ညွှန်ကြားထားတဲ့အတိုင်း Mask, Face Shield တွေကို ဝတ်ဆင်လာတာကို တွေ့ရပါတယ်။

“Hand Jel လည်း ယူခဲ့တယ်” လို့သူက ဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်မှာ ပြုလုပ်တဲ့ မြန်မာ့ရွေးကောက်ပွဲဟာ COVID-19 ကပ်ရောဂါကူးစက်ခံရသူ ခြောက်သောင်းနီးပါးရှိလာချိန်မှာ ကျင်းပခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ်ပထမလှိုင်း စတင်ဖြစ်ပွားမှုကနေ ငြိမ်သက်နေတဲ့အချိန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ ကျင်းပမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ယင်းနောက်မှာတော့ COVID-19 ဒုတိယလှိုင်းမှာ စတင်ဖြစ်ပွားလာခဲ့ပြီးနောက် ရောဂါကူးစက်ခံရသူဦးရေမှာ တရိပ်ရိပ်မြင့် တက်လာခဲ့ပါတယ်။

အဲဒါကြောင့် နိုင်ငံရေးပါတီအချို့ကရွေး ကောက်ပွဲကို နောက်ဆုတ်ကျင်းပပေးဖို့ တောင်းဆိုမှုများရှိနေပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မူလသတ်မှတ်ထားတဲ့အတိုင်းပဲ ဆက်လက်ကျင်းပမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေ ပြုလုပ်တဲ့အခါမှာလည်း လူငါးဆယ်ထက်မပိုရဆိုတဲ့ အမိန့်တွေကိုထုတ်ပြန်ခဲ့ပေမဲ့လည်း နိုင်ငံရေးပါတီအချို့က လိုက်နာမှုအားနည်းခဲ့တဲ့ ဖြစ်စဉ်တွေက ၂၀၂၀ ရွေးကောက်ပွဲရဲ့ ပုံရိပ်တွေလို့ ဆိုရမှာပဲဖြစ်ပါတယ်။

COVID-19 ကပ်ရောဂါကူးစက်မှု မြင့်တက်လာတဲ့အတွက် နိုဝင်ဘာ ၈ ရက်မှာ မဲရုံကိုလာပေးတဲ့သူတွေ နည်းပါးစေဖို့အတွက် ကြိုတင်မဲပေးဖို့အတွက်လည်း ကော်မရှင်က သတ်မှတ်ခဲ့ပါတယ်။ Stay at Home သတ်မှတ်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့နယ်တွေနဲ့ အသက် ၆၀ အထက်သက်ကြီးရွယ်အိုတွေကို ကြိုတင်မဲပေးနိုင်ဖို့ စီစဉ်ခဲ့ရာမှာတော့ မဲမသမာမှုများ၊ ကြိုတင်မဲစာအိတ်များ ပေါက်ပြဲတဲ့ ကိစ္စတွေလည်း ဖြစ်ပွားခဲ့ပါတယ်။ အငြင်းပွားမှုတွေနဲ့ စတင်ခဲ့တယ်လို့ဆိုရမယ့် မြန်မာ့ရွေးကောက်ပွဲက ကပ်ရောဂါကာလမှာ ကျင်းပခဲ့တဲ့အတွက်ကြောင့် ရွေးကောက်ပွဲလွန်ကာလမှာ ကျန်းမာရေးအတွက် စောင့်ကြည့်ရမယ့် အခြေအနေလည်းဖြစ် တယ်လို့ဆိုရမှာပါ။

“၂၀၁၅ တုန်းကတော့ ဒီလောက်မစောင့်ရဘူး။ အခုက ကပ်ရောဂါကလည်းရှိနေတော့ စိုးရိမ်စိတ်တော့ရှိတာပေါ့” လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်တဲ့ ကိုအောင်ကျော်ဦးက ပြောပါတယ်။

ကိုအောင်ကျော်ဦးတို့ မိသားစုက မဲပေးဖို့အတွက် နံနက် ၇ နာရီခန့်ကတည်းကစောင့် ခဲ့ရပြီးတော့ နံနက် ၉ နာရီထိုးခါနီးအချိန်မှာတော့ မဲပေးရမယ့်အခန်းရှေ့နားကို ရောက်ရှိခဲ့ပါတယ်။

မဲပေးရမယ့်အခန်းထဲကို မဝင်ခင်မှာ ကြက်ခြေနီတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ကိုအောင်ကျော်ဦးရဲ့ အပူချိန်ကိုအရင်ဆုံး တိုင်းတာခဲ့ပြီးတော့ Mask အမျိုးအစား N95 တစ်ခုနဲ့ Face Shield တစ်ခုကို မဲရုံတာဝန်ရှိသူတွေက ထုတ်ပေးပါတယ်။ အဲဒီနောက်မှာတော့ လက်ဆေးရည်နဲ့ လက်ကိုဆေးခိုင်းပါတယ်။

“သူတို့ထုတ်ပေးတဲ့ Mask နဲ့ Face Shield ကို သုံးခိုင်းတယ်။ ဒါပေမဲ့ ကိုယ့်ဆီမှာလည်း ပါလာတော့ မယူလိုက်တော့ဘူး” လို့ ကိုအောင်ကျော်ဦးက ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးထဲမှာရှိတဲ့ မြို့ နယ်တော်တော်များများက မဲရုံတွေမှာတော့ Mask နဲ့ Face Shield တွေကို မဲလာပေးတဲ့သူတွေအတွက် ဖြန့်ဝေပေးနေတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။

မဲပေးချိန်မှာတော့ လူတစ်ဦးကို မဲပေးမှုကြာချိန်က အနည်းဆုံး ငါးမိနစ်နဲ့ ၁၀ မိနစ် အကြားကြာတာကို တွေ့ရှိရပြီးတော့ အလှည့်ကျတန်းစီရတာကတော့ မိမိရှေ့မှာ လူ ၅၀ ကျော်လောက်ရှိရင် အနည်းဆုံး တစ်နာရီ ကျော်ကြာ တန်းစီနေရတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ကိုဗစ်ကာလမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တစ်ဦးနဲ့ တစ်ဦး ခြောက်ပေအကွာနေရ မယ်ဆိုတာတွေနဲ့တော့ မြို့နယ်တော်တော်များများမှာ ကိုက်ညီမှုမရှိတာကို တွေ့ရပါတယ်။ မဲပေးရမယ့်အခန်းနားမရောက်မီမှာတော့ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာမှာရပ်ဖို့ စီစဉ်ထားပေမဲ့ မဲရုံပရိဝုဏ်ပြင်ပမှာ တန်းစီနေတဲ့သူတွေကတော့ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာမှာ ရပ်နေခြင်းမရှိတာကို တွေ့ရပါတယ်။

“ကြောက်တာတော့ မကြောက်ဘူး။ သတိတော့ ထားပြီးနေရတာပေါ့။ လူတွေက တစ်ယောက်နဲ့ တစ်ယောက် ကပ်နေတာဆိုတော့လေ” လို့ သင်္ဃန်းကျွန်းမြို့နယ် လေးထောင့်ကန်ရပ်ကွက်မှာရှိတဲ့ မဲရုံမှာ မဲလာပေးတဲ့ မစုစုအောင်က ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲလိုပဲ ၂၀၂၀ ရွေး ကောက်ပွဲမှာလည်း မဲလာပေးသူ အရေအတွက် လျော့ကျသွားခြင်းမရှိဘူးလို့ ရန်ကုန်တိုင်းအတွင်းက မြို့နယ်အချို့မှာရှိတဲ့ မဲရုံတာဝန်ရှိသူအချို့ထံက သိရပါတယ်။

“ကျွန်တော်တို့ဆီမှာ မဲပေးနိုင်တဲ့သူဦးရေက တစ်သောင်းလောက်ရှိတယ်။ အဲဒီထဲမှာ ကြိုတင်မဲက ၁၂၃၄ မဲရှိတယ်။ မနက်ပိုင်းမှာ မဲလာပေးတာ ငါးထောင်လောက်ရှိတယ်” လို့ ဒေါပုံမြို့နယ်နွယ်အေးရပ်ကွက်အတွင်းရှိ အလက ၄ ဒေါပုံတွင် ဖွင့်လှစ်ထားသည့်မဲရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အလားတူ အထက (၄) သင်္ဃန်းကျွန်းရှိ မဲရုံတွင်လည်း မဲပေးနိုင်သူ တစ်သောင်းကျော်ရှိပြီး အဲဒီစာရင်းထဲမှာ ကြိုတင်မဲနဲ့ မသန်စွမ်းဦးရေမဲဆန္ဒရှင်က ၁၇၀၀ နီးပါးရှိတယ်လို့ လေးထောင့်ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးမြိုင်က ပြောပါတယ်။

“မသန်စွမ်းမဲနဲ့ ကြိုတင်မဲက ၁၇၀၀ နီးပါးရှိတယ်။ အဲဒီတော့ ၈၃၀၀ လောက်ကျန်တယ်။ အခုထိမဲပေးထားတဲ့စာရင်းက နှစ်ထောင်ကျော်ပေးပြီးသွားပြီ” လို့ နိုဝင်ဘာ ၈ ရက် နံနက် ၁၁ နာရီခန့်က ပြောကြားသည်။

သာကေတမြို့နယ် ၅ ရပ်ကွက်ရှိမဲရုံမှာလည်း ဆန္ဒမဲပေးနိုင်သူဦးရေ ၅၈၀၀ ကျော်ရှိတဲ့အနက်မှ မွန်းလွဲပိုင်းအချိန်အထိ မဲလာပေးတဲ့သူ တစ်ဝက်နီးပါးခန့်ရှိပြီဖြစ်တယ်လို့ ရပ်ကွက်ကော်မရှင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တစ်ဝက်လောက်ရှိသွားပြီ။ ဒီမှာတော့ အေးဆေးပဲ။ လေးယောက်လောက်ပဲ မဲစာရင်းမှာမပါလို့ လာပြောတယ်။ အဲဒါမြို့နယ်ကို လှမ်းအကြောင်းကြားလိုက်တော့ အဆင်ပြေသွားတယ်” လို့ အဆိုပါ ကော်မရှင်တာဝန်ရှိသူက ဆိုပါတယ်။

ဒါပေမဲ့ ရွေးကောက်ပွဲနေ့မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ ရခိုင်တိုင်းရင်းသားအချို့ မဲပေးခွင့်မရတဲ့အခြေအနေတွေရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါ်ထုမေက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

“ရန်ကုန်တိုင်းရခိုင်တိုင်းရင်းသားရေးရာ မဲစာရင်းတွင်မပါဟု အကြောင်းပြချက်ဖြင့် ရခိုင်တိုင်းရင်းသားများအား မဲထည့်ခွင့်မပေးမှုကြောင့် တိုင်းရင်းသားအခွင့်အရေး ဆုံးရှံးမှုအပေါ် ရွေးကောက်ပွဲကော်မရှင်က တာဝန်ယူရမည်” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးမှာ COVID-19 ကူးစက်ခံရမှုအများဆုံးတိုင်းဒေသကြီး တစ်ခုဖြစ်ပြီးတော့ ရွေးကောက်ပွဲကျင်းပတဲ့အချိန်မှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Social Distancing နဲ့အညီ စနစ်တကျတန်းစီဖို့ ညွှန်ကြားထားပေမဲ့ မဲပေးတဲ့သူများတဲ့အတွက်ကြောင့် စည်းကမ်းနဲ့မညီတဲ့ အခြေအနေတွေကိုလည်း တွေ့ရှိခဲ့ပါတယ်။

ရောဂါကူးစက်မှုမြင့်တက်နေသည့်ကာလတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကော်မရှင်က သတ်မှတ်ထားပြီးဖြစ်သဖြင့် မဲပေးသည့်နေ့တွင် ခြောက်ပေအကွာ နေထိုင်ရမည်ဆိုသည့် သတ်မှတ်ချက်ကို လိုက်နာနိုင်ရန်မှာ ခက်ခဲကြောင်း တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီမှ ဦးကို ကိုကြီးက ပြောပါတယ်။

“ကော်မရှင်က ဒီနေ့ကျင်းပမယ်လို့ သတ်မှတ်ထားပြီး ကြေညာထားပြီးသားဖြစ် နေတဲ့အတွက်ကြောင့် မဖြစ်မနေမဲလာပေးရတဲ့သဘောဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခြောက်ပေအကွာကို လိုက်နာဖို့အခက်အခဲရှိပါတယ်။ ဘယ်လိုမှလိုက်နာဖို့ မသင့်ပါဘူး” လို့ ဦးကိုကိုကြီးကပြောပါတယ်။

COVID-19 ဒုတိယလှိုင်းမှာ ရောဂါပိုးကမျိုးဗီဇပြောင်းလဲလာတဲ့ အတွက်ကြောင့် ကူးစက်မှုနှုန်း ပိုမိုမြန်ဆန်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဆေးသုတေသနဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (သုတေသန) ဒေါက်တာမြတ်ထွန်းညွန့်က ပြောကြားထားပါတယ်။

အဲဒါကြောင့် ရွေးကောက်ပွဲလွန်ကာလမှာ COVID-19 ကူးစက်မှုမြင့်တက်မှုမရှိမရှိကိုတော့ စောင့်ကြည့်ရမယ့်အနေအထားလည်း ဖြစ်ပါတယ်။ အစိုးရက N-95 Mask များ၊ Face Shield များ ထောက်ပံ့ပေးတယ်ဆိုပေမဲ့ မဲလာပေးတဲ့သူများတဲ့အတွက်ကြောင့် ခဏခဏခပ်ခွာခွာနေဖို့ ပြောနေရတယ်လို့ အ-ထ-က (၁) သင်္ဃန်းကျွန်းကျောင်းရှေ့မှာ ရှိတဲ့သူကတော့ ပြောပါတယ်။

“ပြောပေမဲ့လည်း ခဏပဲ။ ဘယ်လိုမှ မရဘူး။ ခဏနေ လူတွေက ပြန်စုသွားတာပဲ” လို့ လက်တစ်ဖက်က Hand Speaker ကို ကိုင်ထားရင်း သူကပြောလိုက်ပါတယ်။

 

Most Read

Most Recent